သုံးရလွယ်ကူစေသည့် Link များ

စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အစိုးရကို ကချင်တိုက်တွန်း


၂၁ ရာစု ပင်လုံညီလာခံ မြင်ကွင်းတခု။ စက်တင်ဘာ ၃၊ ၂၀၁၆။ နေပြည်တော်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မယ့် ဒုတိယအကြိမ်၂၁ ရာစုပင်လုံညီလာခံအရေး ကချင်ပြည်နယ်မြစ်ကြီးနားမှာ ကချင်နိုင်ငံရေးအဖွဲ့တွေ ဦးဆောင်ပြီး ကချင်တိုင်းရင်းသားတွေ စုဝေးဆွေးနွေးခဲ့ကြပေမဲ့လို့ အစိုးရအနေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ ကချင့်အရေးလှုပ်ရှားသူတွေကပြောဆိုလိုက်ကြပါတယ်။ ပြည်သူကရွေးချယ်လိုက်တဲ့အစိုးရအနေနဲ့ အားလုံး ပါဝင်နိုင်တဲ့နိုင်ငံရေး ဆွေးနွေးပွဲတွေဖြစ်အောင် အဓိကလုပ်ဆောင်စေချင်တယ်လို့လည်း တောင်းဆိုကြပါတယ်။ အပြည့်အစုံ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

တနိုင်ငံလုံး အပစ်ရပ်လက်မှတ်မထိုးထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်လက်နက်ကိုင်တပ် KIA နဲ့ အစိုးရတပ်တို့ကြား စစ်ရေးတင်းမာမှုတွေ ရှိနေဆဲအချိန်မှာပဲ ကချင်ပြည်နယ်၊ မြစ်ကြီးနား စီတာပူ မနောကွင်း မဂျွယ်ခမ်းမမှာ ကချင်နိုင်ငံရေးပါတီမဟာမိတ်အဖွဲ့တွေ ဦးဆောင်ပြီးတော့ ကချင်လူထုအခြေပြု အဖွဲ့အစည်းတွေ အားလုံးစုဝေးပြီး ဇန်နဝါရီလ ၂၅ ကနေ ၂၆ရက်နေ့အထိ ၂၁ ရာစုပင်လုံညီလာခံအရေး ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီးကျင်းပနေတဲ့ ၂၁ရာစုပင်လုံညီလာခံကနေ ငြိမ်းချမ်းရေးရလဒ်ကောင်းတွေ တကယ်ထွက်လာပ့ါမလားဆိုတဲ့စိုးရိမ်မှုတွေက ရှိနေဆဲပဲလို့ ဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးလမောင်လထောင်က အခုလိုပြောပါတယ်။

“ဒီ၂၁ ပင်လုံကတော့ အဓိက အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းဖို့လေ။ ဒါပေမယ့် အခုဖြစ်နေတဲ့ပုံစံက အဲသလိုဖြစ်မလာပဲနဲ့ တဖက်စောင်းနင်း ဒီတိုင်းရင်းသားတွေကို ဖိတိုက်လာတဲ့အခြေအနေတွေဖြစ်လာတဲ့အခါကျတော့ ကျနော်တို့မျှော်လင့်နေတဲ့ဖယ်ဒရယ်ပြည်ထောင်စုက ဖြစ်မှ ဖြစ်ပါ့မလားပေါ့။ ဆိုလိုတာက ကျနော်တို့ ဒီ.. လက်နက်ကိုင်အဖွဲ့အစည်းနဲ့ တိုင်းရင်းသားလူမျိုးတစုလုံးက ဒီအခုဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး အစိုးရက ဘာမှ မပြောလာတဲ့အခါကျတော့ယုံကြည်မှု ကင်းမဲ့လာတယ်ပေါ့ဗျာ။ အားလုံးရဲ့ သဘောထားက အဲဒီလို အသံထွက်နေလို့လေ။ ”

ပြည်သူကဆန္ဒမဲအများစုနဲ့ရွေးချယ်လိုက်တဲ့ ပြည်သူ့အစိုးရအနေနဲ့ တိုင်းရင်းဒေသတွေမှာ စစ်မီးတွေ ငြိမ်းနိုင်ရေး၊ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ပြည်သူလူထုရဲ့လူနေမှုဘဝလုံခြုံရေး၊ အဓိကဦးစားပေးလုပ်ဆောင်စေလိုပါတယ်လို့လည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေကပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုဆိုင်ရာအကူအညီတွေ ထောက်ပံ့ ကူညီပေးနိုင်ရေး ဒေသအခြေစိုက် လူမှုအဖွဲ့အစည်း (၉)ဖွဲ့ စုစည်းထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ရဲ့ အတွင်းရေးမှူး U Gum Sha Awng က အခုလိုပြောပြပါတယ်။

“ဒုက္ခသည်၊ အထူးသဖြင့် IDP ကိစ္စက အခုပဋိပက္ခနဲ့တိုက်ရိုက် ဆက်နွယ် ပတ်သက်နေတော့ ကျနော်တို့အနေနဲ့က လက်ရှိ ဒီ…ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီးမှ အလုပ်ဖြစ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မျိုး ဖြစ်ခိုင်းစေချင်တာပေါ့နော်။ ဆိုတော့ လက်ရှိအနေအထားမှာက ငြိမ်းချမ်းရေးဖြစ်စဉ်အနေနဲ့ အထူးသဖြင့်တော့ အားလုံး Inclusive ဖြစ်တဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်ဖို့ရယ်၊ ပြီးရင် တကယ်ပဲဒီ စစ်မှန်တဲ့ political dialogue ( နိုင်ငံရေးဆွေးနွေးပွဲ) ဖြစ်ဖို့က အရေးကြီးတယ်လို့ ကျနော်တို့ မြင်တာဖြစ်ပါတယ်။ အဲ့လိုဖြစ်မှာပဲ အထူးသဖြင့်ဒီ စစ်ဘေးဒုက္ခကြောင့် တိမ်းရှောင်နေရတဲ့ IDP တွေအနေနဲ့ ကိုယ့်ရဲ့နေရပ်ကို ပြန်ဖို့အရေးပေါ့နော်၊ ပြီးရင် အထူးသဖြင့် ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာပြန်နိုင်မယ့် ကိစ္စတွေ ဖြစ်လာနိုင်မှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ဖြစ်ချင်တဲ့ ဆန္ဒအရ ဖြစ်ခိုင်းစေချင်တဲ့အရာကတော့ အခုလာမယ့် ကာလမှာဖြစ်မယ့် ငြိမ်းချမ်းရေး process (လုပ်ငန်းစဉ်) ဟာအားလုံး တကယ်ပါဝင်နိုင်တဲ့ဟာမျိုး ဖြစ်ဖို့လိုတယ်လို့ မြင်တာဖြစ်ပါတယ်။”

၂၁ရာစုပင်လုံညီလာခံရဲ့မူကို အကောင်အထည်ဖော်နိုင်အောင် ပြည်သူ့ အစိုးရအနေနဲ့ တိုင်းရင်းသားအားလုံး ယုံကြည်လက်ခံနိုင်တဲ့ ယုံကြည်မှုတည်ဆောက်ပြီး စစ်မှန်တဲ့ပြည်ထောင်စုတရပ်တည်ဆောက်နိုင်အောင် ကြိုးစားစေလိုတယ်လို့ ဦးလမောင်လထောင်ကလည်း တိုက်တွန်းပါတယ်။

“ ဒီအစိုးရက တိုင်းရင်းသားတမျိုးသားလုံးရဲ့ မဲဆန္ဒနဲ့တက်လာတဲ့အစိုးရမို့လို့လေ၊ ဒါကြောင့် ကျနော့်အနေနဲ့ ဒီပြည်သူလူထုဘက်မှာ ရပ်တည်နေပြီးတော့ ဘာဖြစ်ဖြစ် ဒီငြိမ်းချမ်းရေးဘက် မှာ ဖော်ဆောင်သွားရင် ပိုကောင်းမယ်လို့ ကျနော်မြင်တယ်။ ဒါပေမယ့် ဒီစစ်တပ်တွေ အဲ့လောက်ထိ ထိုးစစ်ဆင်ပေမယ့် ဒီအစိုးရက ဘာမှ မပြောသည့်အပြင်ပေါ့လေ။ မယုံကြည်စရာလေးတွေ ဖြစ်လာတဲ့အခါ ကျတော့ နောက်နောင်မှာလည်း ဒီအစိုးရကို ယုံရပါ့မလားဆိုပြီးတော့ အနေအထားမျိုး ကျနော်တို့ ရှိလာပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မျှမျှတတ စဉ်းစားပြီးတော့တကယ့် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ပေးဖို့ ကျနော့်အနေနဲ့ အဲတာကို ပြောချင်ပါတယ်။ ဟုတ်ကဲ့။ ”

အခုလို စစ်မက်ဖြစ်ပွားမှုရဲ့ မတည်ငြိမ်မှုတွေရဲ့ ဓားစာခံဖြစ်ရတဲ့ စစ်ပြေးဒုက္ခသည်တွေအရေး ဖြေရှင်းနိုင်ပေးရေးကိုလည်း ပင်လုံညီလာခံမှာ အလေးထား စဉ်းစားပေးစေလိုပါတယ်လို့လည်း ဒုက္ခသည်တွေကိုကူညီပေးနေတဲ့ U Gum Sha Awng ကပြောပါတယ်။

“ပဋိပက္ခတွေဖြစ်နေတဲ့ ကိစ္စကျတော့ဒီအပေါ်မှာလည်း အစိုးရအနေနဲ့လည်း ဘယ်လို၊ ဘယ်ပုံ၊ ဘယ်နည်းနဲ့ ပေါ့နော် လက်ရှိအနေအထားမှာ ဘယ်လို ဦးဆောင်မယ်ဆိုတဲ့ ကိစ္စလည်းကျနော်တို့ တော်တော်လေးတော့ ပူပန်တဲ့အပိုင်းရှိတာပေါ့နော်။ အထူးသဖြင့်တော့ ပြည်သူလူထုတွေက အခုတက်လာတဲ့ အစိုးရအပေါ်မှာ မျှော်လင့်ချက်ကြီးမားစွာနဲ့ ၀ိုင်းဝန်းပြီးမှ ဆန္ဒမဲတွေလည်း ပေးခဲ့တယ်ပေါ့။ အထူးသဖြင့် ဒီလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်ဖို့ဆိုတာလည်း အစိုးရအနေနဲ့ တော်တော်လေး ပြောဆိုခဲ့တဲ့အပိုင်းတွေရှိခဲ့တော့ လက်တွေ့မှာ လုပ်နေတာထက်ပိုပြီးတော့ အင်တိုက်အားတိုက်ပြန်ပြီး ဖော်ဆောင်ဖို့လိုတယ်လို့ ကျနော်တို့ မြင်တာဖြစ်ပါတယ်။ တပ်မတော်က သော်လည်းကောင်း၊ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့သော်လည်းကောင်း ဒါတွေကို ပဋိပက္ခပေါ့နော်၊ ပစ်ခတ်တိုက်ခိုက်မှုတွေကိုလည်း ရပ်ဆိုင်းဖို့လိုတာဖြစ်ပါတယ် ”

အစိုးရက ဦးဆောင်ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံမတိုင်ခင်မှာ အဲ့ဒီ့ပင်လုံညီလာခံမှာ ကချင်လူထုရဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး သဘောထားတွေကို ဆွေးနွေးတင်ပြနိုင်ရေးနဲ့ ကချင်ပြည်နယ်အရေး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ နဲ့ ဆွေးနွေးတဲ့ကချင်ညီလာခံတရပ်ကိုလည်း မကြာခင်မှာ ကျင်းပသွားဖို့ရှိပါတယ်လို့သိရပါတယ်။

XS
SM
MD
LG