၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝန်း သတင်းသမားတွေ စံချိန်တင် ဖမ်းခံခဲ့ရ

Worldwide journalists arrested (Photo: CPJ)

{{Zawgyi/Unicode}}

အခု ၂၀၂၁ ခုနှစ်မှာ ကမ္ဘာတဝှမ်းက သတင်းသမားအရေအတွက် စံချိန်တင်အောင်အကျဉ်းချခံရတဲ့ နှစ်ဖြစ်တယ်လို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ ကပြောလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း သတင်းထောက် ၂၉ ၃ ယောက် ဖမ်းဆီးခံရတဲ့ထဲမှာ မြန်မာနိုင်ငံက ၂၆ ယောက်ပါတယ်လို့ CPJ ရဲ့ အခုနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေ အသက်အန္တရာယ်ပါ ကြုံရတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ ရဲ့ ၂၀၂၁ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့အထိ ကမ္ဘာတဝှမ်းက သတင်းထောက် ၂၉၃ ဦး စံချိန်တင်အောင် ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ သတင်းထောက်တွေကို အများဆုံးဖမ်းဆီးခံရတာ တရုတ်နိုင်ငံမှာဖြစ်ပြီး စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက ဒုတိယအများဆုံးအဖြစ် သတင်းသမား ၂၆ ယောက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ CPJ ကပြောထားပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းသမားအများစုဟာ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံရ ပြစ်ဒဏ်ချခံရတယ်လို့ CPJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဆန္ဒပြပွဲတွေမှာ သတင်းယူနေတဲ့ သတင်းသမားတွေအပြင် အရင်ကသတင်းထောက်လုပ်ခဲ့ဖူးသူတချို့ပါ ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။ မြန်မာနိုင်ငံက သတင်းသမားတွေသာမကနိုင်ငံခြားသား သတင်းသမားတချို့လည်း ဖမ်းဆီးတရားစွဲခံခံ့ရပါတယ်။ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှု ဒါရိုက်တာ အမေရိကန်နိုင်ငံသား Danny Fenster ကိုဆိုရင် ထောင်ဒဏ် ၁၁နှစ် ပြစ်ဒဏ်ချမှတ်ပြီးမှ ပြန်လွှတ်ပေးခဲ့တာပါ။ ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့တုန်းကလည်း ကြည့်မြင်တိုင်မှာ ဆန္ဒပြနေသူတွေကို စစ်ကောင်စီဘက်က ကားနဲ့ဝင်တိုက်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့စဉ်အတွင်း သတင်းယူနေတဲ့ MPA သတင်းဌာနရဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းနဲ့ ကိုကောင်းဆက်လင်းတို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မမှူးရတနာခက်မို့မို့ထွန်းက ဦးခေါင်းမှာ အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ကိုကောင်းဆက်လင်းကတော့ ခါးအောက်ပိုင်း ဒဏ်ရာတွေရခဲ့ပါတယ်။ စစ်ဆေးရုံ မှာ ကုသမှုခံယူနေတဲ့ သူတို့ ၂ ယောက်လုံး မိသားစုနဲ့ တေ့ွခွင့် မရကြသေးပါဘူး။သူတို့ကို ဆေးကုသပြီးရင် တရားမစွဲဘဲ ပြန်လွှတ်ပေးဖို့ ဥပဒေအရ ကြိုးစားနေတယ်လို့ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေကပြောပါတယ်။

"မမှူးရတနာကတော့ ၆ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ပြန်ပြီးတော့ သတိလည်လာပြီး စကားတွေဘာတွေ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒဏ်ရာက ခွဲစိတ်ထားတာ ဖြစ်တဲ့အတွက် ဆေးရုံမှာပဲ ဆက်ရှိနေပါတယ်။ ကိုကောင်းဆက်လင်းကလည်း အလားတူပါပဲ၊ သူက ခါးရိုးနဲ့ တင်ပါးဆုံမှာရထားတဲ့ဒဏ်ရာ နည်းနည်းလေးပြင်းထန်တဲ့အတွက် အမှတ် ၂ စစ်ဆေးရုံမှာပဲ ဆက်ပြီးကုသနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ မိခင်သတင်းဌာနဖြစ်တဲ့ MPA ရဲ့ အယ်ဒီတာချုပ် ကိုဂျေပိုင်ကလည်းပဲ သတင်းမီဒီယာဥပဒေ ပုဒ်မ ၇ အရ သတင်းရယူစဉ်မှာ ဖမ်းဆီးခြင်းမရှိရဘူးဆိုတဲ့ ကင်းလွတ်ခွင့်အရ သတင်းမီဒီယာကောင်စီကိုလည်း သူ့ဘက်ကနေ တင်ပြထားပါတယ်။"

သတင်းသမားတွေ ဖမ်းဆီးအကျဉ်းကျခံထားရတာဟာ သတင်းဖတ်ပြည်သူတွေအတွက်ပါ သတင်းအချက်အလက် ရပိုင်ခွင့်နစ်နာတယ်လို့ စစ်အာဏာမသိမ်းခင် အရင် မီဒီယာကောင်စီလက်ထက်တုန်းက တွဲဘက်အတွင်းရေးမှူး တာဝန်ယူခဲ့တဲ့ သတင်းစာဆရာ ဦးမြင့်ကျော်က ပြောပါတယ်။

"ဒီဟာကတော့ သတင်းလွတ်လပ်ခွင့်အတွက် တော်တော်လေး ဆိုးရွားတဲ့အခြေအနေကို ပြနေတယ်လို့ ကျနော်တို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ သတင်းသမား ထောင်ဂဏန်းလောက်ပဲရှိတယ်၊ သောင်းဂဏန်းတောင် မပြည့်တဲ့အနေအထားမှာ ရာဂဏန်းလောက်ထိ အဖမ်းခံရတယ်၊ ဒါဇင်နဲ့ချီပြီးတော့ အထဲမှာထိန်းသိမ်းခံရတယ်ဆိုတဲ့ အနေအထားကတော့ အန္တရာယ်က တော်တော်လေးများနေတဲ့ အနေအထားလို့တော့ သုံးသပ်လို့ရတာပေါ့နော်။ လက်ရှိ သတင်းဌာနတွေ ရပ်ဆိုင်းသွားတာတွေကလည်း သတင်းသိပိုင်ခွင့်အတွက် အများကြီးဆုံးရှုံးတယ်လို့မြင်တယ်။ နောက်တခုကတော့ လက်ရှိမှာ သတင်းဌာနတွေ သတင်းတွေတင်နေသည့်တိုင်အောင် တချို့သတင်းတွေက လောလောဆယ်မှာ တကယ်ပြည့်စုံအောင် ထုတ်လုပ်နိုင်တဲ့သတင်းမျိုးတွေ မဟုတ်တဲ့ဟာမျိုးတွေ အများကြီးပဲပေါ့နော်။ အဲဒါတွေကတော့ ဒီအခြေအနေအောက်မှာ လုပ်ရတော့ အပြစ်တင်တဲ့သဘော မဟုတ်ပေမယ့် ပရိသတ်အတွက် အဖြစ်အပျက်တွေကို တခါတလေ ပြည့်ပြည့်စုံစုံသိဖို့ မလွယ်တော့တဲ့အနေအထားမျိုးကို သွားတွေ့ရတာပေါ့။"

တရားဥပဒေအရလို့ပြောပြီး အခုလို သတင်းအချက်အလက်ရယူနေသူတွေအပေါ် ဖမ်းဆီးတရားစွဲဆိုတာတွေရှိနေတဲ့အပေါ် ရှေ့နေဦးကြီးမြင့်က အခုလိုသုံးသပ်ပါတယ်။

"သူက ရိုးရိုးအာဏာသိမ်းတာ မဟုတ်ဘူး။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းက သိမ်းတယ်ဆိုပြီးတော့ ဥပဒေကို မမှန်မကန်ဖော်ပြပြီးတော့ အာဏာသိမ်းတာ။ အဲတော့ ၂၀၀၈ အခြေခံဥပဒေအရ သတင်းသမားတွေရဲ့ လွတ်လပ်ခွင့် နဲ့ ပတ်သက်လို့ အခြေခံဥပဒေအရ ပေးထားတဲ့အခွင့်အရေးတွေ ရှိတယ်။ ဒါပေမယ့် အဲဒါကို မလိုက်နာတော့ဘဲနဲ့ ဟိုက အခြေခံဥပဒေအရ သူ့ဘာသာသူရှိ၊ ငါတို့လည်း လုပ်ချင်တာလုပ်မယ်ဆိုတာ ဖြစ်သွားတာ။ အဲတော့ သူက သူသမ္မတဖြစ်ရေး၊ PR စနစ်ကျင့်သုံးရေး၊ အဲဒါကိုပဲ တစိုက်မတ်မတ်လုပ်သွားမှာပဲ။ အဲဒါကို အနှောင့်အယှက်ပေးမယ့်သူ မှန်သမျှ၊ အနှောင့်အယှက်ပေးတယ်လို့ ထင်တယ်ပေါ့လေ၊ ထင်တဲ့သူမှန်သမျှ သူကတော့ ချေမှုန်းသွားမှာပဲ။ အဲဒါကတော့ သူ့လမ်းစဉ်ပေါ့နော်။ အဲတော့ ကမ္ဘာကြီးကလည်း ဝိုင်းဝန်းရှုတ်ချပြီးတော့ ဒါကိုပြုပြင်ပြောင်းလဲဖို့တော့ တောင်းဆိုနေကြတာပေါ့နော်။"

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး တချို့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာခဲ့ကြပါတယ်။ ဒါပေမယ့် အခုချိန်မှာ အကျဉ်းထောင်ထဲ ဖမ်းဆီးခံထားရတဲ့သတင်းထောက် ၃၇ ယောက်ဝန်းကျင် ကျန်ရှိနေသေးတယ်လို့ စာရင်းပြုစုထားတဲ့ သတင်းထောက်တွေက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ကို ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကလည်း တောင်းဆိုထားကြပါတယ်။

Your browser doesn’t support HTML5

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတဝန်း သတင်းသမားတွေ စံချိန်တင် ဖမ်းခံခဲ့ရ

============

{{Zawgyi/Unicode}}












============