သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာရင်ရင်နွယ်နဲ့ တွေ့ဆုံမေးမြန်းခန်း အပိုင်း (၁)


ဦးကျော်ဇံသာ (ဝဲ) နဲ့ ဒေါက်တာ ရင်ရင်နွယ် (ယာ)
ဦးကျော်ဇံသာ (ဝဲ) နဲ့ ဒေါက်တာ ရင်ရင်နွယ် (ယာ)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကောင်စီ အထူးအကြံပေးပုဂ္ဂိုလ် ဒေါက်တာဒေါ်ရင်ရင်နွယ်နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကိစ္စတွေကို ဦးကျော်ဇံသာနဲ့ တွေ့ဆုံဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာမက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကောင်စီ အထူးအကြံပေးပုဂ္ဂိုလ် ဖြစ်တယ်ဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မေးပါရစေ။ ဆရာမကိုယ်တိုင် ကုလသမဂ္ဂရဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တဦးအနေနဲ့ တရုတ်ပြည်လို နိုင်ငံမျိုးမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တယ်။ နောက်တခါ အာဖရိကနိုင်ငံတွေလည်း အများကြီး လှည့်လည်ခဲ့တယ်။ တရုတ်တို့၊ အာဖရိကနိုင်ငံတို့ဟာ နိုင်ငံတကာမှာ လူ့အခွင့်အရေးတို့နဲ့ ပတ်သက်ပြီး အများဆုံး ဝေဖန်ခံရတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ အခုတခါ ဆရာမ မြန်မာနိုင်ငံကို ရောက်လာတော့လည်း ရခိုင်မှာဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခ စုံစမ်းရေးအဖွဲ့မှာ ဆရာမကိုယ်တိုင်ပါတယ်။ အဲဒီအဖွဲ့မှာ ဆရာမ တွေ့ရတဲ့ ရခိုင်က ဆရာမရဲ့ သုံးသပ်ချက်တွေနဲ့ ကုလသမဂ္ဂက ရခိုင်အရေးအပေါ် သုံးသပ်ချက်တွေ ဘာကြောင့် ကွာဟနေရသလဲလို့ ပြောနိုင်ပါသလဲ။

ဒေါ်ရင်ရင်နွယ် ။ ။ ဒီလိုရှိပါတယ်။ ကျမ ပြောချင်တာက ကုလသမဂ္ဂက ဆိုပေမယ့်လဲ ကုလသမဂ္ဂက တညီတညွှတ်တည်း မဟုတ်ပါဘူး။ တသံတည်း မဟုတ်ပါဘူး။ ကုလသမဂ္ဂမှာ အဲဒီအချိန်အခါမှာ အဲဒီတိုင်းပြည်တခုခုမှာ အလုပ်လုပ်နေတဲ့ ခေါင်းဆောင်ပေါ်လည်း မူတည်တယ်။ ကုလသမဂ္ဂ အမှုထမ်းတွေပေါ်လည်း မူတည်တယ်။ ကျမ တရုတ်ပြည်မှာ ကုလသမဂ္ဂခေါင်းဆောင်တစ်ယောက် ဖြစ်တုန်းက ကျမကိုယ်တိုင် ထဲထဲဝင်ဝင် ရှင်ဂျန်လို့ခေါ်တဲ့နယ်မှာ အဓိက မူစလင်တွေနဲ့ ပြဿနာဖြစ်တုန်းက အကြီးအကျယ် လူသတ်မှုတွေဖြစ်တယ်။ အဲဒီတုန်းကတော့ ကျမတို့က ကျန်းမာရေးနဲ့ ပညာရေး အဓိက လုပ်တာပေါ့။ ဒါပေမဲ့ ကျမက ဘယ်ဖက်မှ မဝေဖန်ဘဲနဲ့ ကျမကိုယ်တိုင် နှစ်ဖက်စလုံးကို လေ့လာပါတယ်။ နှစ်ဖက်စလုံးနဲ့လည်း စကားပြောပါတယ်။ အဲဒီ ပဋိပက္ခဖြစ်နေတဲ့ နယ်မြေတွေဆိုရင် တရုတ်ဆရာဝန်တွေတောင် ကျမနဲ့ မလိုက်ရဲဘူး။ ကျမ တစ်ယောက်တည်း ဟောင်ကောင် က တပည်တရုတ်မ တစ်ယောက်နဲ့ အဲဒီ ပဋိပက္ခဖြစ်တဲ့ ရွာတွေကို သွားရပါတယ်။ သွားပြီးတော့ နှစ်ဖက်စလုံးကို နားထောင်ပါတယ်။ ဆိုတော့ ရခိုင်မှာကြတော့ တော်တော်များများ ကုလသမဂ္ဂက အရင်မှားခဲ့တာပေါ့။ အခုကြတော့ သူတို့ ကြိုးစားနေကြရှာပါတယ်။ နှစ်ဖက်စလုံးကို မယုံဘူး၊ စကားမပြောဘဲနဲ့ သူတို့က ဆုံးဖြတ်ချက်တွေ ချတာကို။ အဲဒါကြောင့် အဲဒီ သုံးသပ်ချက်တွေလည်း ပါပါတယ်။ မမှန်တဲ့ သုံးသပ်ချက်တွေ ပါတယ်ပေါ့။ နောက် အဲဒါအပြင် ကမ္ဘာ့ကုလသမဂ္ဂမှာလုပ်တဲ့ ဝန်ထမ်းတွေဟာ ဒီဒေသတခု၊ နေရာတခုကို ရောက်တဲ့အခါမှာ အဲဒီနေရာရဲ့ ယဉ်ကျေးမှု နဲ့ ဘာသာစကားကို တတ်ဖို့ကြိုးစားရပါမယ်။ ကျမဆို ဒီလိုပဲ ကြိုးစားခဲ့တယ်။ တရုတ်စကားတော့ သိပ်တော့ ကျေနပ်ဖွယ်ရာမရှိဘူး။ ဒါပေမဲ့ ကြိုးစားခဲ့ပါတယ်။ သူတို့က ဘာသာစကားနဲ့ ယဉ်ကျေးမှု နားမလည်းဘဲ သုံးသပ်တော့လည်း လွဲတဲ့အခါ လွဲမှာပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဆရာမ တရုတ်ပြည်မှာ လုပ်ခဲ့တုန်းက ဇိန်ဂျန်တွေ၊ ဟွီကွာတွေဖက်က ဟန်တရုတ်တွေဖက်က နှစ်ဖက်စလုံးက ကျေနပ်လက်ခံတဲ့ လက်ခံမှုကို ရရှိခဲ့ပါသလား။

ဒေါ်ရင်ရင်နွယ် ။ ။ ကျမ ရရှိခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာတော့ ကုလသမဂ္ဂ ကယ်ဆယ်ရေးအဖွဲ့တွေ၊ လူသားချင်းစာနာမှုထောက်ပံ့ရေး အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒီအဖွဲ့တွေက တဖက်သတ်ပဲ ကူညီတယ်။ နောက်တဖက်ကို မကူညီဘူးဆိုတဲ့ ဒေသခံတွေရဲ့ မကျေနပ်ချက်တွေလည်း အခုထိ ကြားနေရဆဲ ဖြစ်ပါတယ်။ အဲဒါကို သူတို့က ပြုပြင်ဖို့ ကြိုးစားတယ်ဆိုတာကိုကော ဘယ်လောက်အထိ ခရီးရောက်တယ်လို့ ဆရာမ မြင်မိပါသလဲ။

