သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ အမေရိကန် ထပ်မံ တိုက်တွန်း


အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေး ဆိုင်ရာ ဒုတိယအကြံပေး ပုဂ္ဂိုလ် Ben Rhodes ။
အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေး ဆိုင်ရာ ဒုတိယအကြံပေး ပုဂ္ဂိုလ် Ben Rhodes ။

မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့ကျရင် ရွေးကောက်ပွဲတွေ ကျင်းပပြီးတဲ့နောက် ဘယ်လို ဆက်လုပ်သွားရမယ်ဆိုတာကို ကမ္ဘာကြီး အနေနဲ့ ယုံကြည်ကိုးစားရလောက်တဲ့ အချက်အလက်တွေ ရလာမှာဖြစ်တယ်လို့ အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေး ဆိုင်ရာ ဒုတိယအကြံပေးပုဂ္ဂိုလ် Ben Rhodes ကပြောလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဆွေးနွေးပွဲတခု အတွင်းမှာ မစ္စတာ Rhodes က အဲဒီလိုပြောသွားတာပါ။

ရွေးကောက်ပွဲတွေပြီးတဲ့နောက် အကျိုးကျေးဇူးခံစားရနိုင်ခြေ အလားအလာတွေ အများကြီးရှိနေပြီး အမေရိကန်က နှစ်ပေါင်း များစွာချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေထဲက ရုပ်သိမ်းဖို့ကျန်နေသေးတာတွေကို ရုပ်သိမ်းပစ်လိုက်နိုင်ခြေ ရှိနေတာကိုလဲ မစ္စတာ Rhodes က အရိပ်အမြွက်ပြော သွားပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေထဲက တချို့ကို အမေရိကန်ပြည်ထောင်စုက ဖြေလျှော့ပေးထားပြီးဖြစ်ပေမယ့် ဆက်ပြီး အရေးယူထားတာတွေ ရှိသေးသလို SDN လို့ခေါ်တဲ့ လူပုဂ္ဂိုလ်တဦးချင်းစီကို ဒဏ်ခတ်အရေးယူတဲ့စာရင်းထဲမှာ ပါဝင်နေသူ အများအပြားလည်း ရှိနေတုန်းပါပဲ။

မြန်မာ့ရွေးကောက်ပွဲအပေါ် ဘယ်လိုအကဲဖြတ်မလဲဆိုတာနဲ့ပတ်သက်ပြီး မစ္စတာ Rhodes က လူထုအနေနဲ့ မဲပေးခွင့် ကျယ်ကျယ်ပြန့်ပြန့်ရရဲ့လား၊ မဲပေးခွင့် ငြင်းပယ်ခံရသလား ဆိုတာတွေကို မေးခွန်းထုတ် သွားပါတယ်။

နေရာဒေသတချို့မှာပဲ မဲဆန္ဒရှင်စာရင်းနဲ့ပတ်သက်ပြီး ကြီးမားတဲ့ပြဿနာတွေ ရှိနေပြီး တခြားနေရာတွေမှာ ပြဿနာရှိမနေဘူးဆိုရင်တော့ ဒါဟာ မေးခွန်းထုတ်စရာ စဖြစ်လာပြီလို့လည်း သူကပြောပါတယ်။ မစ္စတာ Rhodes ဟာ သိပ်မကြာသေးခင်ကမှ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

တဆက်တည်းပါပဲ - အထွေထွေ ရွေးကောက်ပွဲရလဒ်က ထွက်ပေါ် လာတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လေးစားဖို့လိုကြောင်း မြန်မာအစိုးရ သမ္မတရုံးအကြီးတန်း အရာရှိ တစ်ဦးက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ပြုလုပ်ထားတဲ့ အမေရိကန်ပြည်ထောင်စု သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဘန်ရုတ်ဒ်က လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း ယုံကြည်ရနိုင်လောက်တဲ့ အချက်အလက်တွေ နိုင်ငံတကာအနေနဲ့ ရရှိမှာဖြစ်တယ်လို့ မနေ့တုန်းက ပြောဆို ထားတာပါ။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြပေးမှာပါ။

နိုဝင်ဘာ၈ ရက် မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အမေရိကန် EU အပါအဝင် တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့အတူ ရွေးကောက်ပွဲကော်မရှင် အနေနဲ့လက်တွဲ လုပ်ဆောင်မှုတွေရှိပေမယ့် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကြောင့် အားနဲချက်တွေ ရှိခဲ့ကြောင်း မြန်မာသမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးကပြောပါတယ်။ ဒါပေမယ့်လည်း ရရှိလာတဲ့ ရွေးကောက်ပွဲရလဒ်တွေဟာ လူထုဆန္ဒဖြစ်တာကြောင့် ဒီအပေါ် နိုင်ငံတကာက အလေးထားဖို့ အခုလို ပြောဆိုပါတယ်။

“ကမ္ဘာနိုင်ငံတွေပေါ့နော်။ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အနေနဲ့ ကိုယ်လိုချင်တဲ့ပေါ့နော်။ ကိုယ်ထောက်ခံတဲ့ ပုဂ္ဂိုလ်တဦးတယောက် အဖွဲ့အစည်းတခုထက် ကျနော်တို့ မြန်မာပြည်သူ သန်း(၅၀) ကျော်ရဲ့ အကျိုးစီးပွားကို ပိုပြီးအလေးပေးသင့်တယ်။ လေးစားသင့်တယ်ပေါ့နော်။ ဒါလေးကို တော့ ကျနော်တို့ message ပေးလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့လူအဖွဲ့အစည်းက ကျနော်တို့က အဓိက diverse ဖြစ်တဲ့ အဲတော့ တိုင်းရင်းသားတွေ ပါတီတွေရှိတယ်။ နောက်တသီးပုဂ္ဂလတွေရှိတယ်။ ဒေသဆိုင်ရာပါတီတွေပေါ့နော် အဲဒီလိုမျိုး အလေးပေးတဲ့ပါတီတွေအနေနဲ့ ဒီအပေါ်မှာ ရွေးကောက်ပွဲရလဒ်က အပြင်မှာ မျက်မြင်နဲ့ ဆုံးဖြတ်လို့မရတာတွေရှိတာပေါ့နော်။ အဲဒါတွေပေါ်မှာ ယုံကြည်ပြီးတော့ ထွက်လာတဲ့ရလဒ်ကို လူထုဆန္ဒနဲ့ ထည့်မတွက်ပဲ စဉ်းစားမယ်ဆိုရင်တော့ ဒါက ကျနော်တို့နိုင်ငံအတွက် အပြုသဘော မဆောင်တာပေါ့နော်။ အန္တရာယ်တွေ ဖြစ်လာနိုင်တယ်။ အဲဒါ ကျနော်တို့ ထင်တာက နိုင်ငံတကာ လေ့လာသူတွေရှိပါတယ်။ နားဆင်ပါ။ ကိုယ်က လွှတ်ထားတဲ့ အဖွဲ့အစည်းတွေ လည်းရှိပါတယ်။ သေချာစောင့်ကြည့်ပါ။ အဲဒီအပေါ်မှာ ဆုံးဖြတ်မှာပေါ့နော်။ အဲဒါလေးပဲ ပြောချင်ပါတယ်။”

ဝါရှင်တန်ဒီစီမှာရှိတဲ့ CSIS လို့ခေါ်တဲ့ နိုင်ငံတကာလေ့လာရေးနဲ့ မဟာဗျူဟာစင်တာမှာဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲတခုအတွင်း သမ္မတ ဘရက်အိုးဘားမားရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေး မစ္စတာ Ben Rhodes က ရွေးကောက်ပွဲကနေ ယုံကြည်ရလောက်တဲ့ အချက်အလက်တွေရလာမယ်လို့ ပြောဆိုတဲ့အပြင် လူထုအနေနဲ့ မဲပေးပိုင်ခွင့်၊ နောက် မဲဆန္ဒရှင်စာရင်းနဲ့ ပါတ်သတ်ပြီး တချု့ိနေရာတွေမှာ ပြသာနာတွေကြီးကြီးမားမားရှိနေတာနဲ့ ပါတ်သတ်ပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။

အခုအခါမှာ နိုင်ငံတွင်း အခြေအနေတွေဟာ သိမ်မွေ့နက်နဲပြီး လူထုတွေအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို မသိဘူးလို့လည်း သူကပြောပါတယ်။ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဒီ ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဘယ်အချိန်မှာပဲ မဲပုံးထောင်ထောင် ပြည်သူ့ရဲ့ ဆန္ဒ အစစ်အမှန်ဆိုရင် သေချာတာ အဲဒီစစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ဒီစစ်အာဏာပိုင်တွေ က ကျောထောက်နောက်ခံပေးထားတဲ့ ပါတီဆိုတာ ရှုံးမှာပဲ။ ပြီးတော့မှ အတိုက်အခံဆိုတာ နိုင်မှာပဲ။ ဒါ အရမ်းကြီးကို ရိုးရှင်းတယ်။ ပြီးတော့မှ အခု နောက်ရွေးကောက်ပွဲ အကြိုကာလမှာ ပြည်သူလူထု ရဲ့ထောက်ခံမှု အင်အားတွေ ၊ပြောဆိုစကားတွေ အကုန်လုံးမြင်ရတဲ့အခါမှာလည်း ဒါကြီးက အရမ်းရိုးရှင်းတယ်။ ဒါတွေက ပြည်သူတွေရဲ့ မျှော်လင့်ချက်မို့ တကယ့်ဖြစ်ရပ်၊ အဲဒီတကယ့်ဖြစ်ရပ်ကြီးက ဒါလုံးဝကြီးကို ပြောင်းပြန်ဖြစ်သွားတယ်။ မမှန်မကန်တာတွေ ဖြစ်လာမယ်ဆိုရင်တော့ ကျနော်ထင်တယ် အနောက်နိုင်ငံ ကြားထဲမှာတွေလည်း သုံးသပ်ရမှာပေါ့လေ။”

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေထဲက တချို့ကို အမေရိကန်ပြည်ထောင်စုက ဖြေလျှော့ပေးထားပြီးဖြစ်ပေမယ့် ဆက်ပြီး အရေးယူထားတာတွေ ရှိသေးသလို SDN လို့ခေါ်တဲ့ လူပုဂ္ဂိုလ်တဦးချင်းစီကို ဒဏ်ခတ်အရေးယူတဲ့စာရင်းထဲမှာ ပါဝင်နေသူ အများအပြားလည်း ရှိနေပေမယ့် ရွေးကောက်ပွဲပြီးတဲ့နောက် အလားအလာကောင်းတွေရှိနေပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပစ်လိုက်နိုင်ခြေ ရှိနေတာကိုလဲ မစ္စတာ Rhodes က အရိပ်အမြွက်ပြောသွားပါတယ်။

ဒါပေမယ့်လည်း ဒီရွေးကောက်ပွဲပြီးနောက်ပိုင်း အခြေအနေဟာ အားလုံး လက်ခံနိုင်တဲ့ အနေအထားရှိလာမှာပါလား။ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့နဲ့ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့တော့ အခုအခါမှာ အားလုံးပြင်ဆင်ထားတယ်လို့ ညွှန်ကြားရေးမှုး ဦးဇော်ဌေးက အခုလိုပြောပါတယ်။

“အထူးသဖြင့် အာရှဒေသမှာရှိတဲ့ နိုင်ငံရေးသမားတွေပေါ့နော်။ ရွေးကောက်ပွဲနဲ့ ပက်သက်လို့ အရံှူးဒဏ်ကို ခံယူတက်ဖို့ များသော အားဖြင့်ကတော့ တော်တော်လေး အားနည်းတယ် ဒါလေးတွေ သွားတူပါတယ်။ အလားတူပဲ ကျနော်တို့ ရွေးကောက်ပွဲသမိုင်း ဖဆပလ ခေတ် ကနေပြီးပြန်ကြည့်ရင် ရွေးကောက်ပွဲ ရလဒ်နဲ့ ပက်သက်လို့ ကျနော်တို့ ဟိုးအရင်တုန်းကတော့ ကြီးကြီးမားမား ပဋိပက္ခ တွေ ရှိခဲ့တယ်ပေါ့နော်။

အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ သမ္မတကြီး အနေနဲ့ အထူး အလေးပေးပြီးတော့ ရွေးကောက်ပွဲအကြို ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန် ဒီကာလ ၃ ပါးတည်ငြိမ်အေးချမ်းရေးကို တပ်မတော်ရယ် ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ကောမရှင်ရယ်၊ နောက် civil society ရယ် ပြည်သူလူထုရယ် ၊ နောက်ဆုံးပြည်သူ ထဲကနေပြီးတော့ မေတ္တာရပ်ခံပြီး volunteer အထူးရဲပေ့ါနော်၊ အဲဒါမျိုးတွေ လုပ်ပြီးတော့ ဆောင်ရွက်နေပါတယ်”

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲနဲ့ အခု ၂၀၁၅ ခုနှစ်တွေမှာ ရွေးကောက်ပွဲတွေကိုကျင်းပမှာဖြစ်ပြီး အတတ်နိုင်ဆုံး သန့်ရှင်း မျှတအောင် ဆောင်ရွက်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။ ဒါ့အပြင် အစိုးရ အနေနဲ့ကော ကော်မရှင်အနေနဲ့ပါ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက် ပွဲဖြစ်အောင် ဆောင်ရွက်ထားကြောင်းနဲ့ ပြည်တွင်းနဲ့ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင် ၁ သောင်းကျော်ကို လက်ခံထားပြီးဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG