သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးစည်သူအောင်မြင့်အမှု အမိန့်ချရက် ရွှေ့ဆိုင်း 


ဗွီအိုအေပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်
ဗွီအိုအေပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်

[[Zawgyi/Unicode]]

ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်သူ ဦးစည်သူအောင်မြင့်အပေါ် ပုဒ်မ ၅၀၅-က နဲ့ တရားစွဲထားတဲ့အမှုအတွက် ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်မှာ အမိန့်ချဖို့ စီစဉ်ထားတာကို နောက်ထပ် သီတင်းနှစ်ပတ်ရွှေ့ဆိုင်းခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တော်တော်များများရဲ့အမှုတွေလည်း အပြီးသတ်စစ်ဆေးပြီးပြီဖြစ်လို့ မကြာခင် ပြစ်ဒဏ်တွေချမယ်လို့ ခန့်မှန်းရပါတယ်။ သတင်းထောက်တွေရဲ့ နောက်ဆုံး အခြေအနေ သိထားသမျှ ရန်ကုန်က ပေးပို့တဲ့သတင်းကို မစုမြတ်မွန်တင်ပြပေးထားပါတယ်။

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကိုတရားစွဲထားတဲ့ထဲက တပ်မတော်ပြို ကွဲအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က အမှုအတွက် အင်းစိန်အကျဉ်းထောင်ထဲမှာရှိတဲ့ ဗဟန်းမြို့နယ် အထူးတရားရုံးက ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ အမိန့်ချဖို့ စီစဉ်ထားပေမဲ့ နောက်ထပ် သီတင်းနှစ်ပတ် ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီအမှုကို အောက်တိုဘာလထဲက အပြီးသတ်အမိန့်ချဖို့ဖြစ်ပေမဲ့ အင်းစိန်ထောင်ထဲဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ဆေးမှုတွေရပ်နားထားခဲ့ရတာကြောင့် ရုံးချိန်းတွေ ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

“ဒီနေ့အမိန့်မချဖြစ်ဘူး။ ဆရာနဲ့တော့တွေ့တယ်။ နှစ်ပတ်ချိန်းလိုက်တယ်။ နောက် နှစ်ပတ်နေမှ အမိန့်ချမယ်လို့ တရားသူကြီးကပြောတာပဲ။ အမိန့်ချဖြစ် မချဖြစ်တော့မသိဘူး။ ဆရာနေကောင်းတယ်၊ အဆင်ပြေတယ်တဲ့။ မနက်ဖြန် ဗိုလ်တထောင်ခရိုင်ဘက်မှာရှိတယ်။”

နက်ဖြန်ရုံးချိန်းကတော့ ဗိုလ်တထောင်ခရိုင် တရားရုံးမှာ စွဲဆိုထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) အမှုအတွက်ဖြစ်ပါတယ်။ ဦးစည်သူအောင်မြင့်ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်က ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ယာတိုက်ခန်းတခုမှာ စစ်ကောင်စီက ဧည့်စာရင်းဝင် စစ်ရာကနေ ဖမ်းဆီးခံခဲ့ရတာပါ။ သူနဲ့အတူဖမ်းဆီးခံရတဲ့ သတင်းထောက် မထက်ထက်ခိုင်က ဦးစည်သူအောင်မြင့်အမှုအတွက် သက်သေထွက်ဖို့ရှိတယ်လို့ ရှေ့နေက ပြောပါတယ်။

“မနက်ဖြန် အမတို့ ထက်ထက်ကို ထောင်ထုတ်မိန့်နဲ့ သက်သေလိုက်ပေးဖို့ တင်ထားတယ်။ ထောင်ထုတ်မိန့်နဲ့ထွက်လာ ရ မရတော့မသိသေးဘူး။ မနက်ဖြန်မှ သိရမယ်။ ထွက်လာရင်တော့ သူ့ကိုစစ်မှာပေါ့။ သူပြီးရင် လျှောက်လဲချက်ပေါ့၊ နောက် နှစ်ချိန်း သုံးချိန်းလောက်ဆို အပြီးပိတ်ပေါ့နော်။”

ဦးစည်သူအောင်မြင့်ကို ပုဒ်မ ၅၀၅-က နဲ့ အမှု ၂ ခု ဖွင့် တရားစွဲထားပြီး ပုဇွန်တောင်မြို့နယ်တရားရုံးမှာ တရားစွဲတဲ့ ၁ မှုအတွက် အောက်တိုဘာကပဲ ထောင် ၃ နှစ် ပြစ်ဒဏ်ချခဲ့ပါတယ်။ လူမှုမီဒီယာပေါ်မှာ ဦးစည်သူအောင်မြင့် ရေးသားထားတဲ့စာသားက နိုင်ငံတော်နဲ့ တပ်မတော် ပြိုကွဲအောင်လှုံ့ဆော်ရေးသားမှု ဖြစ်စေခဲ့တယ်၊ နိုင်ငံတော်ကို အကြည်ညိုပျက်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး တပ်မတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ အမှု ၂ မှု၊ နောက်ပြီး နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ ၁မှု ပေါင်း ၃ မှုနဲ့စစ်ကောင်စီကတရားစွဲဆိုထားတာဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေကို တပ်မတော်နဲ့ အိမ်စောင့်အစိုးရအပေါ် မတရား ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကတော့ ဗွီအိုအေအတွက် ဦးစည်သူအောင်မြင့် ရေးသားပေးပို့တဲ့သတင်းဆောင်းပါးတွေဟာ အချက်အလက် အခြေခံ ရေးသားထားတာတွေပဲဖြစ်ပြီး ဗွီအိုအေကို သတင်းဆောင်းပါး ရေးသားပေးပို့လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတယ်ဆိုရင်တော့ သတင်းသမားတယောက်ကို မတရားဖမ်းဆီးတာပဲ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်း မီဒီယာ ၁၀ ခုကျော်ကို တရားဝင် ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတရားစွဲခဲ့ပါတယ်။ တခြားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တော်တော်များများရဲ့ အမှုတွေကိုလည်း အပြီးသတ်စစ်ဆေးပြီးပြီဖြစ်လို့ မကြာခင် ပြစ်ဒဏ်တွေချနိုင်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

အလွတ်တန်းသတင်းထောက်တဦးဖြစ်တဲ့ အလှလေးသူဇာကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က ပုဒ်မနဲ့ တရားစွဲဆိုခဲ့တာပါ။ သူ့ကိုလည်း အမှုစစ်ပြီးသွားပေမဲ့ အမိန့်တော့ မချသေးဘူးလို့ သူ့ရှေ့နေက ပြောပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၅၂-က နဲ့ တရားစွဲခံထားရတဲ့ ကိုစိုးရာဇာထွန်း အမှုမှာလည်း အပြီးသတ် ကြားနာမှုတွေ လုပ်နေပြီလို့ သူ့မိသားစုဝင်တဦးက ပြောပြပါတယ်။

“လောလောဆယ်ရုံးချိန်းက အချိန်း ၂၀ ကျော် ၃၀ နီးပါးဖြစ်နေပြီပေါ့။ ၁၈ ရက်နေ့ ရုံးချိန်းထပ်ချိန်းထားတယ်။ အမှုကတော့ ၅၂-က ကို အတည်ပြုစွဲထားပြီ၊ ကျဖို့တော့များသွားပြီဗျ။ ရှေ့နေတွေပြောချက်အရတော့ ၅ နှစ်ကနေ ၁၀ နှစ်အတွင်းလို့ပြောတယ်ဗျ။ သက်သေတွေတော့ အကုန်မပြီးသေးဘူးဗျ။ လွန်ခဲ့တဲ့ ရုံးချိန်းကတော့ ကျနော်မိသားစုဝင်အနေနဲ့ သက်သေသွားပြီးပြီဗျ။ အမှုတွေကတော့အခုလို ၈ လကျော် ၉ လနီးပါးဖြစ်ချိန် မိသားစုဝင်တွေအနေနဲ့တော့ ကုန်ကျမှုတွေများတာပေါ့။ တလတလကုန်တဲ့ရုံးချိန်းခတွေ၊ ထောင်ဝင်စာပို့တဲ့ပါဆယ်ခတွေက တော့ မိသားစုဝင်တွေအနေနဲ့ တော်တော်ကုန်ကျနေတယ်ပေါ့။”

သတင်းထောက် ကိုစိုးရာဇာထွန်းဟာ မဇ္ဈိမသတင်းဌာနအတွက် သတင်းတွေ ပေးပို့ခဲ့တဲ့သတင်းထောက် တယောက်ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စုစုပေါင်းဖမ်းဆီးခံရတဲ့ သတင်းသမား အယောက် ၁၀၀ ကျော်ရှိပြီး နောက်ထပ် သတင်းသမားတချို့ပါ ထပ်မံ ဖမ်းဆီးအရေးယူခံနေရဆဲပဲလို့ သတင်းလွတ်လပ်ခွင့် ကာကွယ်ရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။ ပြည်တွင်းသတင်းထောက်တွေ စုစည်းထားတဲ့ စာရင်းအရကတော့ လက်ရှိမှာ သတင်းသမားအယောက် ၁၅၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး ၅၀ ထက်မနည်း ပြစ်ဒဏ်ချခံထားရပါတယ်။

စစ်ကောင်စီဘက်ကတော့ သတင်းသမားတွေ အဖမ်းခံရတဲ့အရေအတွက်နဲ့ ပတ်သက်လို့ ဝန်ခံတာ၊ အတည်ပြုချက် တစုံတရာပေးတာမျိုး မရှိပါဘူး။ တရားစွဲခံရတဲ့ သတင်းထောက်တွေဟာလည်း ဥပဒေကိုချိုးဖောက်လို့ တရားစွဲ အရေးယူတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]















XS
SM
MD
LG