သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီး အိုလံပစ်ပွဲ မြန်မာအားကစားသမား ၇ ဦး ယှဉ်ပြိုင်မည်


RIO 2016 Summer Olympics
RIO 2016 Summer Olympics

၂၀၁၆ ရီယိုအိုလံပစ် အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း ၅ မျိုး ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့မြန်မာအိုလံပစ် အားကစား အဖွဲ့ခေါင်းဆောင် က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ အနေ နဲ့ ရေကူး၊ ပြေးခုန်ပစ် ၊ သေနတ်ပစ်၊ ဂျူဒို၊ နဲ့ မြှားပစ်အားကစားနည်းတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး သေနတ်ပစ်ပြိုင်ပွဲကနေ ဆုတံဆိပ်တွေ မှန်းထားတယ် လို့သူက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမှာ သြဂုတ်လ ၅ ရက်နေ့ကနေ ၂၁ ရက်နေအထိ ကျင်းပမယ့် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံကလည်း သွားရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း ၅ မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ မြန်မာအိုလံပစ်အားကစားအဖွဲ့ခေါင်းဆောင်၊ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန အားကစားနဲ့ ကာယပညာဦးစီးဌာန ဒု-ညွန်ချုပ် ဦးသက်လွင်က ပြောပါတယ်။

" အားကစားနည်းက သေနတ်ပစ်၊ မြှားပစ်၊ ပြေးခုန်ပစ်၊ ရေကူး၊ ဂျူဒို ငါးမျိုးပါ။"

မြန်မာအိုလံပစ်အားကစားအဖွဲ့မှာ ပြေးခုန်ပစ်အားကစားသမား ၂ ဦး၊ ရေကူး အားကစားသမား ၂ ဦး၊ သေနတ်ပစ်၊ ဂျူဒို၊ နဲ့ မြှားပစ်အားကစားသမား ၁ ဦးစီ ပါဝင်မှာဖြစ်တယ်လို့ သူကပြောပါတယ်။ ရီယိုအိုလံပစ် အားကစားပြိုင်ပွဲ မှာ မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေကို ဘယ်လိုရွေးချယ် သတ်မှတ်ခဲ့သလဲဆိုတဲ့ အပေါ်မှာတော့ မြန်မာအိုလံပစ် အားကစားအဖွဲ့ ခေါင်းဆောင် ဦးသက်လွင်က အခုလိုရှင်းပြပါတယ်။

" ပြေးခုန်ပစ်နဲ့ရေကူးကတော့ အိုလံပစ်ဂိမ်းမှာ ဦးစားပေးအဆင့်တစ် သတ်မှတ်ထားတဲ့ အားကစားနည်းထဲမှာ ပါဝင်တယ်။ ကမ္ဘာ့ပြေးခုန်ပစ် အဖွဲ့ချုပ်နဲ့ ကမ္ဘာ့ရေကူးအဖွဲ့ကတော့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတိုင်းက အားကစားသမား တနိုင်ငံကို ကျားတစ်ဦး၊ မတစ်ဦးနှုန်း ကိုတာသတ်မှတ်ပေးတယ်။ အဲ့တော့ အဲ့ဒီ့ကနေ ကျနော်တို့က ဒါကို ဝင်ပြိုင်ရတာ။ နောက်တခုကတော့ ဂျူဒိုဆိုရင် ကျနော်တို့က အရှေ့တောင်အာရှပြိုင်ပွဲတွေမှာ ကျနော်တို့ ဂျူဒိုအဖွဲ့က ရွှေ၊ ငွေ၊ ကြေး အောင်မြင်မှု ရှိတာပေါ့နော်။ အဲ့တာကြောင့် အဲ့ဒီ့အားကစားနည်း ကို ကျနော်တို့က လျှောက်တယ်။ လျှောက်တော့ သူတို့က ကျနော်တို့ကို အမျိုးသားတဦးရွေးပေးတယ်။ အဲ့တော့ ကျနော်တို့က အဲ့တာပြိုင်ရတယ်။ နောက်တခုကတော့ သေနတ်ပစ်ကတော့ နဂိုကတည်းက ကျနော်တို့က လက်ရည်စစ်ပြိုင်ပွဲမှာ အဆင့်မှီတဲ့အတွက် အောင်မြင်လို့ သူက ပြိုင်ရတာ။ ကွာလီဖိုင်း ဖြစ်တာကတော့ အားကစားအဖွဲ့သွားမယ့်အထဲမှာ သူတယောက်ပဲ ကွာလီဖိုင်း ဖြစ်တာဖြစ်တယ်။ ကျန်တဲ့အားကစားနည်းနဲ့ အားကစားသမားတွေကတော့ ကျနော်တို့သက်ဆိုင်ရာ ကမ္ဘာ့အိုလံပစ်ကနေ အိုလံပစ်သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ခွဲတမ်းပေးတဲ့အရ ကျနော်တို့သွားပြီးတော့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံအနေနဲ့ လက်ဝှေ့ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြိုင်ပွဲဝင် တနေရာရဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း လက်ရည်စစ်ပွဲမအောင်မြင်တဲ့အတွက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရခဲ့ဘူးလို့ ဦးသက်လွင်က ပြောပါတယ်။ အိုလံပစ်ပြိုင်ပွဲ ရဲ့ သေနတ်ပစ် နဲ့ မြှားပစ်ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရဖို့ မျှော်လင့်နေပြီး၊ သေနတ်ပစ်ပြိုင်ပွဲ ကတော့ ဆုရဖို့ အလားအလာ အကောင်းဆုံးဖြစ်တယ်လို့ ဦးသက်လွင်ကပြောပါတယ်။

"သူက လက်ရည်စစ်ပွဲလည်း အောင်တယ်။ သူ့ရဲ့စိတ်တည်ငြိမ်မှု၊ သူ့ရဲ့ကိုယ်ရော စိတ်ပါ လန်းဆန်းတည်ငြိမ်မှု ပုံမှန်အတိုင်းကို ရမယ်။ သူ့ရဲ့ Equipment ကိုအသုံးပြုတဲ့အခါမှာ ပုံမှန်အတိုင်း အသုံးပြုခွင့်ရမယ်ဆိုရင် သူများနဲ့ တန်းတူ ယှဉ်လို့ရတာပေါ့နော်။ မြှားပစ်လည်း ထိုနည်းလည်းကောင်းပါပဲခင်ဗျ။ အခုလက်ရည်စစ်ပွဲ မအောင်ဘူးဆိုပေမဲ့ ဒီအားကစားသမားက ဆီးဂိမ်းတွေမှာလည်း ဆုရဖူးတဲ့ အားကစားသမားဖြစ်တဲ့အတွက် သူလည်း လက်ရည်ပစ်နိုင်တယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတာပေါ့။"

မြန်မာနိုင်ငံအနေနဲ့ ဂျူဒိုမှာ အရှေ့တောင်အာရှ အဆင့်ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပေမယ့်၊ ဂျူဒိုအပါအဝင် ၊ ပြေးခုန်ပစ် နဲ့ ရေကူးပြိုင်ပွဲတွေမှာတော့ ကမ္ဘာ့အဆင့်ထိပ်တန်းနိုင်ငံတွေကို ယှဉ်ပြိုင်နိုင်ဖို့မလွယ်ကူကြောင်း ၊ ပြေးခုန်ပစ်ပြိုင်ပွဲမှာတော့ တာဝေးပြေးမှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ ရီယိုအိုလံပစ်ပြိုင်ပွဲဝင်မယ့် အားကစားသမားတွေကို ပြီးခဲ့တဲ့ စင်ကာပူဆီးဂိမ်းပြိုင်ပွဲအပြီးကတည်းက စတင် ပြင်ဆင်လေ့ကျင့်ခဲ့တာဖြစ်ပြီး ၊ မြန်မာအိုလံပစ်အားကစားအဖွဲ့ဟာ ဘရာဇီးနိုင်ငံကို သြဂုတ်လဆန်းမှာသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG