အမေရိကန်ပြည်ထောင်စုမှာ အခုလက်ရှိ အပူတပြင်း ဆွေးနွေးငြင်းခုန် စရာ ဖြစ်နေတဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ထောက်ခံ သူတွေလည်း ရှိသလို၊ ကန့်ကွက်သူတွေလည်း ရှိကြတဲ့အထဲ - အမေရိကန်ရောက် မြန်မာတွေကြားမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အယူအဆတွေ အမျိုးမျိုး ရှိနေတာပါ။ မကြာသေးခင်က ဖလော်ရေဒါပြည်နယ် အော်လန်းဒိုမြို့က လိင်တူချစ်သူတွေ အများစုသွားရာ နိုက်ကလပ် တခုမှာ သေနတ် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် - သေနတ်ထိန်းချုပ်ရေးကိစ္စက တကျော့ပြန် ပေါ်ပေါက် လာခဲ့ပြီး - အခုနောက်ဆုံး အောက်လွှတ်တော်မှာ ဒီမိုကရက်တစ်အမတ်တွေက ထိုင်သပိတ် ဆင်နွှဲတဲ့အထိ ဖြစ်လာခဲ့တာပါ။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပါ မယ်။
အစွန်းရောက် သေနတ်သမားတဦးကြောင့် လူ ၄၉ ဦး သေဆုံးပြီး ၅၃ ယောက် ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့ အော်လန်းဒိုမြို့က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း - လူတွေ အလွယ်တကူ သေနတ်ဝယ်ယူလို့မရအောင် ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး အဆိုပြုချက် ၄ ခုကို အစိုးရက လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။
ဒီအဆိုပြုချက်တွေထဲမှာ - အစွန်းရောက်သမားတွေအဖြစ် သံသယ ရှိသူတွေလက်ထဲ သေနတ်တွေ ရောက်မသွားအောင် ဟန့်တားဖို့၊ နောက်ကြောင်း ရာဇ၀င် စစ်ဆေးမှုတွေ မဖြစ်မနေ လုပ်ဆောင်သွားဖို့တွေ ပါဝင်ပါတယ်။ ဥပဒေမူကြမ်းကို တနင်္လာနေ့ကပဲ အထက်လွှတ်တော်ကနေ နိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေပါ သေနတ်ရောင်းဝယ်သူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ရာ ရောက်တာကြောင့် ပယ်ချခဲ့ပါတယ်။
ဒီနောက်မှာတော့ အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Nancy Pelosi အပါအ၀င် အမတ် ၂၀ လောက်က ဒီဥပဒေမူကြမ်းကို လွတ်လပ်ရေးနေ့ အားလပ်ရက်မတိုင်ခင် မဲခွဲဆုံးဖြတ်ဖို့ ဖိအားပေးတဲ့အနေနဲ့ လွှတ်တော်ခန်းမထဲမှာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြ ပါတယ်။
အမေရိကန်ပြည်သူတွေကြားမှာလည်း သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီးတော့ ထောက်ခံသူတွေရှိသလို၊ ကန့်ကွက်သူလည်း ရှိကြတာပါ။ ဒီအထဲမှာ အမေရိကားရောက် မြန်မာတွေလည်း ပါဝင်ကြပါတယ်။
ထောက်ခံသူတွေရဲ့ အမြင်ကတော့ - အလွယ်တကူ သေနတ်ဝယ်ယူလို့မ ရရင် သေနတ်ကြောင့် သွေးထွက်သံယို သေဆုံးရမှုတွေ လျော့သွားမယ်လို့ ယုံကြည်ကြပါမယ်။ ကန့်ကွက်သူတွေဘက်မှာတော့ - လူတိုင်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် သေနတ်ကိုင်ဆောင်ခွင့် ရှိသင့်တယ်လို့ မြင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မယ်ရီလန်းပြည်နယ်နေ ကလေးဖခင် တဦးဖြစ်တဲ့ ဦးဇော်မိုးကျော်ကတော့ -
“ဒီနိုင်ငံမှာ သေနတ်တွေက အလွယ်တကူ ၀ယ်လို့ရတယ်။ အဲဒီအခါကျတော့ ဒီနိုင်ငံမှာဆိုရင် သေနတ်ပစ်မှုကြောင့် သေဆုံးရတဲ့သူတွေ အများကြီးရှိ တယ်။ အပြစ်မဲ့တဲ့သူတွေ ဥပမာ ကျောင်းတွေ ၀င်ပစ်တယ်ဆိုတာမျိုးတွေ က တော်တော် ဆိုးတယ်။ ဒါကြောင့်မို့လို့ လက်နက်ထိန်းချုပ်တဲ့ ဥပဒေပြဌာန်း တာတွေကို အိုဘားမား အစိုးရလုပ်တာ ကျနော်ကတော့ ထောက်ခံတယ်။ ဒီနိုင်ငံမှာ သေနတ်ဝယ်လို့ရတာက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဆင့်ထက် ကို ကျော်တယ်။ ဆိုကြပါစို့ M16 ၀ယ်ဝယ်၊ AK47 လို ချေမှုန်းရေးသေနတ်တွေကအစ ဒီထက်ကြီးတဲ့သေနတ်တွေ point5 အဝေးပစ်ကျည်တွေနဲ့ ပစ်လို့ရ တဲ့ သေနတ်ကြီးတွေတောင် ၀ယ်လို့ရတယ်။ အဲဒီဟာလောက်ကြီးတွေ။ ဆိုတော့ အဲဒါတွေက Military Use စစ်သုံးလက်နက်အထိကို ၀ယ်လို့ရတယ်။ အမှန်တကယ် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဆိုရင် အဲ့လောက် မလိုဘူး။”
ဒါပေမဲ့လည်း သေနတ်ကို အမြတ်တနိုး ၀ယ်ယူစုဆောင်းသူ မမေ ကတော့ -
“ကျမအတွက်ဆိုရင်တော့ လွယ်လွယ်ဝယ်ရတာ ပိုကြိုက်တာပေါ့။ ဟုတ်တယ် မဟုတ်လား ID ကဒ်ပေးလိုက်၊ ID ပေးရင်တောင်မှ background check လုပ်သေးတာ။ အလုပ်ရှုတ်တာပေါ့ သိတယ်မဟုတ်ာလား။ စာရွက်စာတမ်း ဟိုဟာ ယူသွားဦး၊ ဒီဟာ ယူသွားဦး။ ဒါပေမဲ့ သူတို့ဥပဒေထုတ်လို့ရှိရင်တော့ မတတ်နိုင်ဘူးပေါ့။ ကိုယ်လိုချင်ရင်တော့ သူတို့လိုချင်တဲ့ စာရွက်စာတမ်းပေးပြီးတော့ ၀ယ်ရတော့မှာပေါ့။ ကျမအမြင်ပြောရရင်လေ သေနတ်က သူတို့ ဒီမှာ တရားဝင်ရောင်းတယ်။ ဟုတ်လား ဒါပေမဲ့ တရားမ၀င်ကော ၀ယ်လို့မရဘူးလား။ တခြားနေရာတွေကနေပြီးတော့ ဥပမာ မက္ကဆီကိုတို့လို၊ နယ်စပ်တွေကနေ အများကြီး ၀ယ်လို့ရတာပဲ။ အဲတော့ မထူးခြားဘူးလို့ ထင်တာပဲ။”
ကောလိပ်ကျောင်းသား လူငယ်တဦးဖြစ်တဲ့ ကိုသန်းထိုက်ဆု ကတော့ - အခု အစိုးရက လုပ်ဆောင်တဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးဟာ ထိရောက်မှု ဘယ်လောက်ရှိမလဲ ဆိုတဲ့အပေါ် သံသယရှိသူပါ။
“၀ယ်လို့ရခြင်း မရခြင်းဆိုတာထက်ပေါ့နော် အရင်တုန်းကတည်းက ရှိခဲ့တဲ့ မိမိတဦးတယောက်ဆီရဲ့ ရပိုင်ခွင့် လွတ်လပ်မှုကို ထိပါးရာရောက်တယ်လို့ ကျနော် ထင်ပါတယ်။ အဲဒါမျိုး ထိန်းချုပ်မှုတွေ ပြုလုပ်လိုက်လို့ရော ထွက်လာနိုင်မယ့်ရလဒ်ပေါ့နော် ကောင်းကျိုးကရော လက်တွေ့မှာ တကယ် ထိထိရောက်ရောက် ဖြစ်လာနိုင်ပါ့မလား ဆိုတာမျိုးပေါ့။ ကျနော့် အမြင်ပြောရလို့ရှိရင်တော့ အခုဖြစ်ခဲ့တဲ့ကိစ္စတွေပေါ့နော် ဒီပစ်ခတ်မှုတွေက Gun Control လျော့နည်းလို့ ဆိုတဲ့ဟာကိုပဲ အဓိကပြဿနာကြီးတခု အနေနဲ့ ပြောလို့မရနိုင်ဘူးလို့ ကျနော် ထင်ပါတယ်။ သူတို့တွေက Gun ကို ၀ယ်ရလွယ်လို့ ကျူးလွန်ခဲ့ကြတဲ့ကိစ္စတွေ မဟုတ်ဘူး။ သေချာ သူတို့စီစဉ်ပြီးတော့မှ သူတို့လုပ်ခဲ့ကြတဲ့ကိစ္စတွေပါ။
တခြား အမိမြေလုံခြုံရေးပိုင်းဆိုင်ရာ လစ်ဟပ်မှုတွေ လည်း အဓိကပြဿနာ တရပ်အနေနဲ့ ပါမယ်လို့ ထင်ပါတယ်။ ဒီ သေနတ်ထိန်းချုပ်ရေးကိစ္စ သူတို့ပြောနေကြတယ် လွှတ်တော်မှာ။ သေနတ်ထိန်းချုပ်ရေး ကိစ္စ ဥပဒေပြုပြီးတော့မှ ပိုမို ထိန်းချုပ်မယ့်ရလဒ်က တကယ်လက်တွေ့မှာ တကယ် ထိထိရောက်ရောက်ကော ဖြစ်လာနိုင်ပါ့မလားလို့ သံသယရှိစေနိုင် မယ်လို့ ကျနော် ထင်ပါတယ်။”
ဒါကြောင့်လည်း သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြုပြဌာန်းခဲ့ရင် ၀ယ်ယူခွင့်တွေ နောက်ပိုင်းမှာ ကန့်သတ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေကြောင့် လက်နက် လာဝယ်သူတွေ ပိုတောင်များလာတယ်လို့ သေနတ် အရောင်းဆိုင်ပိုင်ရှင်တွေ က ပြောပါတယ်။