သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ကို မြန်မာအထူးသံတဦး စေလွှတ်ဖို့ရှိ


ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင် လာတဲ့ မြန်မာပြည် ဘက်က မူဆလင်တွေကို ဘင်္ဂလားဒေ့ရှ်ရဲ လုံခြုံရေးတွေက လုံခြုံရေးယူထားစဉ်။ (နိုဝင်ဘာ ၂၁၊ ၂၀၁၆)
ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင် လာတဲ့ မြန်မာပြည် ဘက်က မူဆလင်တွေကို ဘင်္ဂလားဒေ့ရှ်ရဲ လုံခြုံရေးတွေက လုံခြုံရေးယူထားစဉ်။ (နိုဝင်ဘာ ၂၁၊ ၂၀၁၆)

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ မြန်မာနိုင်ငံကလို့ဆိုသူတွေကို ပြန်လက်ခံဖို့ဆိုရင် အရင်ဆုံး စိစစ်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာန တာဝန်ရှိသူ တဦးက ဗွီအိုအေကိုပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ဆင့်ခေါ်ပြီး လူတွေပြန်လက်ခံ ဖို့ကိစ္စ ပြောခဲ့တဲ့ အပေါ် အခုလို တုန့်ပြန် ပြောဆိုတာပါ။ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေသူတွေ ကိစ္စအပါအဝင် နှစ်နိုင်ငံအကြား ကိစ္စရပ်အသီးသီးကို ဆွေးနွေးဖို့ အထူးသံတမန်တဦး လွှတ်ဖို့ရှိတယ်လို့လည်း ပြောပါတယ်။ မခွာညိုက စုစည်းတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို မြန်မာနိုင်ငံက မူဆလင်တွေ အလုံးအရင်းနဲ့ လှိမ့်ဝင်နေတဲ့ အကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရကို ဒုတိယအကြိမ် ပြောခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

" မြန်မာပြည်ဘက်ကဆိုတဲ့သူတွေလို့ သူတို့ပြောတာပေါ့နော်။ အဲ့တာကို ဟုတ်လား၊ မဟုတ်လားပေါ့နော်။ ကျနော်တို့ ဘယ်ဘက်ကို သွားသွားပေါ့နော်။ ဘယ်နိုင်ငံ မှာပဲဖြစ်ဖြစ်ပေါ့နော်။ အခုကျနော်တို့ နှစ်နိုင်ငံထဲ မဟုတ်ဘူး။ ဒီ့ပြင်နိုင်ငံတွေမှာလည်း ဒီဘက်နိုင်ငံကသူ ဟိုဘက်ရောက် သွားရင်သော်လည်းကောင်း၊ ဟိုဘက်နိုင်ငံ ကသူ ဒီဘက်ရောက် သွားရင်သော်လည်းကောင်း၊ ဘယ်သူရောက်လာတယ်ဆိုတဲ့ဥစ္စာ ဒီတဘက်နိုင်ငံက သူမဟုတ်ဟုတ်တော့ စိစစ်ခွင့်တော့ အမြဲတမ်းရှိပါတယ်။ ပုံမှန်လည်း စိစစ်ပြီးတော့မှ ဒီလူတွေကတော့ ဒီဘက်ကသွားတာဟေ့၊ ဟိုလူတွေကတော့ မဟုတ်ဘူးဟေ့ဆိုတာမျိုးကတော့ တနိုင်ငံနဲ့ တနိုင်ငံ စိစစ်ပြီးတော့ ပြန်ပြောရတဲ့ အနေအထားမျိုးတော့ရှိပါတယ်ခင်ဗျ အဲ့ဒီ့အပိုင်းတွေကို ကျနော်တို့ ပြန်ပြီး စိစစ်ဖို့တော့ လိုပါမယ်ခင်ဗျ။"

အခုလို မြန်မာနိုင်ငံထဲက မူဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ဝင်နေတာဟာ တခြားကိစ္စတွေ အများကြီးနဲ့လည်း ပတ်သက်နေတဲ့အတွက် သူတို့ဘက်ကို ရောက် မလာအောင် မြန်မာအစိုးရအနေနဲ့ ပြဿနာအရင်းအမြစ်ကို အမြန်ဆုံးရှာဖွေဖို့လိုတယ် လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးရုံး နှစ်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ဌာန အတွင်းဝန် Kamrul Ahsan က မြန်မာသံအမတ် ဦးမျိုးမြင့်သန်းကို ဒုတိယအကြိမ် ဆင့်ခေါ် ပြောကြားခဲ့တာပါ။

ဒီကိစ္စဟာ ပြဿနာတခုဖြစ်နေပြီး ကိစ္စတွေ အများကြီး ပတ်သက်နေတဲ့အတွက် ခက်ခဲတဲ့ပြဿနာတခုအဖြစ် ဝါရှင်တန်အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းသုတေသီ Joshua Kurlantzick က မြင်ပါတယ်။

“အခွင့်အရေးဆုံးရှုံးနေတဲ့ကိစ္စ၊ အရပ်သားအုပ်ချုပ်မှုအောက်မှာ စစ်တပ်က ရှိမနေတဲ့ကိစ္စ၊ နယ်စပ်ကိစ္စ၊ ရိုဟင်ဂျာတွေကြား အမျက်ဒေါသထွက်နေကြတဲ့ကိစ္စ၊ ဒါတွေအားလုံးနဲ့ ပါတ်သက်နေပါတယ်။ ဒါပေမဲ့ ခြုံ ကြည့်ရင် ဘင်္ဂလားဒေရှ့် အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရချင်ပါတယ်။ နောက်ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရိုဟင်ဂျာတွေဘက်လိုက်မယ့် ကိစ္စမျိုး မှန်သမျှကို လူတွေက သိပ်ထောက်ခံကြတာ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ မကြာခင်မှာ အထူး သံတမန်စေလွှတ်ပြီး ဆွေးနွေးဖို့ စီစဉ်နေတဲ့အကြောင်း ဦးကျော်မိုးထွန်း က ပြောပါတယ်။

" ကျနော်တို့ ဒီက Special Envoy လည်း သွားဖို့ရှိပါတယ်။ နှစ်ဘက် အဆင်ပြေတဲ့ အချိန်ပေါ့နော်။ ဘင်္ဂလားဒေ့ရှ်ဘက်က အဆင်ပြေတဲ့အချိန်နဲ့ ကျနော်တို့ဘက် ကလည်း အဆင်ပြေတဲ့အချိန် ပေါ့နော်။ အမြန်ဆုံးသွားဖို့တော့ ကျနော်တို့ စီစဉ်နေပါတယ်ခင်ဗျ။ Special Envoy ကတော့ ကိစ္စအများကြီးပဲပေါ့နော်။ နှစ်နိုင်ငံ ဆက်ဆံရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးအတွက် ရည်ရွယ်ပြီးတော့ သွားတာပါခင်ဗျ။"

အရှေ့တောင်အာရှရေးရာ သုတေသီ Joshua Kurlantzick ကတော့ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ ဘင်္ဂလားဒေ့ရှ်အတွက် တရုတ်နဲ့ အရှေ့တောင် အာရှနိုင်ငံတွေဆီ လမ်းဖွင့်ပေးမယ့် တခါးသဖွယ်ဖြစ်နေတဲ့ အတွက် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားပုံတော့ ရတဲ့အကြောင်း သုံးသပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG