သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးဌာန ဖြေရှင်းချက် ကျောက်မျက် လုပ်ငန်းရှင်တွေ ကန့်ကွက်


ကျောက်မျက်ရတနာ အရောင်းပြခန်း။ ( ဇူလိုင် ၂၀၀၆)
ကျောက်မျက်ရတနာ အရောင်းပြခန်း။ ( ဇူလိုင် ၂၀၀၆)

အရင် သတ္တုတွင်း ဝန်ကြီးဌာနကို အမည်ပြောင်းထားတဲ့ သံယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ မှန်ကန်ပွင့်လင်းမှု မရှိတဲ့ အတွက် သူတို့တိုင်ကြားချက်တွေနဲ့ ပတ်သက်လို့ ဘက်လိုက်မှုကင်းတဲ့ ဥပဒေ ပညာရှင်တွေ၊ စာရင်းစစ်တွေနဲ့ အစိုးရ၊ လွှတ်တော်က အဆင့်မြင့် တာဝန်ရှိသူတွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ တခုဖွဲ့ပြီး စစ်ဆေးဖို့ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။ လုပ်ငန်းရှင်တွေဘက်က ကန့်ကွက် ထားတဲ့စာကို ဝန်ကြီးဌာနကို တရားဝင်ပေးပို့ထားကြောင်း လုပ်ငန်းရှင်များကိုယ်စား ဦးကျော်ကျော်ဦးက ဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင် က အပြည့်အစုံကိုပြောပြမှာပါ။

ကျောက်မျက်လုပ်ငန်းရှင်တွေရဲ့ တိုင်ကြားစာကို သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ စစ်ဆေးခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ ဦးကျော်ကျော်ဦးက အခုလိုပြောပါတယ်။

"ဒီကိစ္စကြီးမှာ အရင်အစိုးရက ညွှန်ချုပ်တွေ ဆိုပေမဲ့လည်း အရင်တုန်းက သူတို့က ဗိုလ်မှူးကြီးတွေပဲလေ။ အဲ့တော့ သူတို့တွေက ဗိုလ်ချုပ်ကြီးတွေကို ဗိုလ်မှူးကြီးတွေက စစ်တယ်ဆိုတာကတော့ ဘယ်နည်းနဲ့မှ အမှန်တရားတခုက ထွက်လာမှာ မဟုတ်ဘူး။ ထွက်လာမှာ မဟုတ်တဲ့အတွက် ကျနော်တို့ဘက်က ပွင့်လင်းမြင်သာမှု ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ စစ်ဆေးပါလို့ ကျနော်တို့က တောင်းဆိုထားတယ်ဗျ။"

ဒါအပြင် ဝန်ကြီးဌာနကနေ စစ်ဆေးပြီးနောက် တရားဝင် ထုတ်ပြန်မယ့် စာရင်း ကိုလည်း လုပ်ငန်းရှင်တွေဘက်က စောင့်ဆိုင်းနေကြောင်း ဦးကျော်ကျော်ဦးက ဆိုပါတယ်။

"နောက်ပြီးတော့ လွှတ်တော်က ဦးသိန်းလွင်တို့က သူတို့က ပိုအဆင့်မြင့်တဲ့ကော်မတီ တခု ဖွဲ့မယ် ဆိုတာ ဘယ်လိုဖွဲ့မလဲ ဆိုတာကိုလည်း time frame တခုပေးပြီး စောင့်မှာ။ အဲ့ဒီ့ time frame အတွင်းမှာမှ မပေးဘူးဆိုရင်တော့ ကျနော်တို့က ဥပဒေကြောင်းအရ အရေးယူမယ်လို့ စဉ်းစားထားပါတယ်ခင်ဗျ။"

ဒါပေမဲ့လည်း ဝန်ကြီးဌာနဘက်ကတော့ သူတို့ရဲ့ စစ်ဆေးမေးမြန်းချက်တွေအရ တိုင်ကြားစာမှာပါတဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို ငွေပေးတယ်ဆိုတဲ့ စွပ်စွဲချက်မှာ အထောက်အထား အခိုင်အမာ မတွေ့ရဘူးလို့ စစ်ဆေးရေး အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ညွန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က မနေ့ကပြောပါတယ်။

ဒီအပေါ်မှာ ဦးကျော်ကျော်ဦး ရဲ့ တုန့်ပြန်ချက်ကတော့-

" သူတို့ကတော့ ငြင်းမှာပေါ့ဗျာ။ ကျနော့်ကို စစ်ဆေးတဲ့အချိန်တုန်းက ဗိုလ်မှူးကြီးဝင်းထိန်က ယူရို ၇သန်း သမ္မတကြီးကို ပေးလိုက်ရပါတယ်။ တစ်သန်းပဲ အသင်းက ပိုက်ဆံက ထုတ်ပေးလိုက်တယ်။ ကျန်တဲ့ခြောက်သန်းကတော့ ကျန်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေ စုပေါင်းပြီး ပေးလိုက်တယ်လို့ ပြောတယ်။ ဒါက သူ့ပါးစပ်က ပြောတာ။ အသံဖိုင် ရှိပါတယ်။

ကျနော်တို့က တိုင်တဲ့ရည်ရွယ်ချက်ကလည်း အသင်းသူ၊ အသင်းသားများရဲ့ ၁% Tax ကို ဒီဟာကို ဘယ်လိုသုံးထားတာလဲ။ ဘယ်လိုတိတိကျကျ မှန်မှန်ကန်ကန် သုံးထားတာလည်း ဆိုတာ ဒါကို သိချင်လို့ ကျနော်တို့က ဒါကို တိုင်တန်းခြင်း ဖြစ်တယ်။ ကျနော်တို့နဲ့ နိုင်ငံရေးနဲ့ ဘာမှ ပတ်သတ်မှု မရှိဘူး။

မအင်ကြင်းနိုင်။ ။ ဒီတိုင်ကြားစာမှာပါတဲ့ စာရင်းအချက်တွေကို ဘယ်လိုပြုစုခဲ့ တာလဲရှင့်။

ဦးကျော်ကျော်ဦး။ ။ ဒါက အသင်းထဲမှာ စဖြစ်တဲ့ ပြဿနာ ဗျ။ တင်ဒါ ခေါ်ရမယ့် ကိစ္စတွေ တင်ဒါ မခေါ်ဘူး By Name နဲ့ ပေးလိုက်တယ်။ မတန်တဲ့ ဟာတွေ လည်း ဈေးတွေပေး လိုက်တယ်။ ဥပမာအားဖြင့် အဆောက်အဦးတခုက စာချုပ် စပြီး တင်လိုက်တယ် နှစ်သန်းပဲရှိတယ်။ ငွေထုတ်သွားတော့ ငါးသန်းထုတ်သွားတယ်။ စာချုပ်စာတမ်းကြည့်လိုက်တော့လည်း ခိုင်မာမှု မရှိဘူး။ သေချာမှုလည်း မရှိဘူး။ ဖြစ်ကလက်ဆန်း လုပ်ထားတာတွေ အများကြီးဗျာ။ အဲ့တာမျိုးတွေ မြင်တဲ့ အခါကျတော့ အဲ့တာတွေကို ထောက်ရင်း ထောက်ရင်းနဲ့ ဒီ ၉၃ သန်း ကိစ္စကြီးက ပေါ်လာတာပေါ့။

မအင်ကြင်းနိုင်။ ။ နောက်ပြီးတော့ ဒီလုပ်ငန်းရှင်တွေဘက်က တိုင်ကြားစာ ကို ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနဲ့ ကေ်ာမရှင်ကိုပဲ လိပ်မှုပြီးတော့ ပို့ခဲ့တာလဲရှင့်။

ဦးကျော်ကျော်ဦး။ ။ ဥပဒေကြောင်းအရ ဒီငွေသည် ပေးစရာမလိုဘူး။ ပေးစရာ မလိုတဲ့ ပိုက်ဆံကို ကျနော်တို့ကို ဥပဒေပြင်ပကနေ ကောက်ထားတဲ့အတွက်ကြောင့် ဥပဒေရေးရာ ကော်မတီကို တိုင်တာ။ နံပတ်တစ် အထူးကိစ္စရပ်များဆိုတဲ့ကိစ္စက ကျနော်တို့ကိစ္စကြီးက တော်တန်ရုံလူ စာရင်းသွားတောင်းလို့ ရတာမဟုတ်ဘူးလေ။ အခုအချိန်အထိလည်း မရသေးဘူးလေ၊ ၉၃ သန်းကိစ္စက အထူးကိစ္စဖြစ်တဲ့အတွက် ကျနော်တို့က ဒီဟာကို အထူးကိစ္စရပ်များဆိုတဲ့ ကေ်ာမတီကို တိုင်တယ်။ လိုအပ်လို့ ရှိရင် လွှတ်တော်မှာ ကျနော်တို့ အရေးတကြီးအဆိုတင်သွင်းမယ်။ ပြီးလို့ရှိရင် ကက်ဘိနက်တို့ဘာတို့က အဖွဲ့တွေ ဖွဲ့ပြီးတော့ စစ်ဆေးစေချင်တဲ့အတွက်ကြောင့် ကျနော်တို့ အထူးကိစ္စရပ်များ ကေ်ာမတီကို တိုင်တာ။"

ဒါအပြင် ကျောက်မျက်လုပ်ငန်းတခုလုံးရဲ့ ၆၀% ကျော်ကို အိမ်နီးချင်း တရုတ်နိုင်ငံက လုပ်ငန်းရှင်တွေ ကျောထောက်နောက်ခံပေးထားတဲ့ မြန်မာနာမည်ခံ ကုမ္ပဏီတွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ စီးပွားရေးသမားတွေက ပိုင်ဆိုင်ထားကြောင်း ဦးကျော်ကျော်ဦးကပြောပါတယ်။

" ရင်းနှီးမြှုုပ်နှံမှု အများဆုံးကတော့ တရုတ်တွေပါပဲ။ ကျနော်တို့ ကျောက်မျက်လောက မှာ တကယ် လုပ်နေတယ်ဆိုတာက တရုတ် Backing လုပ်နေတဲ့ မြန်မာပြည်က မြန်မာ ကုမ္ပဏီတွေ ဆိုတာ နာမည်ခံပဲရှိတယ်။ တကယ်တမ်း အများကြီး အင်နဲ့အားနဲ့လုပ်တယ်ဆိုတာက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ စက်ယန္တယားများများနဲ့ အင်အားကြီးကြီး လုပ်နေတာ။ တိုင်းရင်းသားကုမ္ပဏီတွေဆိုတာ ဒီလိုမျိုး မလုပ်နိုင်ပါဘူး။

မအင်ကြင်းနိုင်။ ။ အဲ့ဒီ့တော့ NLD အစိုးရအနေနဲ့ ဘယ်လိုဖြေရှင်းသင့်တယ် လို့ မြင်ပါလဲရှင့်။

ဦးကျော်ကျော်ဦး။ ။ နံပတ်တစ် အချက်က NLD နဲ့ တပ်မတော်နဲ့ သေသေချာချာကို ပူးပေါင်းပြီး လုပ်ဆောင်မှ ဒီဟာတွေက ဖြေရှင်းလို့ရမှာဗျ။ ဥပမာအားဖြင့်ဆိုရင် ဝန်ကြီး ဖားကန့်ကို ဝင်စစ်ဆေးတယ်ဗျ။ သူစစ်ဆေးချင်တဲ့နေရာကို အကုန်လုံး သွားနိုင်ဖို့အတွက် လုံခြုံရေး မပေးနိုင်ဘူး။ ဆိုတော့ အဲ့လိုမျိုး အခြေအနေတွေ ဆိုတာက ဟိုဘက်ဒီဘက် ပူးပေါင်းပြီး လုပ်ဆောင်မှသာ အောင်မြင်နိုင်မယ်လို့ မြင်တယ်လေ။ မပူးပေါင်းရင်တော့ ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ "

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ (၇)နှစ်အတွင်း ကောက်ခံထားတဲ့ ရံပုံငွေ ယူရို(၉၃)သန်းကို ဘယ်လိုသုံးစွဲခဲ့သလဲဆိုတာ ထင်သာမြင်သာမှုရှိအောင် စစ်ဆေးပေးဖို့ တနိုင်ငံလုံးမှာရှိတဲ့ ကျောက်မျက်လုပ်ငန်းရှင်စုစုပေါင်း (၈၀)ကျော်က မတ်လ (၂၇)ရက်စွဲနဲ့ ပြည်သူလွှတ်တော် ဥပဒေရေးရာသုံးသပ်ရေးကော်မရှင်ကို တိုင်ကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG