သုံးရလွယ်ကူစေသည့် Link များ

ကျောက်မျက်ရန်ပုံငွေ ကိစ္စ နိုင်ငံတော်အဆင့် စစ်ဆေးမည်


ကျောက်မျက်ရတနာ အရောင်းပြခန်း (၂၀၀၆)

အသင်းရန်ပုံငွေ ယူရို (၉၃)သန်းကိုသုံးစွဲရာမှာ အဂတိလိုက်စားပြီး အလွဲသုံးစားပြု ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေဘက်က တိုင်ကြားချက် ကို နိုင်ငံတော်အဆင့်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပူးပေါင်းပြီး ထပ်မံ ကိုင်တွယ် စစ်ဆေးသွားမယ်လို့ သူတို့ကြားသိ ရကြောင်း ကျောက်မျက် လုပ်ငန်းရှင်တွေ ဘက်ကပြောပါတယ်။ ဒီအတော အတွင်း နိုင်ငံတော်နဲ့ အကျိုးတူ ဆိုတဲ့ခေါင်းစဉ် နဲ့ ကျောက်မျက် လုပ်ငန်းရှင်တွေဆီက (၁%)ထပ်မံကောက်ခံထားတဲ့ ရန်ပုံငွေထဲက နောက်ထပ် ယူရိုငွေ သန်း(၆၀)ကျော် သုံးစွဲ ထားတဲ့ငွေစာရင်းပျောက်နေကြောင်း ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ တိုင်ကြား ထားတဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေကိုယ်စား ဦးကျော်ကျော်ဦးက ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

မြန်မာ့ကျောက်မျက်လုပ်ငန်းရှင်တွေရဲ့ ၁% အခွန်အဖြစ်ကောက်ခံထားတဲ့ ရံပုံငွေတွေထဲက အသင်းအဖွဲ့အစည်းနဲ့ ဆန့်ကျင်ပြီး ပွင့်လင်းမြင်သာမှု လုံးဝမရှိဘဲ အဂတိလိုက်စားပြီး အလွဲသုံးစားပြုထားတဲ့ ငွေကြေးလုပ်ငန်းတွေကို စိစစ်ဖေါ်ထုတ် အရေးယူပေးဖို့ မေလကုန်ပိုင်းမှာ ကျောက်မျက်လုပ်ငန်းရှင်တွေက ဥက္ကဌအဖြစ် သူရဦးရွှေမန်း တာဝန်ယူထားတဲ့ ပြည်သူလွှတ်တော်ရဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ စုံစမ်းရေးကော်မတီကို တိုင်ကြားစာပို့ခဲ့တာပါ။

ဒီတိုင်ကြားစာနဲ့ပတ်သက်လို့ ပြည်ထဲရေး၊စီမံကိန်း နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုစာရင်းချုပ်ရုံးတို့က သင့်တော်တဲ့ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးသင့်ကြောင်း အကြံပြုထားတဲ့စာကို သူရဦးရွှေမန်းကော်မတီက ပြည်ထောင်စုလွှတ်တော်ရုံးနဲ့ နိုင်ငံတော်သမ္မတရုံးကို မနေ့က ပေးပို့ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ကိုယ်တိုင်လည်း တိုင်ကြားထားတဲ့ လုပ်ငန်းရှင် လည်းဖြစ်၊ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းချုပ်ရဲ့ အတွင်းရေးမှူး လည်းဖြစ်တဲ့ ဦးကျော်ကျော်ဦးက အခုလို ဗွီအိုအေကိုပြောပါတယ်။

ဦးကျော်ကျော်ဦး။ ။ မနေ့ညနေ သုံးနာရီက ကျနော်တို့ သတင်းတခု အသစ် ထပ်ရတယ်။ အဲ့တာက ဥပဒေရေးရာနဲ့ အထူးကိစ္စများ ကော်မတီကနေပြီးတော့ ဒီ့ထက် အဆင့်မြင့်တဲ့ အဖွဲ့နဲ့ စုံစမ်းစစ်ဆေးဖို့ဆိုပြီးတော့ သူတို့ကနေပြီး လွှဲပေးလိုက်ပြီ။ ဘယ်ကို လွှဲပေးလိုက်လဲ ဆိုတော့ ပြည်ထဲရေး ဝန်ကြီးဌာန ရယ် နောက်တခုက ဘဏ္ဍာရေးဝန်ကြီးဌာနရယ် စာရင်းစစ်ချုပ်ရုံးရယ် အဲ့တော့ ဒီဌာနသုံးခုကနေ ကိုယ်စားပြုပြီးတော့ စစ်ကြတော့မယ်။ ပိုပြီးတော့ အဆင့်မြင့်တဲ့ အဖွဲ့တွေ ဖွဲ့ကြတော့မယ်။ ဖွဲ့ပြီး စစ်ကြမယ် ဒီဟာကြီးကို။ သူတို့ ဒီအဖွဲ့ကြီးနဲ့ စစ်ပြီ ဆိုလို့ရှိရင် အသင်းချုပ်ထဲမှာ ရှိတဲ့ အပြင်ကနေ အင်ဂျင်နီယာတွေ ကျနော်တို့ခေါ်ပြီးတော့ စစ်မယ် ဆိုတဲ့ဟာကြီးက ၁၅ရက်နေ့ကျရင် စစ်ဖို့အတွက်က ဖွဲ့ဖို့အတွက် မလိုအပ်တော့ဘူး။ နိုင်ငံတော်က စစ်ပြီဆိုတော့ ကျနော်တို့ဘက်က စစ်ဖို့ မလိုတော့ဘူး။ နိုင်ငံတော် ကလည်း တရားဝင်စစ်ပြီ စသုံးလုံးကလည်း တရားဝင် စစ်ပြီ။ ကျနော်တို့ ၁၅ရက်နေ့မှာ ဖွဲ့မယ့်အဖွဲ့ဟာ မလိုအပ်တော့ဘူးလို့ မြင်ပါတယ်။ အဲ့တော့ ကျနော်တို့ ဖွဲ့ဖြစ်မယ် မထင်တော့ပါဘူး။"

မအင်ကြင်းနိုင်။ ။ ဒါဆိုရင် နိုင်ငံတော်အဆင့်က စစ်ဆေးတော့မယ့် အခြေအနေ ရောက်လာတဲ့ အခါမှာ အဲ့အပေါ်မှာရော ဘယ်လိုသုံးသပ်ပါလဲရှင့်။

ဦးကျော်ကျော်ဦး။ ။ ကျနော်တို့ကတော့ ကြိုဆိုတာပေါ့ဗျာ။ အမှန်တရားတခု ကတော့ ပေါ်ပေါက်လာမယ် ဆိုတဲ့အတွက်ကြောင့် ကျနော်တို့ ကြိုဆိုတယ်။ ဘယ်နေရာမှာ သုံးလိုက်တာလဲ။ သုံးလိုက်တဲ့ဟာကရော တန်ဖိုးနဲ့ ကိုက်ညီရဲ့လား။ နောက်ပြီးတော့ သုံးခွင့်ရော ရှိလား။ အဲ့ဒီ့ဟာမျိုးတွေကို ကျနော်တို့က စစ်စေချင်တာလေ။ အထူးသဖြင့် စာရင်းစစ်ချုပ်ရုံးပေါ့နော်။ စာရင်းစစ်ချုပ်ရုံး ဆိုတာ တတိုင်းပြည်လုံးမှာ လွတ်လပ်စွာ စစ်ဆေးပိုင်ခွင့်ရှိတာပေါ့။ သြဇာအာဏာ လုပ်ပိုင်ခွင့်ကလည်း အဲ့တာအခါကျတော့ စာရင်းစစ်ချုပ်ရုံးက ပါလာပြီဆိုတော့ အမှန်တရားတွေ ပါလာမယ်ဆိုတာ ကျနော်တို့ အများကြီး မျှော်လင့်ပါတယ်။"

အခုလို ကျောက်မျက်အသင်း ရန်ပုံငွေ ယူရိုငွေ (၉၃)သန်း ကိစ္စ စစ်ဆေးမှုတွေဖြစ်နေ ချိန်မှာပဲ နောက်ထပ် ကျောက်မျက်လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတော် အကျိုးတူ ဆိုတဲ့ခေါင်းစဉ် နဲ့ ကောက်ယူနေတဲ့ငွေတွေထဲက အခွန်ငွေ (၁%) ကောက်ယူ ထားတဲ့ ရန်ပုံငွေ စုစုပေါင်း ယူရိုငွေသန်း (၆၀)ကျော် စာရင်းပျောက်ဆုံးနေတယ် ဆိုတာကို ထပ်ပြီးတွေ့ခဲ့ရတယ်လို့ ဦးကျော်ကျော်ဦးကပြောပါတယ်။

" စောစောက ကောက်တယ် ဆိုတာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ က ကောက် တာ။ နောက်တော့ အကျိုးတူ ဆိုတာ နိုင်ငံတော်နဲ့ အကျိုးတူ ဆိုတာ ဥပမာ လုပ်ကွက် တကွက်ကို နိုင်ငံတော်က မြေကြီးစိုက်တာပေါ့ဗျာ။ လုပ်ငန်းရှင်က ပညာရှင်တွေ ယန္တယားတွေနဲ့ စိုက်ပြီး တူးတယ်။ ၄၀/ ၆၀ ယူကြတယ်။ နိုင်ငံတော်က ၄၀ ယူတယ်။ လုပ်ငန်းရှင်က ၆၀% ယူတယ်။ အဲ့ဒီ့အပေါ်မှာလည်း ၁% Tax ဆိုတာ သပ်သပ် ကောက်ထားတာ ရှိတယ်။ ကောက်ထားတာရှိတဲ့အခါကျတော့ အဲ့ဒီ့မှာလည်း ယူရို သန်း (၆၀) ဆိုတာ ရှိတယ်။ အဲ့ဒီ့စာရင်းကြီး ကလည်း ဘယ်ပျောက်နေလဲ ကျနော်တို့မသိဘူး။ ဒါက ၉၃ သန်း Plus သန်း ၆၀ ဆိုတာက အသစ် additional ထပ်ထွက်လာတဲ့ စာရင်းတွေ။

မအင်ကြင်းနိုင်။ ။ အဲ့ဒီ့သန်း ၆၀ ထပ်ထွက်လာတယ် ဆိုတဲ့ဟာကရော ဘယ်လိုလုပ် သိရလဲရှင့်။

ဦးကျော်ကျော်ဦး။ ။ ကျနော်တို့က အရင်တုန်းက အကျိုးတူထဲက ပိုက်ဆံနဲ့ ကျနော်တို့ ဒီဟာနဲ့ကို အတူတူကောက်ထားတယ်လို့ ကျနော်တို့က နားလည်တာပေါ့နော်။ ကျနော်တို့လည်း သေချာကောက်ရတာမှ မဟုတ်တာကိုး။ နောက်ကျတော့မှ ဒီဟာ မဟုတ်ဘူး။ သီးခြားခွဲပြီးတော့ ကောက်တယ်ဆိုတာကို သိလာရတယ်။ ရိုးရိုး ကျနော်တို့ ဒီ ပုဂ္ဂလိက လုပ်ငန်းရှင်အတွက်က သပ်သပ် ၉၃ သန်း သွားတယ်။ အကျိုးတူထဲမှာ ကောက်တာတော့ သန်း ၆၀ ဆိုတာ ရှိတယ်လို့ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ Evidence လည်း မရှိဘူး ။ ကျနော်တို့ကိုယ်တိုင် ကောက်တာလည်း မဟုတ်တဲ့ အတွက်ကျတော့ အခု စစ်ပြီဆိုရင်တော့ ဒီဟာတွေရဲ့ စာရင်းဇယားတွေ အကုန်ထွက်လာမှာလေ။ အကုန်လုံးပေါ်လာတော့မှာလေ။"

သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ စစ်ဆေးချက်အရ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ဟာ အသင်းရန်ပုံငွေနဲ့ ပတ်သက်မှု မရှိဘူးဆိုတာတွေ့ရှိရကြောင်း စစ်ဆေးရေး အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ညွန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောဆိုခဲ့ပါတယ်။

ဇွန်လ(၈)ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူနဲ့ အမှုဆောင်အဖွဲရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တိုင်ကြားစာပါ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အသင်းအနေနဲ့လည်း ကော်မတီဖွဲ့ပြီး စစ်ဆေးသွားမှာဖြစ်တယ်လို့ ဦးရုံးမူက ဆိုပါတယ်။ ဒါ့အပြင်ကျောက်မျက် ရတနာပြပွဲ မှာ ရောင်းရငွေအပေါ် ကောက်ခံခဲ့တဲ့ ၁ ရာခိုင်နှုန်းကို ၂၀၁၆ ခုနှစ် ဇွန်လမှာ ကျင်းပပြုလုပ်မယ့် ကျောက်မျက် ရတနာပြပွဲမှာ ကောက်ခံမှာ မဟုတ်ဘူးလို့ ဒုဥက္ကဋ္ဌ ဦးမြင့်ဟန်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG