ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဥၤမှာ တရုတ်နိုင်ငံက ဦးစီးဦးဆောင်လုပ်နေတဲ့ One Belt One Road ပိုးလမ်းမကြီး စီမံကိန်းကို ထောက်ခံကြိုဆိုတဲ့ နိုင်ငံတွေရှိသလို လက်မခံလိုတဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်အလက်တချို့ကို သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း အခု တရုတ်ပြည် ဟူနန်တက္ကသိုလ်မှာ ဧည့်ပညာရှင်အဖြစ် ရောက်ရှိနေတဲ့ ဦးရဲထွန်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
အိန္ဒိယ နဲ့ ထိုင်းတို့လိုနိုင်ငံတွေက တွန့်ဆုတ်ပေမယ့် မြန်မာနိုင်ငံ ဘာကြောင့် တွန့်ဆုတ်ဆုတ်စရာ မလိုဘူးလဲဆိုတာ ဦးရဲထွန်း က အခုလို စပြောခဲ့ပါတယ်။
ဦးရဲထွန်း ။ ။ အဲဒီ သဘာထားက One Belt One Road မစီစဉ်ခင်မှာရှိတဲ့ မူလ အခြေအနေနဲ့ ဆိုင်လိမ့်မယ်လို့ထင်တယ်။ ဥပမာ အိန္ဒိယ၊ ထိုင်းတို့ နည်းနည်းတွန့်နေရတဲ့အကြောင်းက သူတို့နိုင်ငံတွေရဲ့ ပင်ကိုမှာက လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေ ရှိတယ်။ ရှိတော့ တရုတ်ပြည်က ကုန်ပစ္စည်းတွေက ဒီလမ်းကြီးတွေ သွားလာမှု လွယ်ကူချောမွေ့သွားရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ဈေးသက်သက်သာသာနဲ့ သူတို့ဈေးကွက်တွေကို ထိုးဖောက်ပြီး သူတို့စက်မှုလုပ်ငန်းတွေကို ဖြိုလဲပြစ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုရှိတယ်။ ကျနော်တို့ နိုင်ငံအနေနဲ့က မယုံမရဲရှိတဲ့အပိုင်း အနည်းငယ်ရှိပေမယ့် ထိုင်း၊ အိန္ဒိယတို့နဲ့စာလို့ရှိရင် ကျနော်တို့ဆီမှာက အခြေခံလူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းက မရှိဘူး။ မရှိတဲ့အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့၊ အလုပ်အကိုင်တွေ ရရှိဖို့ဆိုတဲ့ ကိစ္စတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေ ဝင်လာတာ၊ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်ပါဆိုတဲ့ ဖိတ်ခေါ်မှုက အရင်အစိုးရလက်ထက်ကတည်းက ချထားတော့ ကျနော်တို့ အခု ဒေါ်အောင်ဆန်းစုကြည်တို့ NLD အစိုးရအနေနဲ့လည်း ဒီလမ်းကို ဆက်လိုက်ရမှာ။ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းလာတယ်ဆိုပေမယ့် အနောက်အုပ်စုဘက်၊ အမေရိကန်တို့ဘက်က ရင်းနှီးမြှုပ်နံှမှုတွေက ထင်သလောက် မလာဘူး။ ကျနော်တို့ မျှော်လင့်စရာက တရုတ်ပဲရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့နိုင်ငံက အဲဒါကို စိတ်ဝင်စားတာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် မေးချင်တဲ့ အချက် နှစ်ချက်သုံးချက်လောက် ရှိပါတယ်။ အခု မြန်မာနိုင်ငံဘက်က တရုတ်ပစ္စည်းတွေ ဝင်လာမယ်။ ရင်းနှီးမြှုပ်နံှမှုတွေ ဝင်လာတာကတော့ ဟုတ်ပြီ၊ ဒါပေမဲ့ နံပတ်တစ်က သယံဇာတတွေ ထုတ်ယူဖို့ ပိုမိုမလွယ်သွားနိုင်ဘူးလား။ အဲဒီကိစ္စက စိုးရိမ်စရာ မဟုတ်ဘူးလား။
ဦးရဲထွန်း ။ ။ အဲဒီလို စိုးရိမ်မှုကတော့ ရှိတာပေါ့။ ဒါပေမဲ့ ဒီကိစ္စတွေ လမ်းပေါက်ရုံလောက်နဲ့ အလွယ်တကူ ဖြစ်သွားတာတော့ မဟုတ်ဘူးပေါ့။ ကိုယ့်နိုင်ငံက ဥပဒေနဲ့ ကာကွယ်ထိန်းသိမ်းနိုင်ရင် ထိန်းသိမ်းနိုင်သလောက် စိုးရိမ်စရာ မရှိဘူးလို့ ထင်ပါတယ်။ ဥပမာ NLD အစိုးရလက်ထက်မှာဆိုရင် ကျောက်မျက်တွေကို အလုံးအရင်းနဲ့ ထုတ်တဲ့ကိစ္စတွေကို သက်တမ်းတိုးခွင့် ပိတ်ထားလိုက်တယ်။ သစ်ထုတ်လုပ်ရေးကို ရပ်ထားလိုက်တယ်။ အဲဒီကိစ္စတွေကို အထူးသဖြင့်တော့ နယ်စပ်ဒေသတွေမှာ ကျနော်တို့ အစိုးရက ပိုင်ပိုင်နိုင်နိုင် ထိန်းနိုင်ဖို့ လိုတာပေါ့။ ဒါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့တော့ တရုတ်ပြည်က တရားမဝင် ဝင်လာတဲ့ သယံဇာတ ခိုးထွက်မှုတွေကို တားဆီးပေးပါ။ လက်မခံပါနဲ့ဆိုတာကိုတော့ အစိုးရချင်း ဆွေးနွေးရမှာပေါ့။
ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ်မှာတော့ တရုတ်လုပ်နေတဲ့ လုပ်ငန်းတွေကို လူတွေကတော့ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်တွေ မကဘူး၊ လက်တွေအားဖြင့်လဲပဲ ဒေသခံတွေက သူတို့ ဘယ်လိုနစ်နာတယ်၊ သူတို့ဘဝကို အဖတ်ဆယ်နိုင်ဖို့အတွက် မကြိုးစားဘူး။ မြေယာအသိမ်းခံရတာ၊ အိုးအိမ်ရွှေ့ပြောင်း ပေးရတာတို့ ပြဿနာ မြောက်မြားစွာကို ကြားရပါတယ်။ အခု ကျောက်ဖြူဘက်မှာ လုပ်နေတယ်ဆိုရင်လည်း နောင်အခါမှာ ဒီဒေသဟာ မြန်မာပြည်ရဲ့ အချက်အချာ ဖြစ်လာနိုင်မယ်ဆိုပေမယ့် လောလောဆယ်မှာ ဒေသခံတွေက နေစရာမရှိဘဲ၊ သိပ်ဒုက္ခရောက်ပါတယ်။ ဒီကိစ္စကော One Belt One Road ဖြတ်လာရင် ပိုပြီးတော့ ဒါမျိုး မကြုံရလာနိုင်ဘူးလားဆိုတဲ့ စိုးရိမ်စိတ်ကို ဘာပြောလိုပါလဲ။
ဦးရဲထွန်း ။ ။ ဒီစိုးရိမ်စိတ်တွေတော့ ရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အစိုးရအနေနဲ့ ဥပဒေတွေကိုလည်း ပြဌာန်းရမယ်။ အလုပ်အကိုင်ဆိုလို့ရှိရင် ကျနော်တို့ ပထမအကြိမ် လွှတ်တော်မှာကတည်းကိုက ပထမ ဘယ်နှစ်နှစ်မှာ နိုင်ငံခြားသား ဘယ်နှစ်ရာခိုင်နှုန်း သုံးရမယ်၊ ပြည်တွင်းအလုပ်သမား ဘယ်လောက်သုံးရမယ်။ ဒုတိယနှစ်မှာ ဘယ်လောက် သုံးရမယ် စသဖြင့် အဲဒီလို နိုင်ငံသားတွေ အလုပ်အကိုင် ရရှိရေး၊ လူနေမှုဘဝတွေ မြှင့်တင်ရေးနဲ့ ပတ်သက်လို့ ဥပဒေတွေ ချမှတ်ထားတာရှိတယ်။ အဲဒီအတိုင်း လက်နာဖို့အတွက်ကတော့ ကျနော်တို့ အစိုးရကနေ ကြပ်မတ်ဖို့ တာဝန်ရှိတာပေါ့။ အဲဒါတွေကို လုပ်ရမယ်။ တဘက်ကလဲ တရုတ်ပြည်ဘက်က သူတို့ ကုမ္ပဏီတွေက သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းတာတို့၊ ဒီကိစ္စတွေမှာ အားနည်းချက်ရှိတာကို သိတဲ့အတွက် သူတို့အစိုးရကိုယ်နှိုက်ကလဲ သူတို့ ကုမ္ပဏီတွေကို ကြပ်မတ်ကာ လုပ်နေတယ်လို့ ကြားရတယ်။ ဒါတွေကို သူတို့ဘက်ကလဲ လုပ်မယ်။ ကျနော်တို့ဘက်ကလဲ ထိန်းသိမ်းမယ်ဆိုရင်တော့ ကောင်းသွားနိုင်တာပေါ့။
ဦးကျော်ဇံသာ ။ ။ နောက်တခုက တရုတ်နိုင်ငံဟာ တကယ်တော့ ကမ္ဘာကြီးရဲ့ Workshop ကမ္ဘာ့အလုပ်ရုံကြီး၊ ကမ္ဘာ့ဘယ်နိုင်ငံသွားသွား တရုတ်လုပ်ပစ္စည်းနဲ့ မကင်းပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက တင်ပို့တဲ့ပစ္စည်းတွေကို မြန်မာဘက်ကပဲ Quality Control မလုပ်လို့လား။ ပစ္စည်းချင်း၊ အဲဒါကို လူတိုင်းက သတိထားကြတယ်။ ဆိုတော့ အဲဒီ Quality ကိစ္စနဲ့ ပတ်သက်လို့ တရုတ်က မြန်မာနိုင်ငံလို နိုင်ငံမျိုးကို ပစ္စည်းတင်ပို့တဲ့အခါမှာ အဲဒီအချက်ပေါ်မှာ စဉ်းစားပါရဲ့လား။ ပြီစလွယ်လုပ်ပြီးတော့ ရောင်းရပြီရော ဒီကောင်တွေ ငတ်နေတဲ့ ကောင်တွေဆိုပြီ တင်ပို့နေသလားဆိုတာက စဉ်းစားစရာ ဖြစ်ပါတယ်။ ဘယ်လို သဘောရပါလဲ။
ဦးရဲထွန်း ။ ။ အဲဒီကိစ္စမှာတော့ ဈေးကွက် လုတဲ့သဘောလဲပါမယ်လို့ ထင်ပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံက အဝတ်ထည်ဖြစ်စေ၊ လူသုံးကုန်ပစ္စည်းတခုဖြစ်စေ၊ မြန်မာပြည်ဈေးကွက်ထဲကို အသစ်ရောက်လာပြီဆိုရင် မြန်မာပြည်မှာရှိတဲ့ တရုတ်နဲ့ အဆက်အသွယ်ရှိတဲ့ ကုန်သယ်တွေ ကိုယ်နှိုက်က အဲဒီ နမူနာပစ္စည်းကို ယူသွားပြီးတဲ့အခါကြတော့ ဒီပစ္စည်းဟာ မြန်မာပြည်ထဲမှာ ဘယ်ဈေးပေါက်လဲ။ ဘယ်ဈေးနဲ့ ထိုင်းကနေ သွင်းလို့ရတယ်ဆိုပြီးတော့ တရုတ်ဘက်က စက်ရုံ၊ လုပ်ငန်းရှင်တွေကို လာပြီးတော့ ပြတယ်။ ပြပြီးတဲ့နောက် ဒီဈေးကွက်မှာ ပြိုင်နိုင်အောင်အတွက် Quality ကို လျှော့လိုက်တယ်။ လျှော့လိုက်ပြီးတော့ မြန်မာပြည်ဈေးကွက်အတွက် ဈေးလျှော့ပြီးတော့ ရောင်းတယ်။ အဲဒီနည်းတွေနဲ့ ထိုးဖောက်တာကို တွေ့ရပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ တရုတ်ပစ္စည်းတွေက မညံ့တော့ဘူး။ အသုံးပျော်တယ်ပေါ့။ ပေးရတဲ့တန်းဖို့ထက် အသုံးပျော်တယ်ဆိုတဲ့ အမြင်ရှိလာတဲ့အခါမှာ ဗမာပြည် ဈေးကွက်ထဲမှာ အခု တရုတ်ပစ္စည်းတွေက အများစု ဖြစ်နေပြီတော့၊ ထိုင်းပစ္စည်းတွေက တဖြည်းဖြည်းနဲ့ ဈေးကွက်ကျဉ်းသွားတာကို တွေ့ရပါတယ်။ အဲဒီတော့ ဆိုလိုချင်တာက ဈေးကွက်ဦးဖို့အတွက်၊ ဈေးကွက်ကို နေရာရဖို့အတွက် ပထမဦးဆုံးမှာ Quality ညံ့တဲ့ဟာတွေနဲ့ ထိုးဖောက်ရပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းကောင်းလာတယ်ဆိုတာကို တွေ့ရတယ်။ အဲဒါကြောင့် သူတို့ရဲ့ ထိုးဖောက်မှုကို အိန္ဒိယ၊ ထိုင်းနိုင်ငံတို့က ကြောက်တာလဲ၊ ဒီအတွက်လို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု မေးချင်တာက တရုတ်တို့ရဲ့ မြန်မာတွေအပေါ် သဘောထား ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာတွေကလဲ တရုတ်ကိစ္စဆိုရင် ကန့်ကွက်ချင်ကြတယ်။ အလားတူစွာပဲ တရုတ်ဘက်ကရော မြန်မာတွေအပေါ် ဘယ်လောက်အထိ အမြင်ကြည်လင်ပါလဲ။ တလောက ကိုးကန့်ကိစ္စ ဖြစ်တယ်။ တရုတ်ဘက်က နယ်စပ်မှာ အရပ်သားတချို့ကို ထိခိုက်တယ် ဘာညာဆိုတော့ တရုတ်လူမျိုးတွေ စိတ်ထိခိုက်လို့ Social Media ထဲမှာ အစိုးရကို ဝင်တိုက်ပါ၊ ဘာညာဆိုတာတွေ အများကြီးရှိတယ်ဆိုပြီးတော့ တရုတ်ဘက်မှာ သတင်းတွေမှာ တွေ့ရပါတယ်။ အလားတူစွာပဲ ကိုးကန့်ကို မြန်မာပြည်ကို ပေးခဲ့ရတာကိုယ်နှိုက်က သိပ်ပြီးတော့ ဘဝင်မကျလှဘူးဆိုတဲ့ သဘောထားမျိုး သူတို့ရဲ့ အစိုးရကို Global Times သတင်းစာထဲက ဆောင်းပါးတွေမှာ မကြာခဏ Backgrounds အဖြစ် ထည့်ရေးကြပါတယ်။ ဆိုတော့ သူတို့ မြန်မာနိုင်ငံနဲ့ ဆက်သွယ်တဲ့နေရာမှာ မြန်မာလူမျိုးတွေအပေါ် မိတ်ဆွေလို သဘောထားတာမျိုး ရှိကြပါရဲ့လား။ ဘယ်လို တွေ့ရပါလဲ။
ဦးရဲထွန်း ။ ။ သူတို့ရဲ့ ခေါင်းဆောင်ပိုင်းကတော့ ကျနော်တို့ အရင် ဗမာပြည်ကွန်မြူနစ်ပါတီထဲမှာ ရှိနေတုန်းက အခု ဒီမှာ ပြောဆိုဆွေးနွေးမှုတွေကို ကြားရတဲ့အရာက ကျနော်တို့ တိုင်းပြည်အပေါ်မှာ သူတို့ကတော့ အရင်းနှီဆုံး ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်းနိုင်ငံတခုအဖြစ် သဘောထားတယ်လို့ ယူဆပါတယ်။ အရင် ဗမာပြည်ကွန်မြူနစ်ပါတီ Vs တရုတ်ပြည် ကွန်မြူနစ် ဆက်ဆံရေးမှာလဲ သူတို့ ကူညီပေးမှုတွေကလည်း တကယ့် နှောင်ကြိုမဲ့ပါ။ အနှောင်အကျိုးမဲ့ဆိုတာ ဘာမှ အကျိုးအမြတ် မရနိုင်တဲ့ဟာကို သူတို့ အင်တိုက်အားတိုက် ကူညီခဲ့တာပေါ့။ တော်လှန်ရေး အောင်မြင်ဖို့ဆိုတဲ့အတွက်။ အခုနောက်ပိုင်းမှာ ဗမာပြည် ကွန်မြူနစ်ပါတီ နောက်ပိုင်းမှာလဲ သူတို့ စစ်အစိုးရကိုလည်း ကူညီခဲ့တယ်။ ကုလသမဂ္ဂမှာလည်း ရပ်တည်ပေးခဲ့တယ်။ တဘက်က သူတို့ ဘာပြန်မျှော်လင့်သလဲဆိုတော့ သူတို့ အဲဒီလို ကူညီပေးခဲ့တဲ့အပေါ်မှာ သူတို့ အကျိုးစီးပွားကို မထိခိုက်တဲ့အောက်မှာ ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်တယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြစ်ဆုံဆည်ကို တဘက်သတ် ရပ်ခိုင်းလိုက်တဲ့အခါမှာတော့ သူတို့ တော်တော်လေး ဒေါပွကြတယ်ပေါ့။ ပြောချင်တဲ့သဘောက စာချုပ်စာတမ်းတွေ အရင်အစိုးရလက်ထက်က လုပ်ကိုင်ခဲ့တဲ့ဟာတွေကို လေ့စားဖို့ သူတို့ ဆန္ဒ ရှိတာပေါ့။ ကိုးကန့်ကိစ္စ ဖြစ်သွားတဲ့ကိစ္စမှာလည်း ကျနော့်အနေနဲ့ တစုံတရာ ဆက်စပ်မှု ရှိနေတယ်လို့ ကျနော် ယူဆပါတယ်။ သို့သော်လဲ ဒီဒေသတွေက တိုင်းရင်းသားတွေ ခွဲထွက်မှာတို့ကိုတော့ သူတို့ လိုလားပုံ မရပါဘူး။ အခုလဲ ငြိမ်းချမ်းရေးရဖို့အတွက် သူတို့ တကယ်ကို ပူးပေါင်းဆောင်ရွက်နေတယ်၊ တိုက်တွန်းနေတယ်လို့ သိရပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာပြည် ငြိမ်းချမ်းရေးကို သူတို့ အခုအခါမှာ လိုချင်နေတယ်။ အဲဒါလဲ ဗမာကို စေတနာရှိတာထက် သူတို့ရဲ့ စီးပွားရေးအတွက် အဆင်ပြေအောင်လို့ မြန်မာတွေက မြင်ကြပါတယ်။ ကျနော်အမြင်ဆိုတာထက် နောက် မြန်မာပြည်သူတွေက ဦးရဲထွန်းပြောတဲ့ တချိန်တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်က ကူညီခဲ့တာ စေတနာအပြည့်အဝနဲ့ ဆိုတာလဲ မြန်မာပြည်သူအများစုကတော့ ပြည်တွင်းရေးကို ဝင်စွက်တ၊ အစိုးရနဲ့ အစိုးရအချင်းချင်း ဆက်ဆံရေး၊ ပါတီချင်း ဆက်ဆံရေး အဆင့်တွေ ခွဲပြီးတော့ လိုရင် ကိုင်လို့ရဖို့ဆိုပြီးတော့ တမင်လုပ်ထားတယ်လို့ မြင်ကြမှာပါ။ ကျနော် အဓိက သိချင်တာကတော့ အဲဒီလို ဆက်ဆံရေး ရှိခဲ့တာ တရုတ်ပြည် လူတွေရဲ့သဘောထားက လူထု-လူထုအချင်းချင်း ရင်းနှီးမှု၊ ချစ်ခင်မှု၊ စီးပွားရေး အတူတူလုပ်မယ်ဆိုတာ ဒီခေတ်မှာ ပိုပြီးအရေးကြီးတာပေါ့ သံတမန် ဆက်ဆံရေးမှာ အစိုးရ-အစိုးရချင်းထက် Public to Public Relations က အရေးကြီးလာတဲ့ခေတ်မှာ မြန်မာနဲ့ တရုတ်ကြားမှာ လူထု-လူထုချင်း ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ လွယ်ပါရဲ့လား။
ဦးရဲထွန်း ။ ။ အဲဒီကိစ္စကတော့ ကျနော့်အထင် အိန္ဒိယနဲ့မြန်မာ၊ အမေရိကန်နဲ့မြန်မာ စတဲ့ လူလူချင်း ဆက်ဆံရေးတွေထက် တရုတ်နဲ့မြန်မာ လူထုချင်း ဆက်ဆံရေးက ပိုလွယ်မယ်လို့ ထင်တယ်။ ဘယ်လို ပိုလွယ်နိုင်သလဲဆိုတော့ များသောအားဖြင့် တရုတ်ပြည်နဲ့ စီးပွားရေးတွေ လုပ်ကြတယ်ဆိုရင် ဗမာပြည်က တရုတ်နဲ့ တရုတ်ပြည်က တရုတ်တွေ လုပ်ကြတာများတယ်။ အပေါ်ပိုင်းမှာတော့ ပြည်သူ-ပြည်သူချင်း ဆက်ဆံရေးကောင်းအောင် ဆိုပြီးတော့ တရုတ်အစိုးရအနေနဲ့ အရင်တုန်းက အစိုးရအရာရှိတွေကိုပါ ဖိတ်ကြား၊ လှည့်လည်ကြည့်ရှုရေးတွေ၊ ဆွေးနွေးပွဲတွေလုပ်တာကို အခုဆိုရင်တော့ သတင်းမီဒီယာသမားတွေ၊ ပညာရှင်တွေ၊ ယဉ်ကျေးမှုအဖွဲ့တွေ ဆက်သွယ်တာတွေ။ နောက် ချစ်ကြည်ရေးအဖွဲ့တွေ ဆက်သွယ်တာတွေ အဲဒါမျိုးတွေ တော်တော်များများ လုပ်လာတာကို တွေ့ရပါတယ်။ အဲဒီတော့ ရေရှည်မှာတော့ ဒီဟာတွေက နားလည်မှုရှိမယ်။ ကျနော်တို့ လူတွေရဲ့ ခံစားချက်ကိုလည်း သူတို့ နားလည်သဘောပေါက်ပြီးတော့ သူတို့ ပြင်သင့်ပြင်ရမယ့်ဟာတွေ၊ ကျင့်ဝတ်မလိုက်နာမှုတွေကို ပြင်ဆင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။