သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ဂျပန်ရောက်


NLD စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့တွေ့ဆုံ (သတင်းဓါတ်ပုံ- ဒီမိုဝေယံ)
NLD စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့တွေ့ဆုံ (သတင်းဓါတ်ပုံ- ဒီမိုဝေယံ)

ဂျပန်နိုင်ငံအစိုးရဘက်က လယ်ယာစိုက်ပျိုးရေး၊ လယ်ယာထွက်ကုန်ပစ္စည်းထုတ်လုပ်ရေး နည်းပညာငွေကြေးစတာတွေကို အဓိက ကူညီပေးဖို့ အပါအဝင် မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေမှာ စီးပွားရေးလုပ်ငန်းတွေ နှစ်နိုင်ငံ အကျိုးတူပူးပေါင်းလုပ်ကိုင်နိုင်ဖို့အရေး NLD ဦးဆောင်တဲ့ စီးပွားရေးကော်မတီအဖွဲ့ ဂျပန်နိုင်ငံကို လာရောက်လေ့လာနေကြပါတယ်။ NLD ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ ပြည်သူကို ဗဟိုပြုတဲ့ ဘဏ္ဍာငွေကြေးသုံးစွဲမှုတွေနဲ့ ကျေးရွာနဲ့ မြို့ပြလမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်စေရေး အပါအဝင် ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒတွေနဲ့ ပတ်သက်လို့ ဂျပန်ဘက်က နည်းပညာအကြံညဏ်တွေ ရယူသွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ NLD စီးပွားရေး ကော်မတီအဖွဲ့ ဂျပန်ခရီးစဉ်နဲ့ပတ်သက်လို့ မဆုမွန်က တင်ပြပေးပါမယ်။

ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ စီးပွားရေးကော်မတီ ၁၅ဦးအဖွဲ့ ဂျပန် အစိုးရရဲ့ ဖိတ်ကြားချက်အရ ဇန်နဝါရီလ ၂၄ရက်နေ့ကဂျပန်နိုင်ငံသို့ရောက်ရှိနေပါတယ်။ ဂျပန်နိုင်ငံအစိုးရဘက်ကနေ NLD ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် နိုင်ငံတွင်း စီးပွားရေး၊ လူမှုရေး ၊ ပညာရေး၊ ကျန်းမာရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ကူညီပေးဖို့အရေး အဓိကထား ဆွေးနွေးကြဖို့ရှိပါတယ်။ ဂျပန်အစိုးရဘက်က လယ်ယာစိုက်ပျိုးရေး၊ လယ်ယာထွက်ကုန်ပစ္စည်းထုတ်လုပ်ရေး နည်းပညာ ငွေကြေးစတာတွေကို အဓိက ကူညီပေးဖို့ အပါအဝင် မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေမှာ စီးပွားရေးလုပ်ငန်းတွေ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့အရေး NLD ဦးဆောင်တဲ့ စီးပွားရေးကော်မတီအဖွဲ့ ဂျပန်နိုင်ငံကို လာရောက်လေ့လာကြတာဖြစ်တယ်လို့ NLD ဗဟို စီးပွားရေးကော်မတီအဖွဲ့ ဦးဆောင်သူ ဦးမျိုးမြင့်က ဂျပန်ခရီးစဉ်နဲ့ပတ်သက်လို့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေနဲ့တွေ့ဆုံစဉ် အခုလို ပြောဆိုသွားပါတယ်။

“ဘတ်ဂျက်ဆိုတာကျနော်တို့နိုင်ငံသားတွေအခွန်ပေးပြီးသုံးကြတယ်။ ဒီအခွန်တွေဘယ်လိုစီးဝင်သွားတယ်၊ ဘယ်လိုသုံးတယ်ဆိုတာပြည်သူတွေသိကိုသိရမယ်။ ဆုံးဖြတ်ချက်တွေထဲမှာလည်း ပြည်သူတွေပါကိုပါရမယ်။ ဒါဟာဒီမိုကရေစီရဲ့အခြေခံပဲ။ ဒါကြောင့် NLD ဟာဘတ်ဂျက်ရေးဆွဲတဲ့နေရာမှာ ပြည်သူတွေရဲ့သဘောထားပါဝင်မှုကိုအလေးထားမှာဖြစ်ပါတယ်။ နောက်တိုင်းပြည်ရဲ့ပြည်တွင်းငြိမ်းချမ်းရေးမှာ ဖယ်ဒရယ်လို့ပြောနေကြတယ်။ ဖယ်ဒရယ်ဖြစ်ချင်ရင် ဘဏ္ဍာရေးဖယ်ဒရင်လစ်ဇင်းလိုတယ်ဗျ။ အဲတော့ဒါကိုလုပ်ချင်လို့ရှိရင် နိုင်ငံကိုချက်ချင်းတိုးတက်အောင်လုပ်နိုင်တဲ့နေရာက လယ်ယာကဏ္ဍဖြစ်ပါတယ်။ ဒီလယ်ယာကဏ္ဍကို လူဦးရေ (၇၀%)မှီခိုနေရတာဖြစ်တယ်။ ဒါပေမဲ့ လွတ်လပ်ရေးရကတည်းက စစ်အစိုးရခေတ်၊ မဆလခေတ်မပါသေးဘူး။ ဒီကဏ္ဍကို လစ်လျူရှုခံခဲ့ရတယ်။ ကျနော်တို့ခေတ်မှာ ဒါမျိုးမဖြစ်ချင်ဘူး။ အခုပိုပြီးအားကိုးတာက ဂျပန်ဟာ လယ်ယာထုတ်လုပ်မှု ကမ္ဘာမှာ အမြင့်ဆုံးနိုင်ငံဖြစ်တယ်။ အဲတော့ဒီကနည်းပညာတွေကို ကျနော်တို့ဆီကို တတ်နိုင်သလောက်ဖြန့်ဝေပေးကြပါ။ နောက်တခု ဂျပန်ဟာ အဲဒီလိုထုတ်လုပ်မှုအားကောင်းသလိုပဲ လယ်ယာကုန်ပစ္စည်းအများဆုံးဝယ်ယူတဲ့နိုင်ငံဖြစ်တယ်ဆိုတော့ ကျနော်တို့နိုင်ငံအနေနဲ့ ဂျပန်ရဲ့ဈေးကွက်ကိုထိုးဖောက်ဖို့ကြိုးစားတဲ့နေရာမှာ ဒီမှာရှိတဲ့ မြန်မာတွေဝိုင်းဝန်းကူညီပေးကြဖို့မေတ္တာရပ်ခံပါတယ်။”

ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ နဲ့ တွေ့ဆုံခဲ့ကြတဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေဘက် ကလည်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေမှာ NLD ဦးဆောင်တဲ့ အစိုးရသစ်နဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ အသင့်ဖြစ်ကြောင်းနဲ့ ဘယ်လို ပူးပေါင်းပါဝင်ခွင့်ရနိုင်မလဲ ဆိုတဲ့မေးခွန်းတွေအပါအဝင် အသွင်ကူးပြောင်းရေးကာလ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ ၊ အုပ်ချုပ်ရေး အာဏာအလွှဲအပြောင်းကာလ NLD ရဲ့ အစိုးရသစ်မူဝါဒရေးရာတွေနဲ့ပတ်သက်လို့ မေးမြန်းခဲ့ကြပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ မိတ်ဖက်အဖြစ် ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုတွေကမျှော်လင့်နေကြတာပါ။ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ NLD စီးပွားရေးကော်မတီနဲ့တွေ့ဆုံပွဲကို စီစဉ်ပေးခဲ့တဲ့ ဂျပန်နိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးအောင်ထွန်းလင်းကပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ အရင်စစ်အစိုးရအဆက်ဆက်လက်ထက်ကတည်းက မြန်မာပြည်သူလူထုအတွက် ကူညီပံ့ပိုးတာတွေ၊ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ပေးတာတွေကို ဝေဖန်မှုတွေကြားထဲက လုပ်ဆောင်ပေးခဲ့သလို အခု အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာလည်း ဂျပန်နိုင်ငံဘက်က စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်ဦးမှုရရှိဖို့ စီစဉ်တာလည်းဖြစ်နိုင်တယ်လို့ NLD စီးပွားရေး ကော်မတီနဲ့ ဂျပန်နိုင်ငံရော မြန်မာနိုင်ငံသား တွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုဝေယံက သုံးသပ်ပါတယ်။

“အရင်ကထက်စာရင် လျှင်လျှင်မြန်မြန်နဲ့ဖိတ်ခေါ်လိုက်တာတွေ့ရပါတယ်။ ဒီလိုအဖွဲ့တွေခေါ်တယ်ဆိုတာကိုလည်း ကျနော်တို့အနေနဲ့အတော်လေးအံသြမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်တက်မယ့်အမတ်တွေပါပါလာတယ်။ အရင်တုန်းကဆို ဂျပန်အစိုးရအနေနဲ့တွေဝေနေတဲ့သဘောရှိတာကိုး။ တခုခုဆိုရင်စဉ်းစားနေတော့ အချိန်တွေအများကြီးပေးရတယ်လေ။ အခုချိန်မှာအဲဒါတွေကိုရှောင်ရှားပြီးတော့ အမြန်ဆုံးလက်ဦးမှုရယူပြီးတော့စီးပွားရေးတွေအများကြီးမြှုပ်နှံချင်တဲ့အနေအထားလို့မြင်တာပေါ့နော်။”

ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ ကို အဖွဲ့ခေါင်းဆောင် ဦးမျိုးမြင့်၊ Dr. ဦးသန်းမြင့် ဦးလေးညွန့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးစိုးဝင်း ဦးဆောင်ပြီး ၊ စီးပွားရေးကော်မတီအကြံပေးတွေနဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက NLD ပါတီက တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ စီးပွားရေးကော်မတီအဖွဲ့ဟာဂျပန်အစိုးရတာဝန်ရှိသူတွေ၊ စက်မှုလုပ်ငန်းရှင်၊ လယ်ယာလုပ်ငန်းရှင်တွေ၊ နည်းပညာပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့တွေ့ဆုံဖို့ရှိပြီး ခရီးစဉ်ဟာ သတင်းတစ်ပတ်ခန့်ကြာမြင့်မယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲအနိုင်ရအပြီး ကာလ နိုဝင်ဘာလတုန်းကလည်း NLD ဗဟိုအလုပ်အမှုဆောင်ဦးညဏ်ဝင်းကိုယ်တိုင် ဂျပန်ကိုသွားရောက်ပြီး ဂျပန်နိုင်ငံရဲ့နည်းပညာအကူအညီကို ယူပြီး မြန်မာနိုင်ငံရဲ့လယ်ယာကဏ္ဍနဲ့ လယ်သမားတွေ ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို NLD ပါတီအစိုးရ လက်ထက်မှာ လုပ်ဆောင်သွားမယ်လို့ ဂျပန်နိုင်ငံကို မြန်မာနိုင်ငံဖွံ့ဖြိုးရေး အကူအညီတွေကို အပြည့်အဝပေး သွားဖို့ရှိတယ်လို့လဲ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG