သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Obama အမိန့်အရ မြန်မာအပေါ် ရုပ်သိမ်းလိုက်သည့်အချက်များ


မြန်မာလူငယ်များနှင့် တွေ့ဆုံခဲ့တဲ့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား။ နိုဝင်ဘာ ၁၄၊ ၂၀၁၄။
မြန်မာလူငယ်များနှင့် တွေ့ဆုံခဲ့တဲ့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား။ နိုဝင်ဘာ ၁၄၊ ၂၀၁၄။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကနေ သောကြာနေ့က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းကြောင်း အုပ်ချုပ်ရေး အမိန့်အာဏာကို သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာပါ။

ဒီလိုရုပ်သိမ်းမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့လထဲ မြန်မာနိုင်ငံ ခေါင်းဆောင် သစ် ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်ကို လာရောက်စဉ်ကတည်းက သမ္မတ အိုဘားမား က ကြေညာခဲ့တာပါ။ အခုအမိန့် ကြေညာချက်ကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထိန်းချုပ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတွေဟာ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတွေ ကို အသိအမှတ်ပြုပြီး၊ အရပ်သားအစိုးရ နဲ့ မြန်မာပြည်သူတွေ ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေကို ထောက်ခံအားပေးတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ မကြာသေးမီ နှစ်တွေအတွင်း ဒီမိုကရေစီနည်းကျကျ ရွေးကောက် တင်မြှောက်တဲ့ အရပ်သားအစိုးရတရပ် ပေါ်ထွန်းရေးအပါအဝင် သိသာတဲ့ ကြိုးပမ်း အားထုတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ယာယီလက်ထောက်ဝန်ကြီး Adam J. Szubin က ဆိုပါတယ်။

ဒီလို စီးပွားရေးနဲ့ ဘဏ္ဍာရေးဒဏ်ခတ်မှုတွေကို ရုပ်သိမ်းလိုက်ခြင်းဟာ ကုန်သွယ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးရာရောက်ပြီး၊ မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချမှု ဆန့်ကျင်ရေး ကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်သွားမယ်။ လုံခြုံတဲ့ဘဏ္ဍာရေး စနစ်တရပ် ပေါ်ထွန်းနိုင်အောင် ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

သမ္မတထုတ်ပြန်တဲ့ ၂၀၁၆ အောက်တိုဘာ ၇ နေ့စွဲပါ အုပ်ချုပ်ရေးအမိန့် အရ - ၂၀၀၈ Tom Latos မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့မှုအက်ဥပဒေပါ ဘဏ္ဍာရေးနှင့် တားဆီး ပိတ်ပင်မှုများကို ဖယ်ရှားလိုက်တဲ့အတွက်ကြောင့် OFAC က ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ စီးပွားရေးဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုတွေ ပျက်ပြယ်သွားပြီဖြစ်ပါတယ်။ ဒီအထဲမှာ အောက်ပါအချက်တွေ ပါဝင်ခဲ့ပါတယ်။

မြန်မာဒဏ်ခတ်မှုစည်းမျဉ်း (BSR) အရ တားမြစ်ပိတ်ပင်ခြင်းခံရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအားလုံးကို SDN ခေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ စာရင်းကနေ ပယ်ဖျက်လိုက်သည်။

ပစ္စည်းဥစ္စာအားလုံးနဲ့ ၎င်းတို့မှရရှိသော အကျိုးအမြတ်အားလုံးကို (BSR) မှ ပယ်ဖျက်လိုက်သည်။

မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသော ကျောက်စိမ်းနဲ့ ပတ္တမြား ပါဝင်သည့် လက်ဝတ်ရတနာများအပေါ် တားဆီးပိတ်ပင်မှုကို ရုပ်သိမ်းလိုက်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် - မြန်မာနိုင်ငံနဲ့ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာငွေ လွှဲပြောင်းမှုလုပ်ငန်းဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းလိုက်သည်။

(BSR) ခေါ် မြန်မာဒဏ်ခတ်မှုစည်းမျဉ်းများကို ပြည်ထောင်စုဥပဒေစာရင်းမှ ပယ်ဖျက်လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းအစီရင်ခံစာ တင်သွင်းရမည့်ကိစ္စသည် မဖြစ်မနေ ကိစ္စတရပ် မဟုတ်တော့ဘဲ မိမိဆန္ဒအလျောက် ဆောင်ရွက်ရန်ဖြစ်သည်။

အခုလို မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက်တာဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအရ ပိတ်ဆို့ထားမှုကဲ့သို့သော ကိစ္စများနှင့် အကျုံးဝင်သူများ ပါဝင်ခြင်းမရှိပါ။

ဤအုပ်ချုပ်ရေးအမိန့်ဖြင့် ဖယ်ရှားလိုက်သည့် ကိစ္စများတွင် မြန်မာနိုင်ငံနှင့် လုပ်ကိုင်မည့် ဘဏ်လုပ်ငန်းအပေါ် တားဆီးပိတ်ပင်ထားသည့် ကိစ္စရပ်အားလုံး ပါဝင်သည်။

XS
SM
MD
LG