ကုလကိုယ်စားလှယ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပဋိပက္ခဒေသအခြေအနေများ ဆွေးနွေး

ကုလ ကိုယ်စားလှယ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ တွေ့ဆုံ (Myanmar State Counsellor Office)

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ လူသားချင်းစာနာမှုအကူအညီတွေ ရရှိနိုင်ရေးနဲ့၊ အကြမ်းဖက်ပဋိပက္ခတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ ပြည်ထောင်စုအဆင့် မောင်တောဒေသ အစိုးရစုံစမ်းရေးကော်မရှင်ကိုလည်း နေပြည်တော်မှာ တွေ့ခဲ့ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင် သတင်းပေးပို့ထားပါတယ်။

လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက်မြန်မာပြည်ကို ၅ ကြိမ်မြောက် ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပိုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။ ဒါ့အပြင် ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်အတွင်း မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

“လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကိစ္စ ၊ နောက်ပြီးတော့ ကချင်တို့ ရှမ်းမြောက်တို့မှာဖြစ်တဲ့ Humanitarian access ပိုရဖို့ ကိစ္စတို့ နောက်ပြီးတော့ အဲဒီဒေသမှာဖြစ်တဲ့ အခြေအနေတို့ နောက်ပြီးတော့ ရခိုင်ပြည်သူသွားခဲ့တဲ့ ခရီးစဉ် နောက်ပြီးတော့ မောင်တောမြောက်ပိုင်းသူသွားခဲ့တာ လေးတွေ သူအဲဒါတွေ ပြောပါတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးမြင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်ခင်ဗျ။”

Ms.YangHee Lee အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ်ကို ၃ ရက်တာ သွားရောက်လေ့လာခဲ့ပါတယ်။ ဒါပေမဲ့လို့ သူ့အနေနဲ့ တချို့နေရာတွေကို လုံခြုံရေးအခြေအနေကြောင့်ရော အချိန်အခက်အခဲကြောင့်ပါ သွားခွင့်မရခဲ့ပါဘူး။ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာလည်း ရခိုင်ပြည်အရေးနဲ့ ပက်သတ်လို့ အလေးထား ဆွေးနွေးခဲ့တာတွေ ရှိတယ်လို့ ဦးကျော်မိုးထွန်းက ဆက်ပြောပါတယ်။

“ မောင်တောမြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ဟာပေါ့နော် ၊ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့ဟာကိုတော့ သူက Strongly condemn လုပ်တယ်ဆိုတာလေး ပြောပါတယ်ခင်ဗျ။ နောက်ပြီးတော့ ခုနက ပြောသလိုပဲပေါ့နော် ဆက်စပ်ပြီးတော့ လုပ်တဲ့ကိစ္စတွေမှာ စွပ်စွဲမှုတွေရှိတဲ့ဟာကိုလည်း သူကြားသိရတယ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တချို့ဒေသတွေသွားတဲ့အခါမှာ သူမေးမြန်းခဲ့တယ်ဆိုတာလေး သူပြောပါတယ်ခင်ဗျ။”

ကုလအထူးကိုယ်စားလှယ်ဟာ မြန်မာပြည် ခရီးစဉ် စစချင်းမှာပဲ ကချင်ပြည်နယ်ဘက်ကို သွားရောက်ခဲ့ပေမယ့်လို့ အဲဒီ့ဒေသမှာလည်း တစ်ချို့နေရာတွေကို သွားခွင့်မရခဲ့ပါဘူး။မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးအောင်ကြည်ကတော့ ဒီကနေ့ Ms.Yanghee Lee နဲ့ တွေ့ဆုံစဉ်အတွင်း ရခိုင်ဒေသတွင်း လူ့အခွင့်အရေးအခြေအနေ ကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“သူတွေ့ရှိထားတဲ့ ရရှိထားတဲ့ သတင်းအချက်အလက်လေးတွေပေါ့လေ ဒါလေးတွေနဲ့ ပတ်သက်ပြီးတော့ အပြန်အလှန်ဆွေးနွေးကြတဲ့ သဘောပါပဲ။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ရဲ့ စစ်ဆေးတွေ့ရှိတဲ့ အတွေ့အကြုံလေးတွေ နောက်ပြီးတော့ အချိန်ကာလနည်းတဲ့အတွက် ကျနော်တို့က ခပ်သွက်သွက်လုပ်ခဲ့ရတာတွေ နောက်တခုကလည်း အနာဂတ်ကာလမှာပေါ့လေ ၊ ဒီအစည်းအဝေးမှာ ဝိုင်းဝန်းစဉ်းစားကြပြီးတော့မှ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်း စဉ်းစားထားတာလေးတွေပေါ့။”

နေပြည်တော်မှာရောက်နေတဲ့ ကုလအထူးကိုယ်စားလှယ်ဟာ ပညာရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာအပါအဝင် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ကော လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။ မနက်ဖြန်မှာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗီုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ရှိတယ်ဆိုပြီးလည်း သတင်းတွေ ထွက်ပေါ်နေပေမယ့်လို့ ကုလသမဂ္ဂဘက်ကတော့ ဒါကို အတည်ပြုမပြောကြားသေးပါဘူး။ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ သောကြာနေ့မှာတော့ သူ့ရဲ့ ၁၂ ရက်တာ မြန်မာပြည် လူ့အခွင့်အရေး အခြေအနေနဲ့ ပက်သတ်လို့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကုလကိုယ်စားလှယ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပဋိပက္ခဒေသအခြေအနေများ ဆွေးနွေး