သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ကြီး အရက်၊ မူးယစ်ဆေးနဲ့ လိင်ပြဿနာ


တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုပိုင်း များလာမှုနဲ့အတူ အရက်နဲ့မူးယစ်ဆေးစွဲတာ အနည်းငယ်ရှိလာပြီး၊ လိင်ပိုင်းဆိုင်ရာ ကျဆင်းမှုကတော့ အဖြစ်များလာပေမယ့် စနစ်တကျ ကာကွယ်ကုသမှုခံယူသူ နည်းနေသေးတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုပါတယ်။

သက်ကြီးရွယ်အိုတွေအနေနဲ့ အရက်၊ မူးယစ်ဆေးစွဲရခြင်း အဓိက အကြောင်းရင်းက အလုပ်က အနားယူလိုက်ချိန်မှာ လူမှုဆက်ဆံရေး ပြတ်တောက်သွားပြီး အထီးကျန်ဆန်လာတာကို ဖြေဖျောက်ဖို့ အရက်၊ မူးယစ်ဆေးကို အဖော်ပြုလာလို့ပါ။ ဒါ့အပြင် စိုးရိမ်စိတ်လွန်မှု၊ နာကျင်ကိုက်ခဲမှု၊ အိပ်မပျော်မှုနဲ့ ကြွက်သားဖြေလျော့မှုတွေအတွက် ဆရာဝန်ညွန်ကြားထားတဲ့ မူးယစ်ဆေးပါတဲ့ ဆေးတွေသောက်သုံးရင်း စွဲလန်းသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကာကွယ်နိုင်ဖို့အတွက် အထီးကျန် မဆန်အောင် မိသားစုအသိုင်းအဝိုင်းက ဖေးမ ဆက်ဆံပေးတာအပြင် ဘာသာရေး လိုက်စားပေးသင့်ပါတယ်။ အရက်၊ မူးယစ်ဆေးစွဲလာလျှင်လည်း မိသားစုဆွေမျိုးတွေအနေနဲ့ လွှတ်မထားဘဲ စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ ပြသင့်ပါတယ်။

သက်ကြီးရွယ်အိုပိုင်းမှာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု အားနည်းလာတဲ့ ပြဿနာဖြစ်ရခြင်းကတော့ ပုံမှန် အသက်ကြီးလာခြင်းကြောင့်အပြင် အဆစ်အမြစ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာ၊ သူငယ်ပြန် သတိမေ့ရောဂါ၊ ဆီးချို၊ နှလုံးနဲ့ သွေးတိုးရောဂါ၊ ဆီးဝမ်းမထိန်းနိုင်တဲ့ရောဂါ၊ လေဖြတ်တာ၊ စိတ်ကျဝေဒနာ၊ ခွဲစိတ်မှု ကြီးကြီးမားမား နောက်ပိုင်းအခြေအနေ၊ အချို့ဆေးဝါးသုံးနေရမှု (သွေးပေါင်ချိန်ကျဆေး၊ နှာစီးချောင်းဆိုးပျောက်ဆေး၊ စိတ်ငြိမ်ဆေး စသည်ဖြင့်) နဲ့ အစာအာဟာရမပြည့်ဝမှု အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ကာကွယ်နိုင်ဖို့အတွက် ငယ်စဉ်ကတည်းက အားကစားပုံမှန်လုပ်တာနဲ့ အစားအသောက် အာဟာရ မျှတပြည့်ဝအောင် စားသုံးသင့်ပါတယ်။ အခုလို ကာကွယ်တဲ့ကြားက လိင်ပိုင်းဆိုင်ရာ ကျဆင်းမှုပြဿနာ ကြုံလာရင်လည်း ဆီးလမ်းကြောင်းပိုင်းဆိုင်ရာ ဆရာဝန် (သို့မဟုတ်) စိတ်ကျန်းမာရေး ဆရာဝန်တွေပြပြီး ထိရောက်တဲ့ ကုသမှု ခံယူနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က တပ်မတော်ဆေးတက္ကသိုလ် စိတ်ကျန်းမာ၊ပညာဌာန ပါမောက္ခ၊ ဌာနမှုးနဲ့ ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ အထူးကု ဒေါက်တာ ဉာဏ်ဝင်းကျော် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG