သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တသီးပုဂ္ဂလကိုယ်စားလှယ် ဦးစခုန်တိန်ယိန်း အမတ်အဖြစ်က ရုပ်သိမ်းခံရ


အမျိုးသားလွှတ်တော်။
အမျိုးသားလွှတ်တော်။

ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမှတ် ၅ က လွှတ်တော်ကိုယ်စားလှယ် ဦးစခုန်တိန်ယိန်းကို ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်မှုကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် လွှတ်တော်ကိုယ်စားအဖြစ်က ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။ လောလောဆယ်မှာ ဒုတိယမဲအများဆုံးရရှိထားသူကို လွှတ်တေ်ာ ကိုယ်စားလှယ်အဖြစ် အစားထိုးခန့်အပ်ဖို့ရှိနေပြီး ဦးစခုန်တိန့်ယိန်းဖက်က အယူခံဝင်မဝင်ဆိုတာ မသိရသေးပါဘူး။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ် ပန်ဝါဒေသဖက်က အမျိုးသားလွှတ်တော်အမှတ်၅မှာ ပါဝင်ယှဉ်ပြိုင်သူ ၆ယောက်ရှိခဲ့တဲ့အနက် အဲဒီဒေသက ပြည်သူ့စစ်ခေါင်းဆောင် ကချင်အထူးဒေသ(၁)ရဲ့ ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိန်းက မဲအများဆုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။

ရွေးကောက်ပွဲအပြီးမှာ တသီးပုဂ္ဂလကိုယ်စားလှယ်ဦးစခုန်တိန်ယိန်းကို ဒုတိယမဲ အများဆုံးရရှိသူ ဦးယောနာ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဦးစံဝေခေါင်လွန်း တို့က ရွေးကောက်ပွဲကာလ တရားမဲ့ပြုကျင့်မှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ဦးစခုန်တိန်ယိန်းကို ရွေးကောက်ပွဲဥပဒေပုဒ်မနဲ့ ငြိစွန်းတာကြောင့် ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ တသီးပုဂ္ဂလအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဦးယောနာက ပြောပါတယ်။

" ရွေးကောက်ပွဲကော်မရှင်ခုံရုံးက ဆုံးဖြတ်ချက် ချလိုက်တယ်ဗျ။ ခုံရုံးက ဆုံးဖြတ်ချက် ချလိုက်တော့ ဦးစခုန်တိန်ယိန်းကို ရွေးကောက်ပွဲဥပဒေပုဒ်မနဲ့ ငြိစွန်းသွားလို့ သူ့ကို ဖြုတ်လိုက်တာပေါ့။ သူ့ကိုယ်စား ကျနော်ကျတော့ ဒုတိယအများဆုံးရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် မို့ လွှတ်တော်မှာ ဦးစခုန်တိန်ယိန်း နေရာမှာ ဆက်လက်ပြီးဆောင်ရွက်သွားရမယ် အဲ့လိုဖြစ်သွားပါပြီ။"

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဦးစခုန်တိန်ယိန်းက မဲ၄ထောင်ကျော်ရရှိပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်ဖြစ်တဲ့ ဦးယောနာက မဲအရေအတွက် ၂ထောင်ကျော် ရရှိခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဦးစခုန်တိန့်ယိန်းအနေနဲ့ ခရီးလွန်နေတာဖြစ် တာကြောင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အယူခံ တက်မယ် မတက်ဘူးဆိုတာ မသိရသေးကြောင်း သူ့ရဲ့ ကိုယ်ရေးအရာရှိက ပြောပါတယ်။

ရွေးကောက်ပွဲကာလက ဦးစခုန်တိန့်ယိန်းဟာ ပန်ဝါဒေသ အတွင်း ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလွဲလို့ အခြားပါတီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ မဲဆွယ်စည်းရုံးတာကို ခွင့်မပြုကြောင်း စာထုတ်ပြန်ခဲ့သလို NLD ပါတီက ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရာမှာလည်း ဟန့်တားတာတွေ ရှိခဲ့တာဖြစ်ပါတယ်။

အမှတ်၅မဲဆန္ဒနယ်က ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦးကတော့ လက်ရှိ အစားထိုးရွေးချယ်မယ့် တသီးပုဂ္ဂလကိုယ်စားလှယ် ဦးယောနာအနေနဲ့ သူ့တာဝန်တွေကို လွတ်လွတ်လပ်လပ် ထမ်းဆောင်ဖို့ ခက်ခဲနိုင်ကြောင်း သုံးသပ်ပါတယ်။

" အဲ့ဒေသကို သူသွားလုပ်မယ်ဆိုရင် အဲ့ဒီ့မှာ ပြည်သူ့စစ်တွေ ရှိနေတဲ့နေရာလေ တရားဥပဒေမစိုးမိုးနိုင်ဘူး။ အထွေထွေအုပ်ချုပ်ရေးတောင်မှ ဦးစခုန်တိန်ယိန်း အဖွဲ့နဲ့ အစိုးရအဖွဲ့နဲ့ အဲ့လိုပုံစံမျိုး ရှိနေတဲ့ကာလမှာ သူအလုပ်လုပ်ဖို့က တော်တော် ခက်ခဲမှာပါ။ အန္တရာယ်များမှာပါ။ လုံခြုံရေးကို ဘယ်လောက်ပေးနိုင်မလဲ။ သူ့အတွက် လုံခြုံရေး သူသွားပြီး လုပ်ကိုင်ဖို့အတွက်ကို သူ့မှာ ရဲရဲဝံ့ဝံ့ သွားလို့ရပါ့မလား။ အများကြီးနော်။ ကျနော့်အနေနဲ့မြင်တာကတော့ သူ့မှာ အန္တရာယ်အရမ်းများတယ်။"

ဦးစခုန်တိန်ယိန်းဟာ ၁၉၈၉ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး ပန်ဝါဒေသမှာ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDAK အမည်နဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ ၂၀၀၉ခုနှစ်မှာတော့ NDAK တပ်ဖွဲ့တွေဟာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၁၀ရွေးကောက်ပွဲမှာ ဦးစခုန်တိန်ယိန်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် အမှတ်၁ မဲဆန္ဒနယ်က အနိုင်ရသူအဖြစ် မူလကြေညာခံရသူ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကို NLD ပါတီကိုယ်စားလှယ်လောင်းက မဲမသမာမှုနဲ့ တိုင်ကြားခဲ့ပြီး အထောက်အထားခိုင်လုံတာကြောင့် ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်တာရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG