သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး ၂၀၁၅ ရွေးကောက်ပွဲနဲ့ အကဲဖြတ်မည်


Carter Center ရဲ့ ဒီမိုကရေစီ အစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး Dr. David Carroll (ဓာတ်ပုံ - http://www.cartercenter.org)
Carter Center ရဲ့ ဒီမိုကရေစီ အစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး Dr. David Carroll (ဓာတ်ပုံ - http://www.cartercenter.org)
မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်မှု ရှိမရှိဆိုတာကို လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အခြေအနေနဲ့ တိုင်းတာရလိမ့်မယ်လို့ မကြာခင်က မြန်မာနိုင်ငံကို သွားခဲ့တဲ့ Carter Center ညွန်ကြားရေးမှူး ဒေါက်တာ ဒေးဗစ် ကာရိုးလ် (Dr.David Carroll) က ပြောပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အစုအဖွဲ့အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်လာဖို့အတွက် ဒီကြားထဲ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုမယ်လို့ ဆိုပါတယ်။ ဒေါက်တာ ကာရိုးလ် ကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။

သမ္မတ ကာတာ (Carter) ကိုယ်တိုင် ဦးဆောင်တဲ့ Carter Center အဖွဲ့ဟာ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရအာဏာပိုင်တွေကိုရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ပါတီခေါင်းဆောင်တွေ အရပ်ဘက် လူမှုအဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေကိုပါ တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံတွင်းက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို လေ့လာခဲ့ကြပြီး၊ ဒီလုပ်ငန်းတချို့မှာ Carter Center က အကူအညီတွေ ပေးသွားနိုင်ဖို့လည်း ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

Carter Center ဟာ ကမ္ဘာ့နိုင်ငံအတော်များများက ရွေးကောက်ပွဲကို လွတ်လပ်မျှတမှု ရှိ မရှိနဲ့ ရွေးကောက်ပွဲ စနစ်တွေကို စောင့်ကြည့် အထောက်အပံ့ ပေးနေတာနဲ့အညီ၊ မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း စိတ်ဝင်စားမှုရှိတာ တွေ့ရပါတယ်။ ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ရဲ့ အခရာကျတဲ့ အခြေအနေတခု ဖြစ်တယ်လို့ Carter Center ရဲ့ ဒီမိုကရေစီ အစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေးဗစ် ကာရိုးလ် (Dr.David Carroll) က ရှုမြင်ပါတယ်။

“အသွင်ကူးပြောင်းရေးဆိုတာ ရေရှည်သွားရတဲ့ လုပ်ငန်းစဉ်ပါ။ အောင်မြင်မှု ရှိ မရှိဆိုတာကိုတော့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ တိုင်းတာရပါလိမ့်မယ်။ ဒီ့မတိုင်ခင် အချိန်မှာတော့ မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ အစုအဖွဲ့အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင် လုပ်ဆောင်စရာတွေ အတော်များများ ရှိနေပါတယ်။ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အစုအဖွဲ့အားလုံး ပါဝင်နိုင်ဖို့၊ သူတို့ရဲ့ သဘောထားတွေ အမြင်တွေကို ထုတ်ပြောနိုင်ဖို့ လိုပါတယ်။”

၂၀၁၅ ရွေးကောက်ပွဲနဲ့ အကြိုပြင်ဆင်မှု ကာလတွေမှာလည်း Carter Center အနေနဲ့ အကူအညီ ပေးချင်တယ်ဆိုတာကိုလည်း ကမ်းလှမ်းထားတဲ့အကြောင်း သိရပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲနဲ့ ဒီ့မတိုင်ခင် ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ အထူးပဲ စိတ်ဝင်စားတယ်ဆိုတာကို ကျနော်တို့နဲ့ တွေ့ခဲ့တဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်အားလုံးကို ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ တရားဝင် ဖိတ်ခေါ်ချက် ရရင်တော့၊ ကျနော်တို့အနေနဲ့ ဒီအခန်းကဏ္ဍမှာ လိုလိုလားလားနဲ့ ဆောင်ရွက်ချင်ပါတယ်။”

သူတို့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အစုအဖွဲ့တွေဟာလည်း လာမယ့် ၂၀၁၅ အတွက် ပြင်ဆင်မှုတွေ စလုပ်နေတာ တွေ့ရတယ်လို့ ဒေါက်တာ ကာရိုးလ် က ပြောပါတယ်။ အထူးသဖြင့်တော့ ရွေးကောက်ပွဲစနစ်ပါ။

“နိုင်ငံရေးပါတီအားလုံးဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ အခြေအနေတရပ်အနေနဲ့ မျှော်လင့် စောင့်စားနေကြပါတယ်။ အရေးအကြီးဆုံးကတော့ ရွေးကောက်ပွဲစနစ်ပါ။ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်လို့ ဒီနှစ်ထဲမှာ အပြောင်းအလဲတွေ ထွက်လာမလား မျှော်နေကြပါတယ်။ ရွေးကောက်ပွဲ စနစ်သစ်တခု ဖြစ်လာပြီဆိုရင်တော့ အာဏာပိုင်တွေအနေနဲ့ ဒါကို အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေ ရေးဆွဲရမှာပါ။ ဒါကြောင့် နိုင်ငံရေးခေါင်းဆောင်တွေ၊ ပါတီခေါင်းဆောင်တွေကြားမှာ ဒီနှစ်ထဲ ရွေးကောက်ပွဲစနစ် အပြောင်းအလဲကိစ္စကို ပြင်းပြင်းထန်ထန် ဆွေးနွေးနေတာရှိပါတယ်။”

ပါတီကြီးတွေ လွှမ်းမိုးတဲ့စနစ်ထက်၊ အချိုးကျ ကိုယ်စားပြုမှုနဲ့ ရွေးကောက်တဲ့ ရွေးကောက်ပွဲစနစ် သွားဖို့ နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးတိုင်ပင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ရွေးကောက်ပွဲ ကျင်းပချိန်အပြင် မကျင်းပမှီ ပြင်ဆင်မှုတွေ ညှိနှိုင်းမှုတွေဟာလည်း အသွင်ကူးပြောင်းရေးအတွက် အရေးပါတယ်လို့ ဒေါက်တာ ကာရိုးလ် က ပြောပါတယ်။

တချိန်တည်းမှာတော့ အသွင်ကူးပြောင်းရေးအတွက် တိုင်းရင်းသား လူနည်းစုတွေအားလုံးနဲ့ ငြိမ်ချမ်းရေး သဘောတူညီချက်ယူပြီး၊ လက်တွေ့ အကောင်အထည်ဖော်ဖို့လည်း လိုမယ်လို့ ပြောပါတယ်။ တိုင်းရင်းသား လူမျိုးစုံပါဝင်တဲ့ မြန်မာနိုင်ငံမှာ လူနည်းစု တိုင်းရင်းသားတွေအားလုံး နိုင်ငံရေးလုပ်ငန်းစဉ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာဖို့ လိုမယ်လို့ ထောက်ပြပါတယ်။ တချိန်တည်းမှာတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေတွေလည်း ရှိနေသေးတယ်လို့ ဒေါက်တာ ကာရိုးလ် က ပြောပါတယ်။

“စိုးရိမ်မကင်းဖြစ်စရာ အခြေအနေတချို့၊ အထူးသဖြင့်တော့ မကြာသေးခင်တုန်းက လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့တာတွေနဲ့ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေ၊ နောက် ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ အခြေအနေတွေ ရှိနေပါတယ်။ ဒါကိုလည်း သမ္မတ ကာတာအနေနဲ့ သူ့မိန့်ခွန်းမှာ ပြောခဲ့ပြီးပါပြီ။ မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီပြဿနာရပ်တွေကို အလျင်အမြန် ကိုင်တွယ်ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

သမ္မတ ကာတာနဲ့ Carter Center အဖွဲ့ရဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ရန်ကုန်အပြင် နေပြည်တော်မှာ အစိုးရထိပ်ပိုင်း တာဝန်ရှိသူတွေ၊ လွှတ်တော်ပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့ပါတယ်။

Carter Center အနေနဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေမှာ အကူအညီပေးနိုင်ဖို့ ကမ်းလှမ်းထားရာမှာ၊ အစိုးရဘက်က ခွင့်ပြုချက် ရမယ်ဆိုရင်တော့ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးဖွင့်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းတွေကို ပြင်ဆင် ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
XS
SM
MD
LG