ဒေါ်ရင်ရင်နွယ် ။ ။ ကျမ နားလည်းသလောက်တော့ သူတို့ အခုရှေ့လျှောက်ပေါ့ ကျမလည်း ကုလသမဂ္ဂနဲ့ ဘာမှ မဆိုင်တော့ပါဘူး။ ဒါပေမဲ့ ကျမတို့ကို ပြောတာကတော့ ဒီ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ရှေ့လျှောက်ဆွဲမယ့် စီမံကိန်းတွေဟာ ရခိုင်အစိုးရနဲ့ ပြည်မက နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီးလုပ်မယ်။ နိုင်ငံတော်အစိုးရနဲ့ ရခိုင်အစိုးရ ပူးပေါင်းလုပ်မယ့် ရခိုင်ပြည် တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းမှာ သူတို့က ပါဝင်မယ်။ နှစ်ဖက်စလုံးကို အထောက်အကူ ပြုမယ်လို့တော့ သူတို့ ပြောကြပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ငြိမ်းချမ်းရေးကောင်စီရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆိုတော့ အဲဒီ အဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ အစပိုင်းကတော့ နည်းနည်းအားတတ်စရာ ကြားရပေမယ့် နောက်ပိုင်းမှာ အပစ်အခတ်ရပ်ဆိုင်းရေး ဆွေးနွေးပွဲလည်း တဝက်တပျက်၊ တိုးလိုးတန်းလန်း ဖြစ်တယ်။ ငြိမ်းချမ်းရေးခရီးစဉ်ကလည်း သိပ်ပြီးတော့ အလားအလာ မကောင်းဘူးလို့ ကြားရပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးကောင်စီရဲ့ အားထုတ်မှုကို ဆရာမ ဘယ်လို မြင်ပါသလဲ။

ဒေါ်ရင်ရင်နွယ် ။ ။ ကျမ MPC မှာ ပစ်ခတ်ရပ်စဲရေးထဲမှာ အဲဒီနေရာမှာ ကျမက ပညာရှင်လည်း မဟုတ်ပါဘူး။ ကျမလည်း မသိပါဘူး။ အဲဒီတော့ ပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ကျမ ပါလည်းမပါဝင်ပါဘူး။ ကျမ Observer အနေနဲ့ ဘေးကနေ ကြည့်တဲ့လူတစ်ယောက်အနေနဲ့ ပါဝင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျမက ဒီ ငြိမ်းချမ်းရေးမှာ ကျမရဲ့ အခန်းကဏ္ဍက တိုင်းရင်းသားလူမျိုးတွေရဲ့ တိုးတက်ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေးပါ။ ငြိမ်းချမ်းရေး ရလာတဲ့အခါကြရင် ပညာရေး၊ ကျန်းမာရေးတို့ကို အများကြီး အထောက်အကူ ပြုရပါမယ်။ ဒါကို စိတ်ဝင်စားလို့ ကျမ လိုက်ပြီးတော့ ကြည့်တာပါ။ ဒါပေမဲ့ ကျမ သိသလောက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၆) ဖွဲ့ထဲက (၁၄) ဖွဲ့နဲ့တော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ဆွဲထားပြီးပါပြီ။ ဆိုတော့ ရှင်းရှင်းပြောမယ်ဆိုရင် ကျမတို့ ငယ်ငယ်က နိုင်ငံရေးခေတ်တုန်းကတောင် တိုင်းရင်းသားလူမျိုးတွေနဲ့ ဒီလောက် နီးစပ်မှု မရှိခဲ့ဘူးလို့ ပြောရမှာပဲ။ ကျမကိုယ်တိုင်ကလည်း တိုင်းရင်းသားလူမျိုးပဲ။ ကိုယ့်ကိုယ်ကို သတ်မှတ်တယ်။ ရှမ်းပြည်မှာကြီး၊ အဖေကလည်း ရှမ်းဆိုတော့လေ။ ဘယ်လိုပဲပြောပြော တိုးတက်ပြောင်းလဲလာတယ်လို့ပဲ ကျမ သုံးသပ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး process ကိုတော့ ကျမ အခုလောလောဆယ်တော့ မပါသေးဘူးပေါ့။ ပညာရေးတို့ ဘာတို့ လုပ်နေတယ်။

ဦးကျော်ဇံသာ ။ ။ ပညာရေး၊ ကျန်းမာရေး ဆရာမ လုပ်နေတာ အခုကတော့ အဲဒီဒေသတွေမှာ စီးပွားရေး ရင်းနှီးမြှပ်နံှမှုလည်း လုပ်ကြတယ်ဆိုတာ ကြားရပါတယ်။ အဲဒီလို စီးပွားရေးတွေ ဖွံ့ဖြိုးလာမှ ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ဖြစ်မယ်။ လူတွေက ချမ်းသာလာရင် လက်နက်ကိုင်ပြီး တိုက်မယ့်ကိစ္စ သိပ်ပြီးစဉ်းစားမှာ မဟုတ်ဘူးဆိုတဲ့ အယူအဆလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို ရင်းနှီးမြှပ်နံှတဲ့အတွက် လောလောဆယ်မှာ လူနည်းစုသာ အကျိုးအမြတ်ရပြီးတော့ တကယ့် တိုင်းရင်းသားတွေလက်ထဲ၊ ဒေသခံတွေအတွက် ဘာမှ အကျိုးမရှိဘူးလို့လည်း သုံးသပ်ကြပါတယ်။

ဒေါ်ရင်ရင်နွယ် ။ ။ ကျမ အဲဒီအကြောင်းတော့ ဘာမှလဲ မသိဘူး။ ကိုယ်လည်း ရှင်းရှင်းပြောရင် ရင်းနှီးမြှပ်နံှမှုတွေလည်း မလေ့လာထားဘူး။ အဲဒီတော့ ကျမက မသိဘူးလို့ပဲ ပြောရမှာပဲလေ။ ဒါပေမဲ့ ဘယ်လိုပဲပြောပြော စောစောပိုင်းက ဆရာ ပြောတာတော့ မှန်ပါတယ်။ ဒေသတစ်ခု တိုးတက်ဖွံ့ဖြိုးလာရင် ဘယ်လိုပဲပြောပြော ငြိမ်းချမ်းရေးရဖို့ ပိုနီးစပ်တယ်ဆိုတာတော့ မှန်ပါတယ်။ တရုတ်ပြည်မှာ ကြည့်မယ်ဆိုရင် ဒီလိုပဲလေ။ ဒါတောင် တရုတ်ပြည်တောင် ပဋိပက္ခတွေ ရှိတုန်းပဲ။ ဝိဂါလူမျိုးနဲ့ တီဘတ်လူမျိုးတွေ ရှိတုန်းပဲ။ ဒါက ပညာရေးနဲ့လည်း ဆိုင်ပါတယ်။ စီးပွားရေးနဲ့လည်းဆိုင်တယ်။

ဦးကျော်ဇံသာ ။ ။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ ကြက်ဥနဲ့ကြက်မ လိုပဲ ဘယ်ဟာက အရင်လာသင့်သလဲဆိုတာ ပြဿနာ မဖြစ်ဘူးလား ဆရာမ။

ဒေါ်ရင်ရင်နွယ် ။ ။ ဟုတ်တယ်။ အဲဒီ ပြဿနာကို ဆွေးနွေးနေရင်တော့ မပြီးတော့ဘူးလေ။ ကျမတို့ လုပ်နိုင်တဲ့ဖက်က ဝိုင်းလုပ်ရမယ်လို့ ကျမ မြင်ပါတယ်။ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ တိုးတက်ဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ စစ်ဖြစ်နေသေးတဲ့ ဒေသတွေဆိုကြပါစို့။ ကချင်တို့မှာ စစ်ပြေးဒုက္ခသည်တွေရဲ့ အရေးအတွက် ဘာတွေများ ဆောင်ရွက်နိုင်တာ ရှိပါသလဲ။

ဒေါ်ရင်ရင်နွယ် ။ ။ ကျမအနေနဲ့တော့ အဲဒီကို မရောက်သေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ပညာရေးတွေ ဘာတွေ။

ဒေါ်ရင်ရင်နွယ် ။ ။ ပညာရေးက ကျမတို့က အခုလောလောဆယ် လုပ်နေတဲ့ လုပ်ငန်းက ပညာရေးဝန်ကြီးဌာနကို မူသစ်တွေကို ရေးဆွဲတာ ပါဝင်ပူးပေါင်းဆောင်ရွက်နေတာပါ။ ဆိုတော့ လောလောဆယ် မူတွေကို ပြင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူက အရင်ဆုံး ပြင်ရမယ်။ အဓိက နံပတ်တစ်လိုအပ်ချက်။ ကချင်၊ ရှမ်း၊ ချင်း ဒေသတွေမှာ မိမိဘာသာစကားနဲ့ မိမိ ကျောင်းတက်နိုင်ဖို့။ အဲဒါလဲ ကျမတို့ မူထဲမှာ ထည့်ရေးပြီးပါပြီ။ တော်တော်လေး အားရဖွယ်ရှိတယ်။ တလောက လက်နက်ကိုင်တွေ ဗိုလ်ချုပ်ဂွမ်းမော်တို့ကိုလည်း ပြောပါတယ်။ ကျမတို့ ရှမ်းလူမျိုးထဲက တချို့တွေ ငယ်သူငယ်ချင်းတွေရှိတယ်။ ရှမ်းလက်နက်ကိုင်တွေထဲမှာ။ ကျမ သူတို့ကို ပြောပါတယ်။ အဲဒါ အားလုံးလည်း ပြောပါတယ်။ လိုအပ်တယ်ဆိုတာ ပြောတယ်။ အားရဖွယ်တော့ရှိတယ်။ ဒါပေမဲ့ အကောင်အထည်တော့ မဖော်နိုင်သေးဘူးပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒါက ပညာရေးပိုင်းပေါ့။ အခုလောလောဆယ် ကျနော် သိချင်တာက စစ်ကြောင့်ပြေးနေရတဲ့ ကလေးတွေရဲ့ ပညာရေး လောလောဆယ်။ သူတို့ ကျောင်းမနေရဘူး ဖြစ်နေတယ်။ ဆိုတော့ အဲဒီဟာကို သူတို့ စစ်ပြေးကာလမှာ စာသင်နိုင်အောင် လုပ်ပေးလို့ ရပါသလား။

ဒေါ်ရင်ရင်နွယ် ။ ။ လုပ်ပေးလို့ ရပါသလားဆို လုပ်ပေးလို့ကတော့ ရတာပေါ့။ ဒါပေမဲ့ ကျမကိုယ်တိုင်လည်း မရောက်တော့ ဘယ်သူတွေ ပေးနေသလဲ မသိဘူး။ ကျမ ကြားတာက အန်ဂျီအိုတွေ ပေးနေတယ်လို့ ကြားပါတယ်။ ဒါတော့ နိုင်ငံတကာအတွေ့အကြုံနဲ့ ပြောမယ်ဆိုရင်တော့ IDP camp တွေမှာ စစ်ပြေး camp တွေမှာ ကျောင်းတွေထောင်တာတွေ ဘာတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေ စာတတ်ဖို့က တကယ်တော့ ကျောင်းအဆောက်အဦးထက် ဆရာ၊ ဆရာမလိုတယ်။ စာအုပ်စာရေးကရိယာတွေ လိုတယ်။ အဲဒါတွေ ပေးနိုင်ရင်တော့ ရမှာပါ။ လောလောဆယ်တော့ ပညာရေးဝန်ကြီးဌာနကလည်း တချို့တွေ လုပ်ချင်ပေမယ့် မလုပ်နိုင်တာတွေ ရှိနေတာကို။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဆရာမ ရခိုင်စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် တစ်ယောက်အနေနဲ့ အဲဒီမှာ အစီရင်ခံစာ ထွက်လာတုန်းက အဲဒီဒေသမှာလည်း ပညာရေးဖွံ့ဖြိုးမှု သိပ်နှေးကွေးနေလို့ ဒီလိုဖြစ်ရတယ်။ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေလို့ ဒီလိုဖြစ်ရတယ်လို့ ပြောပါတယ်။ အဲဒီကိစ္စကို ဘယ်လိုပြုပြင်ဖို့ ရှိပါသလဲ။

ဒေါ်ရင်ရင်နွယ် ။ ။ ရေရှည်နဲ့ ရေတို ရှိတယ်လေ။ ရေတိုကတော့ အဲဒီ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ဘာသာရေးကျောင်းတွေအားလုံး ဘာသာတိုင်း ဗုဒ္ဓဘာသာ၊ မူစလင်ကျောင်းတွေအားလုံးကို ဘယ်လိုပဲပြောပြော ဘာသာပေါင်းစုံအဖွဲ့က စစ်ဆေးပြီး ကြည့်ရမယ်။ သူတို့ဆီမှာ သင်နေတာတွေ အစွန်းရောက်မှုတွေရှိလား။ တဖတ်ကို အမုန်းပွါးအောင်လုပ်တဲ့ သင်ကြားမှုတွေ၊ သင်ခန်းစာတွေ ရှိလား။ ကျမတို့ မေးသလောက် ရှိတယ်။ အဲဒီကျောင်းတွေကို စုံစမ်းစစ်ဆေးတုန်းက။ ၂၀၁၂ မှာ တချို့ကျောင်းတွေမှာ ရှိတယ်။ ဘာသာရေးကျောင်းတွေမှာ။ အထူးသဖြင့် မာလဝီဆရာတွေ သင်နေတာရှိတယ်။ လူမျိုးရေးမုန်းတီးရေးတွေ ဘာတွေ ရှိတယ်။ အဲဒီလိုကျောင်းတွေ ရှိရင်တော့ အဲဒီကျောင်းတွေကို လောလောဆယ် အရေးယူရမှာပေါ့။ အရေးယူရမယ်ဆိုတာက ဒီကျောင်းတွေ ခဏ သင်တန်းတွေကို ပိတ်ပြီး။ ပျော့ပျောင်းတဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကိုခေါ်ပြီး သင်ရိုးညွှန်တမ်းတွေ။ ရန်ကုန်က မူစလင်ကျောင်းတွေ ဘာတွေဆို ပြဿနာမှ မရှိတာ။ သူတို့ အကူအညီတောင်းပြီး သင်ရိုးညွန်တမ်းပြောင်းရမှာပေါ့။ ဒါတော့ နိုင်ငံတိုင်းမှာ လုပ်ရိုးလုပ်စဉ်ပါ။ သူတို့ဘာသာ မူစလင်လူကြီးတွေ နှစ်ဖက်စလုံး လေးစားတဲ့လူကြီးတွေခေါ်ပြီး လုပ်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံးမေးချင်တာက အဲဒီဒေသမှာ လူ့အဖွဲ့အစည်းနှစ်ခု၊ ကွန်မြူနီတီနှစ်ခု ငြိမ်းချမ်းစွာ နေနိုင်မယ့်အလားအလာ ဆရာမ ဘယ်အချိန်လောက် ခန့်မှန်းပါသလဲ။ တိုတိုလေး ဖြေပေးပါ။

ဒေါ်ရင်ရင်နွယ် ။ ။ ကျမလည်း မခန့်မှန်းတတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းလမ်းကြောင်းကလည်း ရှိနေတယ်။ ဒါပေမဲ အဓိက ကျမ ပြောချင်တာကတော့ အဲဒါက ရေရှည်လုပ်ငန်းပါ။ အခုချက်ချင်းဖြစ်နိုင်တဲ့ လုပ်ငန်း မဟုတ်ဘူး။ ကျမတို့ တိုင်းရင်းသားရခိုင်တွေရဲ့ လိုအပ်ချက်တွေကိုလည်း နိုင်ငံတော်အစိုးရအနေနဲ့ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ နောက် တဖက်မှာလည်း လူ့အခွင့်အရေး မချိုးဖောက်အောင် ကာကွယ်စောင့်ရှောက်ပေးရမယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာဒေါ်ရင်နွယ် အထူးကျေးဇူးတင်ပါတယ်ခင်များ။

ဒေါ်ရင်ရင်နွယ် ။ ။ ကျမလည်း ဗွီအိုအေ ကို အထူးကျေးဇူးတင်ပါတယ်။

XS
SM
MD
LG