သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ၄ မြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ဆင်ရေးတိုးချဲ့


Sagaing စစ်ကိုင်း / စစ်ကိုင်းတိုင်း
Sagaing စစ်ကိုင်း / စစ်ကိုင်းတိုင်း

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ကောင်းဆင့်ကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်နေကြသလို ကောင်းဆင့်ကျေးရွာကိုလည်း စစ်ကောင်စီတပ်တွေက မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေဘိုနဲ့ ဝက်လက်မြို့နယ် အစပ်နဲ့ ကန့်ဘလူမြို့နယ်ထဲက ရွာတွေမှာလည်း စစ်ကောင်စီစစ်ကြောင်းက နယ်မြေရှင်းလင်းရေးတွေကြောင့် ဒေသခံတွေ လက်နက်ကြီးထိမှန်သေဆုံးတာတွေရှိသလို ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေလည်း ရှိတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က ပြောပြပေးပါမယ်။

ယင်းမာပင်မြို့နယ် ကောင်းဆင့်ကျေးရွာကိုဖြတ်ပြီး ပုလဲဘက်ကို စစ်ကောင်စီစစ်ကား ၁၀၀ ကျော်လောက် တက်သွားတဲ့ ဇွန်လ ၁၆ ရက်နေ့ကတည်းက အဲ့ဒီတလျှောက်မှာ ရှိတဲ့ ရွာသားတွေ စစ်ရှောင်နေကြရပါတယ်။ အဲ့ဒီစစ်ကောင်စီယာဉ်တန်းက ပုလဲနယ်ဘက်ကို ဆက်သွားမဖြစ်ဘဲ ကောင်းဆင့်ရွာကို ပြန်ဝင်လာပြီး ဇွန်လ ၁၉ ရက်နေ့မှာအထိ ကောင်းဆင့်ရွာထဲမှာ တပ်စွဲထားခဲ့တာ ဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာတော့ ကောင်းဆင့်ရွာထဲက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်နေကြသလို ကျေးရွာကိုလည်း မီးရှို့နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဆရာတော်တပါးက ခုလိုမိန့်ပါတယ်။

“ပေလမ်းမပေါ်မှာရှိတဲ့ ကောင်းဆင့်ကျေးရွာကို မနက် ၈ နာရီခွဲ ၉ နာရီလောက်က မီးရှို့တယ်။ (မီးရှို့ပြီး) သူတို့ ရှေ့ကို ထွက်သွားတဲ့အချိန်မှာပဲ ဦးဇင်းအပါအဝင်ပေါ့နော်၊ ဒေသခံပြည်သူတွေက ဝိုင်းပြီးတော့ မီးငြိမ်းသတ်ကြတယ်ပေါ့နှော်။ အဲ့ဒီလို မီးငြိမ်းသတ်တယ်ဆိုရင်ပဲ သူတို့က အရှေ့ကနေ ပြန်ဝင်လာတယ်ပေါ့။ အဲ့လိုဝင် လာတဲ့အခါကျတော့ သူတို့ရဲ့ ပစ်ခတ်မှုတွေကြောင့်မို့လို့ ဦးဇင်းတို့လည်း အသက် လုပြီးတော့ ပြေးခဲ့ရပြီးတော့ ဒီခုတခါ ကျန်နေခဲ့တဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြင်းထန်စွာ တိုက်ပွဲဖြစ်နေတာ။”

စစ်ကောင်စီတပ်တွေရဲ့ မီးရှို့မှုကြောင့် ကောင်းဆင့်ရွာထဲက အိမ်ဘယ်နှလုံး မီးလောင်ခဲ့သလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ စစ်ကောင်စီစစ်ကြောင်း ရွာအနီးက ဖြတ်သွားကတည်းက ကောင်းဆင့်ရွာအနီးတဝိုက်က ကျေးရွာတွေကပါ စစ်ဘေးရှောင်နေကြတယ်လို့ အဲ့ဒီဆရာတော်က ဆက်ပြောပါတယ်။

“ပြေးရတာကတာ့ သူတို့ ဒီနားမှာ စစ်ကောင်စီယဉ်တန်း ၁၀၀ ကျော်ဖြတ်တယ်ဆိုရင်ပဲ ဒီလမ်းဘေးနားမှာရှတဲ့ ရွာပေါင်းများစွာပေါ့နှော်။ ယင်းမာပင်ကနေ ဒီဘက် ဆိုရင် ၄၊ ၅၊ ၆ ရွာလောက်ရှိမယ်ဗျ။ လူဦးရေ အားဖြင့်လည်း ထောင်ကျော်မှာပေါ့နှော်။ သူတို့တွေ(စကစ)က လမ်းဘေးမှာ တွေ့သမျှ ရွာတွေထဲကနေမှ ရေခဲသေတ္တာ၊ TV အဖိုးတန်ပစ္စည်းများနဲ့တကွ နောက်ဆုံး လက်ထိုးလွှကမကျန် စားပွဲ၊ ကုလားထိုင် အစရှိတဲ့ အိမ်သုံးပစ္စည်းမျိုးစုံကို ကားတွေနဲ့ တင်ယူလာတယ်ဗျ။”

ဇွန်လ ၁၈ ရက် စနေနေ့က ရွေဘိုခရိုင် ကျောက်မြောင်းတိုက်နယ်က စစ်ကောင်စီစစ်တပ်ဖွဲ့တွေက သမ္ဗာန် ၃ စီးနဲ့ လာပြီး ရွှေဘိုနဲ့ ဝက်လက်မြို့နယ်အစပ် ကုလားမကျေးရွာအုပ်စုထဲက လက်ကောက်ကျရွာအနီးမှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရတယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“စက်လှေ ၃ စင်းနဲ့ ကျောက်မြောင်းဘက်က ဆင်းလာပြီးတော့ ကုလားမကျေး ရွာကို သမ္ဗာန် ၃ စီးနဲ့လာပြီးတော့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ပေါ့၊ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လက်ကောက်ကျ ကျေးရွာက အောင်ဆန်းဝင်း အသက် ၃၆ နှစ်အရွယ်၊ အဲ့မှာ ပျူမြို့ဟောင်း အရှေ့ဘက်က ဘိုကုန်းမှာ ဆုံးတယ် လက်နက်ကြီးထိမှန်ပြီးတော့။ (ဝက်လက်မြို့နယ်ထဲက)ထုံးဘိုကုန်းရွာက အောင်ကြီးဆိုတဲ့ ကလေး သူကလည်း အသက် ၃၅ ဝန်းကျင်လောက်ပဲ။ သူလည်းသေတယ်၊ သူလည်း လက်နက်ကြီးမှန်တာပဲ။ ထုံးဘိုကုန်းကပဲ ခိုင်လင်းဆိုတဲ့ ကလေးကလည်း ညာဖက်လက်မောင်း လက်နက်ကြီးထိမှန်ပြီးတော့ လက်မောင်းအရင်းကနေ ဖြတ်ရတယ်။”

အဲ့ဒီ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့ လက်ကောက်ကျကျေးရွာ အနီးမှာ ၁ နာရီခွဲဝန်းကျင်လောက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြပြီးတော့ စစ်ကောင်စီတပ်တွေ ပြန်မဆုတ်ခင်မှာ လက်ကောက်ကျရွာက နေအိမ်မီးလောင်ဆုံးရှုံးလို့ တဲဆောက်ပြီး နေနေကြတဲ့ သူတွေရဲ့ တဲတွေကို မီးရှို့ဖျက်ဆီးထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်ကောက်ကျ ကျွန်းဆွယ်မှာ ပထမ မီးရှို့သွားလို့ ပြန်ဆောက်နေကြတဲ့ ကျွန်းဆွယ်လေးမှာ ပြန်ဆောက်နေတဲ့ နေအိမ်လေးတွေ မှန်သမျှ အကုန် မီးရှို့တယ်။ လက်ကောက်ကျရွာထဲက စစ်ရှောင်နေရတဲ့သူတွေ ကိုယ်ရွာကို ပြန်တက်ရပြီဆိုပြီးတော့ ယာယီတဲ့ဆောက်ပြီး နေနေတဲ့ဟာလေးတွေကို ထပ်ရှို့တာ။ အနည်းဆုံး ၉ လုံးထက်မနည်းပေါ့။”

ကန့်ဘလူမြို့နယ် မြောက်ခြမ်းမှာ ဇွန်လ ၈ ရက်နေ့က ဇော်ချောင်းကျေးရွာကို မီးရှို့ပြီး တက်သွားတဲ့ စစ်ကြောင်းက လမ်းတလျှောက် ကျေးရွာတွေက ဒေသခံတွေကို ဖမ်းဆီးသွားပြီး တချို့ကို ပြန်လွှတ်ပေးတာရှိသလို တချို့ကတော့ အလောင်းသာ ပြန်တွေ့ရတာတွေအများကြီးရှိခဲ့တယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့ တပတ်အတွင်းကဆိုရင် ဒီရွာတွေမှာ အများကြီး အသတ်ခံခဲ့ရတယ်။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကလည်း အရှေ့ချောင်းက ပြန်လာတဲ့ စစ်ကြောင်းကလမ်းမှာမိတဲ့ တင်မော်ရွာက ၅ ယောက်ကိုလည်း တခါတည်း သတ်သွားတယ်။ ဇော်ချောင်းကိုမီးရှို့ပြီး အင်ဂုံဘက်ကို တက်တဲ့စစ်ကြောင်းက အပြန်ပေါ့ဗျာ။ သူတို့က ချပ်သင်းကိုဝင်၊ ချပ်သင်းကနေမှ ဒုတိယတသုတ် ထပ်ထွက်၊ ထပ်ထွက်တဲ့အချိန် မှာမှ လမ်းမှာတွေ့တဲ့ ရွာက လူတွေကို ဘာပဲဆိုဆို သူတို့ကတော့ PDF ပေါ့ဗျာ၊...
.. ကျနော်တို့ ကျေးရွာ ပကဖ ပေါ့ဗျာ၊ အဲ့လို စွပ်စွဲပြီး တွေ့ရာလူဖမ်းပြီးတော့ မသင်္ကာတဲ့သူ့တွေ ဖမ်းပြီး သတ်ပစ်ခဲ့တာပဲ။ ဒီတိုင်း ကြိုးတုပ်ပြီးတော့။ တချို့ လည်း ပြန်လွတ်တာရှိသလို တချို့ကျတော့လည်း၊ တင်မော်တရွာပဲ ၅ ယောက်မှာ ၅ ယောက်လုံး သတ်ခံခဲ့ရတာပေါ့။ တချို့ရွာတွေကတော့ ၅ ယောက်ဖမ်းတာကို ၂ ယောက်လောက် ပြန်လွတ်တာတို့ဘာတို့ ရှိတယ်ဗျ။ အသေးစိတ်ကတော့ အကုန်လုံး လိုက်မရတာတွေလည်း ရှိတယ်ဗျ။ လူတွေ ပြန်စစ်လို့မရတာတွေပေါ့ဗျာ။ အင်ဂုံဘက်ကလည်း အဲ့မှာ တွေ့တဲ့ အရပ်သားတွေကို ဖမ်းလာတာရှိတယ်။ တိတိကျကျတော့ အယောက်ရေနဲ့ လူနဲ့ကျတော့ တွက်လို့မရဘူးဗျ ဘာလို့ဆိုတော့ စစ်ကြောင်းအနားကို ကပ်လို့မရတဲ့အတွက်လေ။ တချို့ကျတော့လည်း Dead Body တွေကို ၅ ရက်လောက်နေမှတို့၊ တော်တော်ကြာမှတို့ ပြန်ရှာမှတွေ့တာကိုးဗျ ကျနော်တို့လည်း။”

စစ်ကိုင်းတိုင်းအတွင်းမှာတော့ တိုင်းစစ်ဌာနချုပ်ထိုင်ရာ မုံရွာမြို့ ပတ်ပတ်လည်ဖြစ်တဲ့ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်စတဲ့ နေရာတွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့တာ တနှစ်ဝန်းကျင် ရှိနေပါပြီ။

PDF ဒေသခံကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေမှာ အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲပြီး နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကို တိုးပြီးလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=====================

[[Unicode]]















=====================

XS
SM
MD
LG