သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မျက်လုပ်ငန်း အလွဲသုံးစားမှုစွပ်စွဲချက် ခိုင်လုံမှုမရှိကြောင်း စစ်ဆေးတွေ့ရှိ


ကျောက်မျက်ရတနာ အရောင်းပြပွဲ။ (ဇူလိုင် ၃၊ ၂၀၀၆)
ကျောက်မျက်ရတနာ အရောင်းပြပွဲ။ (ဇူလိုင် ၃၊ ၂၀၀၆)

ကျောက်မျက်ရတနာ ရောင်းချတဲ့ အခွန်ငွေထဲကနေ သမ္မတဟောင်းဦးသိန်းစိန်နဲ့ ဝန်ကြီးဟောင်း ဦးစိုးသိန်းတို့က ငွေအလွဲသုံးစားမှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အထောက်အထားခိုင်ခိုင်မာမာ မတွေ့ရဘူးလို့ အစိုးရစစ်ဆေးရေးအဖွဲ့က တုန့်ပြန်ထားပါတယ်။ ဌာနဆိုင်ရာအရာထမ်း ၅ဦးနဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေ အပါအဝင် စုစုပေါင်း ၁၃ ဦးကို စစ်ဆေးခဲ့ပြီးပြီလို့ စစ်ဆေးရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခ စုံစမ်းမေးမြန်း ထားတာပါ။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များ အသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ အမေရိကန်ဒေါ်လာ ၈၆ သန်း ကိစ္စအတွက် အသင်းအမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် အပါအဝင် လူ ပုဂ္ဂိုလ် ၃ ဦးနဲ့ ခုံရုံးဖွဲ့ပြီး စစ်ဆေးခဲ့ပါ တယ်။

စစ်ဆေးချက်တွေအရ သမ္မတဟောင်းဦးသိန်းစိန်ကို ငွေပေးထားတယ်ဆိုတဲ့ စွပ်စွဲချက် အထောက်အထားအခိုင်အမာ မတွေ့ရဘူးလို့ စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် သတ္ထုတွင်းဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ဗွီအိုအေကို ပြောပါတယ်။

" ကျနော်ကတော့ ပြောရရင်တော့ ပထမ သမ္မတဟောင်းဦးသိန်းစိန်လက်ကို ဒေါ်လာ ၇ သန်းပေးရပါတယ်ဆိုတဲ့ သူတို့ရဲ့တိုင်စာထဲမှာ ပါတာပေါ့။ တကယ် စစ်ဆေးတဲ့ အခါမှာတော့ ဦးသိန်းစိန်ကို ဘာမှ မပေးလိုက်ရဘူး။ Myanmar Art Center ကိုပဲ ဗဟိုကော်မတီ ရံပုံငွေအတွက်ကို ဒေါ်လာတစ်သန်းကို အကောင့်ထဲကနေ လွှဲပေးလိုက်တာ ရှိပါတယ်။ နောက်တခါ ဦးစိုးသိန်းကိုလည်း ဗဟိုကော်မတီ ရံပုံငွေထဲက ထုတ်ပေးတာ တစ်ပြားတစ်ချပ်မှ မရှိပါဘူး။ အကောင့်တွေထဲကနေ လွှဲပေးခဲ့ရတာ မရှိပါဘူး။ "

စွပ်စွဲချက်များအပေါ် တိုင်ခံရသူတွေဘက်ကတော့ ငြင်းဆန်မှုတွေ ရှိပါတယ်။ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကိုယ်တိုင်ကလည်း စွပ်စွဲမှု အပေါ် ငြင်းဆို ထားသလို သတ္ထုတွင်း ဝန်ကြီးဟောင်းကလည်း ငြင်းဆိုထားပါတယ်။ ဒီခုံရုံးဖွဲ့ စစ်ဆေးတဲ့ ရလာတဲ့အဖြေ၊ စစ်ဆေးမှု ဒီငွေကြေးနဲ့ပတ်သတ်ပြီး စစ်ဆေးရေးမှူး ဦးဝင်းထိန် က အခုလိုပြောပါတယ်။

" အဲ့တာ ကျောက်မျက်အသင်းပိုင်ငွေ မဟုတ်ဘူးနော်။ ဗဟိုကော်မတီပိုင်ဖြစ်တယ်။ အသင်းဆိုတာ ကျနော်ထင်တယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ အသင်းက နောက်မှ ပေါ်တာပေါ့နော်။ ဗဟိုကော်မတီဆိုတာ အရင်ပေါ်ပြီး အသင်းအတွက် သုံးလာခဲ့တာပေါ့နော်။ ပြပွဲအတွက် သုံးခဲ့တာပေါ့နော်။ အဲ့တော့ အသင်းပိုင်ငွေတော့ မဟုတ်ဘူးနော်။ အသင်းပိုင်ငွေမဟုတ်ဘူး ဒါ။ ပြပွဲဗဟိုကော်မတီ ပိုင်တဲ့ငွေဖြစ်တယ်။ ၉၃ သန်းတို့ ဘာတို့ ပြောတာ ပြပွဲ ဗဟိုကော်မတီ ပိုင်တဲ့ငွေဖြစ်တယ်။ အဲ့တော့ ပြပွဲ ဗဟိုကော်မတီမှာ ပါတဲ့ နာယကတွေ၊ ဥက္ကဋ္ဌတွေ အပါအဝင် တက်တဲ့အဖွဲ့တွေပေါ့နော်။ အရင်တုန်းကတော့ ၄၀ ကျော်ရှိတာပေါ့ ဗဟိုကော်မတီဝင်။ အဲ့ဒီ့အဖွဲ့တွေရဲ့ဆုံးဖြတ်ချက်နဲ့ ဒါတော့ ဘယ်လိုသုံးမယ် ဘယ်လိုလုပ်မယ်ဆိုတာ။ ၂၀၀၆ ကတည်းက သုံးလာတာ ၂၀၁၆ ခုနှစ် အခုကျမှ ဟိုလူက သူပိုင်တယ် ဒီလူက သူပိုင်တယ်နဲ့ ဟိုတုန်းက သူတို့ တစ်ခွန်းမှ ပြောခဲ့ကြတာမဟုတ်ဘူးနော်။"

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ တိုင်ကြားစာမှာ အသင်း စတင် တည်ထောင် သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျောက်မျက်လုပ်ငန်း ရှင်များထံမှ ၁ ရာခိုင်နှုန်း ကောက်ခံထားသော ရန်ပုံငွေတွေကို အများသဘောဆန္ဒ မပါဘဲ သုံးစွဲမှုနဲ့ပတ်သက်တဲ့ တိုင်ကြားချက် ၁၂ ချက်နဲ့ တိုင်ကြားခဲ့တာပါ။

ဒီအထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်ကို အနုပညာ ဦးစီးဌာန အတွက်ဟုဆိုကာ အမေရိကန်ဒေါ်လာ ၇ သန်းပေးအပ်ခြင်းနဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကို ကန် ဒေါ်လာ ၅ သန်းပေးအပ်ခြင်း ကိစ္စတွေလည်း ပါတယ်။ တိုင်ကြားသူတွေထဲမှာ ပါဝင်တဲ့ ကျောက်မျက်အသင်း ဗဟိုအလုပ်အမှုဆောင် ဦးကျော်ကျော်ဦး ကတော့ ကျောက်မျက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၆ သန်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်လို့ စာရင်းအတိအကျ ဘယ်လို ရထားသလဲ ဆိုတာလည်း ထုတ်ပြန်ခြင်းမရှိပါဘူး။

ဒီသုံးစွဲငွေ ကန်ဒေါ်လာ ၈၆သန်းကို စိစစ်တာမှာ အဲ့ဒီအထဲမှာ သမ္မတဟောင်း ဦးသိန်းစိန် ကို အနုပညာဦးစီးဌာန ဆောက်လုပ်ရန် ပေးအပ်ခဲ့တဲ့ ငွေကြေးနဲ့ ပတ်သတ်ပြီး စွပ်စွဲ သလောက် ပေးခဲ့ခြင်း မရှိကြောင်း ဒီငွေကြေးကို အနုပညာစင်တာ လုပ်ရတဲ့အပေါ် ဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ခုလို ပြောဆိုထားပါတယ်။

" ဒီကျောက်မျက်တွေသည် ခင်ဗျားတို့ ကျနော်တို့ ပြည်သူပိုင်တဲ့ဟာ။ အဲ့တာတွေကို ထုတ်ယူသုံးစွဲ၊ ထုတ်ယူပြီးတဲ့နောက် ရောင်းရတယ်။ ရောင်းရတဲ့ဟာက သတ်မှတ်တဲ့ အခွန်အခ နိုင်ငံတော်ကို ပေးတယ်။ ကျန်တဲ့ အကျိုးအမြတ် သူတို့ယူတယ်။ အဲ့ဒီ့အကျိုးအမြတ် ယူတဲ့ဟာက ဒီ ၅၂သန်းသော ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တခုတည်းတင် မယူဆဘူး ကျန်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး သုံးစွဲရမယ်လို့ သုံးစွဲပေးမယ်လို့ ကျနော်တို့ကယူဆတယ်လေ ဒါကြောင့်မို့လို့ ခုနက အနုပညာစင်တာ အဲ့ဟာက ကျနော်တို့ ဒီငွေတွေနဲ့ ဘာမှ မပတ်သတ်ဘူး။ "

လက်ရှိမှာ အချို့လေ့လာသုံးသပ်သူတွေကတော့ ကျောက်မျက်ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲမှု ကိစ္စဟာ နိုင်ငံရေး အရ အရင်အစိုးရဟောင်းကို တိုက်ခိုက်တာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပေမယ့် တိုင်တန်းသူတွေထဲက ပါဝင်တဲ့ ကိုကျော်ကျော်ဦးက တော့ ဒါကိုငြင်းဆိုထားပါတယ်။

ဒီအပြင်စစ်ဆေးမှုနဲ့ ပတ်သတ်ပြီး တရားနည်းလမ်းကျဖို့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်း အမှုဆောင်တွေက သမာသမတ် ရှိတဲ့ခုံရုံးအသစ်နဲ့စစ်ဆေးပေးဖို့ ဝန်ကြီးဌာနကိုတောင်းဆိုထားပါတယ်။ ဒီဝန်ကြီးဌာန စစ်ဆေးမှုရလဒ်က မကြာခင်ထွက်လာတော့မှာပါ။ ခုချိန်ထိကတော့ ကျောက်မျက်ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲခဲ့တဲ့ ကိစ္စဟာ အရင်သတ္တုတွင်း ဝန်ကြီးဌာန၊ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၊ ကျောက်မျက်အသင်း ဥက္ကဋ္ဌနဲ့ တိုင်ကြား ထားတဲ့ ကျောက်မျက်လုပ်ငန်းရှင် တွေအကြား ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG