သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေယာဉ်များလိုက်နာရမည့်စည်းကမ်း ပြည်နယ်အစိုးရ ညွှန်ကြား


ရေယာဉ်များ လိုက်နာရမည့်စည်းကမ်း ပြည်နယ်အစိုးရညွှန်ကြား Photo- Min Kyaw Thu Htay
ရေယာဉ်များ လိုက်နာရမည့်စည်းကမ်း ပြည်နယ်အစိုးရညွှန်ကြား Photo- Min Kyaw Thu Htay

အောက်တိုဘာ ၁၅ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းတွင်း ဟုမ္မလင်းကနေ မုံရွာကို ပြေးဆွဲတဲ့ ခရီးသည်တင်ရေယာဉ်နစ်မြုပ်မှုကြောင့် လူ ၇၀ ကျော်သေဆုံးမှုတွေ ဖြစ်ခဲ့ရပြီးနောက်၊ ရေကြောင်းသွားလာမှု လုံခြုံဘေးကင်းရေးအတွက် ရေယာဉ်ပြေးဆွဲသူတွေ လိုက်နာဖို့ စည်းကမ်းချက်တွေကို စစ်ကိုင်းတိုင်းပြည်နယ်အစိုးရကနေ ထုတ်ပြန်ခဲ့ပါတယ်။ ချင်းတွင်းမြစ်ကြောင်းအတွင်းသွားလာနေတဲ့ ရေယာဉ်တွေမှာ လူနဲ့ကုန်အဆမတန် တင်ဆောင်မှုတွေကို ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်တိုင်လည်း သွားရောက်စစ်ဆေးမှုတွေလုပ်နေပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ဟုမ္မလင်းမြို့ကနေ မုံရွာမြိုကို ခရီးသည်တွေတင်လာတဲ့ အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်ခဲ့ပြီးတဲ့နောက်လူ၁၅၀ကျော် အသက်ရှင်ခဲ့ပြီး လူ ၇၀ ကျော်သေဆုံးမူဖြစ်ခဲ့တာပါ။ ဒီနောက်မှာတော့ နောက်ထပ်ရေယာဉ်နစ်မြုပ်တာတွေ ဆက်မဖြစ်ဖို့အတွက် ရေယာဉ်အသင်းတွေလိုက်နာဖို့ စည်းကမ်းချက် ၂၅ ချက်ကို ထုတ်ပြန်လိုက်တယ်လို့လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွန့်ဝင်း ကပြောပါတယ်။

“ထုတ်ပြန်ထားပါတယ် မနေ့ကပဲ ကျနော်တို့ သတ်မှတ်ထားတဲ့ လူဦးရေ သတ်မှတ်မှုတွေ အစိုးရရုံးကနေပြီးတော့ စည်းကမ်းချက် ၂၅ ချက်ပဲတဲ့စာ ထုတ်ထားပါတယ်။ အဓိကတော့ လူပိုမတင်ဖို့ပေါ့၊၊ နောက်တချက်က ခရီးသည်တင်တဲ့ရေယာဉ်မှာ ကုန်မတင်ဖို့ပေါ့ သတ်မှတ်တဲ့ ဦးရေထက်ပိုမတင်ဖို့ပေါ့နော် ညမမောင်းဖို့ပေါ့ နောက်တချက်က သတ်မှတ်ထားတဲ့ ရေယာဉ်ရပ်နားရမယ့်နေရာတွေမှာ ညအိပ်ရပ်နားဖို့ပေါ့ ဒါတွေက အဓိက ပါပဲ။”

ဒီနေ့မှာတော့မုံရွာညောင်ပင်ကြီး ကတို့ဆိပ်ကမ်းကို ဝန်ကြီးနဲ့ အတူအစိုးရအဖွဲ့က သွားရောက်ကြည့် ရူခဲ့ပြီး ခရီးသည်တွေ အဆမတန်တင်တာတွေဆက်မဖြစ်ဖို့အတွက် သွားရောက်သတိပေးခဲ့ပါတယ်။ အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်ပြီး ခရီးသည် အများအပြား သေဆုံးမူဖြစ်ပြီးတဲ့နောက် ရေယာဉ်တချို့ဟာ ဆက်လက်ပြီးလူအများအပြားကို တင်ဆောင်နေတာတွေရှိနေတဲ့အတွက် ဒေသခံတွေက ဝေဖန်ထောက်ပြမူတွေလည်းရှိနေတာပါ။ဒီလို ဆက်ပြီးတော့ ခရီးသည်တွေအဆမတန်တင်နေတဲ့အပေါ်မှာ အရေးယူဆောင်ရွက်မူတွေလုပ်ဖို့ ရှိသလားလို့မေးတဲ့အခါမှာတော့ ဝန်ကြီးကအခုလိုဖြေပါတယ်။

“ဥပဒေနဲ့ အရေးယူမှာပါ ပြောပြီးသားဖြစ်ပါတယ်။”

ရေယာဉ်တွေကို ထပ်ပြီးတိုးချဲ့ပြေးဆွဲဖို့ အစီစဉ်တွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ချင်းတွင်းမြစ်အတွင်းပြေးဆွဲနေတဲ့ရေယာဉ်ပေါင်း ၅၉၀ ရှိတဲ့အတွက် စည်ကမ်းအတိုင်းသွားရင် စိတ်ချလုံခြုံမှုရှိပြီး ရေယာဉ်လုံလောက်မူရှိတယ် ဆိုပြီးဆက်ပြောပြပါတယ်။

“မနည်းပါဘူး အများကြီးပါပဲ။ လူ၊ကုန်တင်တဲ့ ရေယာဉ်က ၅၉၀ ရှိပါတယ်။”

အောင်စိုးမိုးကျော်ရေယာဉ်ဟာ စစ်ကိုင်းတိုင်း ဟုမ္ပလင်း-ဖောင်းပြင်-မော်လိုက်-ကလေး၀ ဂိတ်ကနေ ခရီးသည် ၂၀၀ကျော် တင်ဆောင်လာပြီး ကနီမြို့နယ် မီးချောင်းတွင်းကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တာပါ။ နီးစပ်ရာကျေးရွာသားတွေနဲ့ ဟိတသုခလူမူရေးအသင်း၊ ကင်းရွာပရဟိတအဖွဲ့တွေ နဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ကယ်ဆယ်ခဲ့တာကြောင့် လူ ၁၆၀ နီးပါးသာ အသက်ရှင်ခဲ့ပြီး လူ၇၀ကျော်သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ သီတင်းကျွတ် ကျောင်းပိတ်ရက်ပြန်လာကြတဲ့ ကျောင်းဆရာဆရာမတွေအများဆုံးပါဝင်တာပါ။ ရေယာဉ်နစ်မြုပ်မူဖြစ်ပြီး တပတ်ခန်အကြာမှာတော့ အစိုးရကသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး ရေယာဉ်ဥပဒေနဲ့ ပတ်သက်လို့ ပြင်ဆင်မူတွေလုပ်သွားမယ်လို့ ပြောဆိုခဲ့သလို အခုအခါမှာ ရေယာဉ်လိုင်းများလိုက်နာဖို့ အတွက်စည်းကမ်းချက် ၂၅ ချက်ပါတဲ့စာကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG