သုံးရလွယ်ကူစေသည့် Link များ

ကချင်အထူးဒေသ(၁)မှာ မဲဆွယ်စည်းရုံးခွင့် ပိတ်ပင်တာဟာ ဥပဒေနဲ့ ညီသလား


ကချင်အမျုးသမီးများ NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၂ခုနှစ် မဲဆွယ်စည်းရုံးရေးခရီးစဉ်ကိုကြိုဆိုနေကြစဉ် (ဗန်းမော်)

အခုရက်ပိုင်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ထူးခြား သတင်းတစ်ပုဒ်ကတော့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစအဖွဲ့ချုပ် က အမတ်လောင်းတွေကို ကချင်ပြည်နယ် ၀ိုင်းမော်၊ ချီဖွေ နဲ့ ဆော့လော် မြို့နယ်တွေမှာ မဲဆွယ် စည်းရုံးရေးတွေ မလုပ်ဖို့ ကချင်အထူးဒေသ (၁) ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းက တားမြစ်လိုက်တယ် ဆိုတဲ့ သတင်းပါ။ သိပ်မကြာသေးခင်တုန်းကလည်း ကချင်အထူးဒေသ(၁) တာဝန်ရှိသူတွေဟာ လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကို ပန်ဝါမြို့မှာ ပါတီ ဆိုင်းဘုတ် မထောင်ဖို့၊ မဲဆွယ် ဟောပြော စည်းရုံးတာတွေ မလုပ်ဖို့ ဆိုပြီး တားမြစ် ပိတ်ပင်ခဲ့ပါသေးတယ်။ အခုလို တားမြစ်ပိတ်ပင်မှုတွေ လုပ်နေတဲ့ ဦးဆခုံတန့်ယိန်းနဲ့ ကချင်အထူးဒေသ (၁) ဆိုတာ ဘယ်လိုမျိုးလဲ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရင်က ဘယ်လို ပြသနာတွေ ရှိခဲ့ဖူးသလဲ၊ အခု ဒီလိုကိစ္စမျိုး ဖြစ်သင့်ပါရဲ့လား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အထူးဒေသ(၁) လက်ရှိ ခေါင်းဆောင်ဟာ ဦးဆခုံတိန့်ယိန်း ဖြစ်ပါတယ်။ သူနဲ့ ဦးလယောက်ဇလွန်း တို့ဟာ မူလက ကေအိုင်အေ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့က တပ်မှူးငယ်တွေဖြစ်ပြီး နောက်ပိုင်း ဗကပ ခေါ် ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားချိန်မှာ ကချင်ပြည်နယ် အရှေ့မြောက်ဘက်က ဗကပ ၁၀၁ စစ်ဒေသဟာ ကချင်အထူးဒေသ (၁) အဖြစ် ခွဲထွက်လိုက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူလိုက်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ကိုလည်း NDA (Kachin) တပ်ဖွဲ့အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး ခေါင်းဆောင်ကတော့ ဦးဆခုံတိန့်ယိန်းနဲ့ ဦးဇလွန်းပဲ ဖြစ်ပါတယ်။ နောက်ပိုင်း စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖို့ ညွှန်ကြားတဲ့အခါ အင်န်ဒီအေ ကချင် တပ်ဖွဲ့ဟာ နယ်ခြားစောင့်တပ်ရင်း (၃) ရင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီ နယ်ခြားစောင့် တပ် စိုးမိုးထားတဲ့ ဒေသထဲမှာ တရုတ်ပြည်နယ်စပ် ပန်ဝါ၊ ကမ်ပိုင်တီနဲ့ ကျေးရွာ တစ်ချို့ပါဝင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ လုပ်တဲ့အခါ ဦးဆခုံတိန့်ယိန်းဟာ အမျိုးသားလွှတ်တော် အတွက် ကချင်အမှတ် ၄ မဲဆန္ဒနယ်မြေကနေ တစ်သီးပုဂ္ဂလ အနေနဲ့ ၀င်ပြိုင်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ် လုပ်ထားတဲ့အတွက် အဲဒီ မဲဆန္ဒနယ်မြေမှာ ပြည်ခိုင်ဖြိုး ၀င်မပြိုင်ပါဘူး။ ဒီလိုနည်းနဲ့ အမျိုးသားလွှတ်တော် အမတ် ဖြစ်လာပါတယ်။ အလားတူ သူ့ရဲ့ သားတစ်ယောက်ဖြစ်တဲ့ ဆခုံယိန်းဆောင်ဟာလည်း ပြည်နယ် လွှတ်တော် အတွက် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီ (စဒက) ကနေ ချီဖွေ အမှတ်(၂) မဲဆန္ဒနယ်မြေကနေ ၀င်ရောက် အရွေးခံပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ဖွဲ့ထားတဲ့အတွက် အဲဒီ နယ်မြေမှာ ပြည်ခိုင်ဖြိုး ၀င်မပြုင်ပါဘူး။ နောက်တော့ ဆခုံယိန်းဆောင် ရွေးချယ်ခံရပြီး ပြည်နယ် လွှတ်တော်ထဲကို ရောက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ကချင်ပြည်နယ် အခြေအနေကို ပြန်ကြည့်ရင် လွတ်လပ်ပြီး တရားမျှတမှု မရှိပါဘူး။ အဲဒီ အချိန်က ကချင်ပါတီ (၃) ပါတီ မှတ်ပုံတင် လျောက်ထားပါတယ်။ ပါတီ(၃) ခုလုံးကို မှတ်ပုံတင် ခွင့်မပြုခဲ့သလို ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခွင့်လည်း မပေးပါဘူး။ ဒါကြောင့် ကချင်ပြည်နယ်မှာ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ် ဖွဲ့ထားတဲ့ စဒက ပါတီ နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တစည ပါတီ သုံးခုပဲ ရှိတာပါ။

အဲဒီအချိန်တုန်းက ဦးဆခုံတိန့်ယိန်း၊ ပြည်ခိုင်ဖြိုးနဲ့ စဒက အမတ်လောင်းတွေရဲ့ ပြိုင်ဘက်တွေကတော့ အင်န်ဒီအေ ကချင် တပ်ဖွဲ့ထဲကနေ ဦးဆခုံတိန့်ယိန်းနဲ့ နိုင်ငံရေး အယူအဆ မတူလို့ နှုတ်ထွက်သွားခဲ့ကြတဲ့ ခေါင်းဆောင် တစ်ချို့ဖြစ်ပြီး သူတို့ဟာ ပါတီထောင်ခွင့်လည်း မရ၊ တစ်သီးပုဂ္ဂလ အနေနဲ့ ၀င်ပြိုင်လို့လည်း မရတော့ တစည ကနေ ရွေးကောက်ပွဲ ၀င်ခဲ့ကြတာ ဖြစ်ပါတယ်။ မဲလိမ်မဲခိုးမှု၊ မဲမသမာမှုတွေကြောင့် အဲဒီ လူတွေအားလုံး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြပါတယ်။

အခု ၂၀၁၅ မှာတော့ ပြောင်းလဲသွားပါပြီ။ ကချင်ပြည်နယ်မှာ ကချင်ပါတီတွေ အများအပြား ပေါ်လာပြီး အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကချင်ပြည်နယ် နေရာအနှံ့အပြားမှာ ၀င်ရောက်ယှဉ်ပြိုင်ပါမယ်။ ၂၀၁၀ တုန်းကလိုပဲ ဦးဆခုံတိန့်ယိန်းဟာလည်း အမျိုးသားလွှတ်တော် အတွက် ကချင်အမှတ်(၅) နယ်မြေမှာ အင်န်အယ်လ်ဒီ အပါအ၀င် အခြား ပြိုင်ဘက် ၅ ယောက်နဲ့ ၀င်ပြိုင်ပါတော့မယ်။ ပြည်ခိုင်ဖြိးရဲ့ မဟာမိတ်မို့ ပြည်ခိုင်ဖြိုးက အဲဒီနေရာ ၀င်မပြိုင်ပါဘူး။ အလားတူ သူ့သား ဆခုံယိန်းဆောင်ဟာလည်း ပြည်နယ် လွှတ်တော် အတွက် စဒက ပါတီ ကိုယ်စားပြုပြီး ချီဖွေအမှတ်(၂) မဲဆန္ဒနယ်မြေကနေ အခြား ပြိုင်ဘက် အမတ်လောင်း ၇ ယောက်နဲ့ ပြိုင်ပါမယ်။ စဒက ဟာလည်း ပြည်ခိုင်ဖြိုး မဟာမိတ်မို့ အဲဒီနယ်မြေမှာ ပြည်ခိုင်ဖြိုးပါတီက ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုပါဘူး။

လက်ရှိ နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားတဲ့ ကချင် အထူးဒေသ(၁) နယ်မြေ ကမ်ပိုင်တီ၊ ပန်ဝါအပါအ၀င် ကျေးရွာတွေဟာ မဲရုံတွေ ဖွင့်လှစ်ပြီး ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့် နေရာတွေဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် ဆိုတာဟာလည်း တပ်မတော်ရဲ့ လက်အောက်ခံ ဖြစ်တာမို့ အဲဒီ နယ်မြေတွေမှာ မဲရုံဖွင့်၊ ရွေးကောက်ပွဲ လုပ်မယ် ဆိုရင် ၀င်ရောက် ယှဉ်ပြိုင်မယ့် ပါတီနဲ့ အမတ်လောင်းတွေကို လွတ်လွတ်လပ်လပ် မဲဆွယ် စည်းရုံးခွင့် ပေးဖို့ လိုပါတယ်။ လက်ရှိ အဲဒီ နယ်မြေတွေမှာ ပြည်ခိုင်ဖြိုး၊ အင်န်အယ်လ်ဒီ၊ စဒက၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ လီစူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသား ဒီမိုကရေစီ ကွန်ဂယက်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူု)ပါတီ ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း)ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ စသဖြင့် ပါတီပေါင်းများစွာက အမတ်လောင်း များစွာ ၀င်ရောက်ယှဉ်ပြိုင်ကြပါတော့မယ်။ ပြည်သူ့လွှတ်တော် အတွက် ၀ိုင်းမော်မြို့မှာ ၀င်ပြိုင်မယ့် အမတ်လောင်း ၁၁ ယောက်၊ ပြည်နယ် လွှတ်တော် အတွက် ၀ိုင်းမော်မဲဆန္ဒနယ်(၁) မှာ ၁၂ ယောက်၊ ၀ိုင်းမော်မဲဆန္ဒနယ်(၂) မှာ ၁၃ ယောက်အထိ ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒီအတွက် အဲဒီ မဲဆန္ဒနယ်မြေတွေထဲမှာ ပါဝင်တဲ့ ကချင်အထူးဒေသ (၁) ကမ်ပိုင်တီ၊ ပန်ဝါနဲ့ အခြား ကျေးရွာတွေကို ရွေးကောက်ပွဲဝင်မယ့် ပါတီနဲ့ အမတ်လောင်းတွေ မဲဆွယ် စည်းရုံးခွင့် ရကို ရရပါမယ်။ အခုလို ဒေသထဲ နိုင်ငံရေးပါတီတွေကို မဲဆွယ် စည်းရုံးခွင့် မပေးဘူး ဆိုတဲ့ ကိစ္စ ဥပဒေနဲ့ မညီပါဘူး။ ဒီကိစ္စ ဦးဆခုံတိန့်ယိန်းကို သက်ဆိုင်ရာ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ အသိပေးတာကို လက်မခံဘူးဆိုရင် နယ်ခြားစောင့် ထိန်းချုပ်နယ်မြေ ဖြစ်တာကြောင့် တပ်မတော် ဘက်ကနေ ညွှန်ကြားပေးရပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ အဲဒီနယ်မြေဒေသတွေမှာ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်လာမှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG