သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်မှု သမ္မတ အိုဘားမား ရုပ်သိမ်း


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြုတော် တွင် တွေ့ဆုံခဲ့စဉ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြုတော် တွင် တွေ့ဆုံခဲ့စဉ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်နိုင်အောင် ထုတ်ပြန်ထားတဲ့ နိုင်ငံတကာ အရေးပေါ် စီးပွားရေးဆိုင်ရာ အက်ဥပဒေကို ရုပ်သိမ်းလိုက်ကြောင်း သမ္မတ Barack Obama က အောက်တိုဘာ ၇ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာသမိုင်းဝင် ရွေးကောက်ပွဲကြောင့် လွှတ်တော်မှာ အတိုက်အခံ NLD ပါတီ အများစုနေရာရပြီး အရပ်သား အစိုးရတက် လာတာ၊ နိုင်ငံရေး အကျဉ်းသား အများအပြားလွတ်လာတာ၊ လွတ်လပ်စွာ စုဝေးပြောဆို ရေးသားခွင့်တွေ ရလာတာ အပါအဝင် အခြေခံလူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲမှုတွေ သိသိသာသာ တွေ့လာရတဲ့အတွက် အခုလိုရုပ်သိမ်းဖို့ လုပ်ဆောင်တာဖြစ်ကြောင်း အမေရိကန် အထက်နဲ့ အောက် လွှတ်တော် ဥက္ကဋ္ဌတွေဆီကို သမ္မတက ပေးပို့တဲ့စာထဲမှာ ဖေါ်ပြထားပါတယ်။

အခုလို သမ္မတရဲ့ ရုပ်သိမ်း မိန့်ကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြီးကြပ်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံနဲ့ ပါတ်သက်တဲ့ နိုင်ငံခြားသား ပိုင်ဆိုင်မှုဆိုင်ရာ ထိန်းချုပ်မှု တွေဟာလည်း သက်ရောက်မှု ရှိတော့မှာ မဟုတ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ကလည်း သောကြာနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က အမေရိကန်ပြည်ထောင်စုကို လာရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေး အပြီးမှာပဲ ဒီအရေးပေါ် အက်ဥပဒေကို ရုတ်သိမ်းပေး မှာ ဖြစ်ကြောင်း သမ္မတအိုဘားမားက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီအရေးပေါ်ဥပဒေကို ရုတ်သိမ်းလိုက်ခြင်းအားဖြင့် ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ Freedom and Democracy Act လို့ခေါ်တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအက်ဥပဒေ၊ ၂၀၀၈ ခုနှစ်က ချမှတ်ခဲ့တဲ့ JADE Act လို့ခေါ်တဲ့ စစ်အစိုးရရဲ့ ဒီမိုကရေစီ ဆန့်ကျင်ရေး ကြိုးပမ်း အားထုတ်မှု တွေကြောင့် ချမှတ်ထားတဲ့ အက်ဥပဒေတွေအရ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပျက်ပြားသွားမှာဖြစ်ပါတယ်။

JADE Act ထဲမှာပါဝင်တဲ့ စစ်တပ်ခေါင်းဆောင်တွေ၊ မြန်မာစစ်တပ်ကို နိုင်ငံရေး၊ စီးပွားရေးအရ သိသိသာသာ ထောက်ပံ့မှုပေးနေသူတွေ အပေါ် ထားရှိတဲ့ ပြည်ဝင်ခွင့် တားမြစ်ချက်တွေကတော့ ဆက်ပြီးရှိနေဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အပေါ် အကူအညီပေးတာ အပါအဝင် နိုင်ငံခြားထောက်ပံ့ မှုတွေ အပေါ် ကန့်သတ်ချက်တွေကလည်း ဆက်ပြီး ရှိဦးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပါတ်သက်လို့ အရေးပေါ် ဥပဒေကို အမေရိကန်က ၁၉၉၇ ခုနှစ်တုန်းက နဝတ စစ်အစိုးရလက်ထက်မှာ စတင်ထုတ်ပြန်ပြီး ဒီဥပဒေအရ မြန်မာနိုင်ငံ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြီး နှစ်စဉ် သက်တမ်းတိုးလာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပါတ်သက်ပြီး မယုံမကြည်ဖြစ်နေဆဲ ဖြစ်တဲ့ အမေရိကန်အမတ်တချို့နဲ့ လူ့အခွင့်ရေး အဖွဲ့တွေကတော့ အခုလို ရုပ်သိမ်းပေးတာအတွက် စိုးရိမ်မကင်းဖြစ်မှုတွေလည်း ရှိနေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG