သုံးရလွယ်ကူစေသည့် Link များ

FBI အကြီးအကဲဟောင်း လျှို့ဝှက်သတင်းပေါက်ကြားအောင် ချိုးဖေါက်ဟု ထရမ့်ဆို


အမေရိကန်သမ္မတ Donald Trump နဲ့ FBI ညွှန်ကြားရေးမှူးဟောင်း James Comey

ရုရှားအရေး စုံစမ်းစစ်ဆေးမှုတွေမှာ အမေရိကန်သမ္မတ Donald Trump ကို ပစ်မှတ်ထား စုံစမ်းမှုတွေ မရှိခဲ့ကြောင်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို FBI ညွှန်ကြားရေး မှူးဟောင်း James Comey လွှတ်တော်မှာ ထွက်ဆိုခဲ့တဲ့ မနေ့တုန်းက ထူးထူးခြားခြား Twitter လူမှုကွန်ယက်မှာ အသံတိတ်နေခဲ့တဲ့ သမ္မတ Trump ဟာ ဒီကနေ့မှာတော့ လျို့ဝှက်သတင်းတွေကို ပေါက်ကြားအောင် လုပ်နေသူဟာ FBI အကြီးအကဲဟောင်း ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက နှောက်ယှက်ခဲ့တာကို စုံစမ်းစစ်ဆေးနေတဲ့ FBI အကြီးအကဲကို၊ ပြီးခဲ့တဲ့လထဲ ရာထူးက ထုတ်ပယ်ချိန်မှာ ရုရှားကိစ္စက သူ့ခေါင်းထဲမှာ ရှိနေတယ်လို့လည်း သမ္မတ Trump က ပြောဆိုထားတာပါ။

မနေ့တုန်းက လွှတ်တော်ကြားနာပွဲမှာတော့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်း အပေါ် စုံစမ်းစစ်ဆေးမှုတွေ ဆက်မလုပ်ဖို့ သမ္မတ Trump က ဖိအားပေးဖို့ ကြိုးစားခဲ့တယ်လို့ ယုံကြည်ကြောင်းနဲ့ သူ့ကို ရာထူးက ဖြုတ်ခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့လည်း အိမ်ဖြူတော်တာဝန်ရှိသူတွေဟာ ဗြောင်ကျကျ လိမ်လည်ပြောဆိုခဲ့ကြောင်း FBI အကြီးအကဲဟောင်းက ထွက်ဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်နှောက်ယှက်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေး အသိုင်းအ၀န်းက ပြောဆိုထားတဲ့ ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ဆက်နွယ်ပြီး သူ့ကိုအလုပ်က ဖြုတ်လိုက်တာလို့လည်း လွှတ်တော် အမတ်တွေကို ပြောဆိုခဲ့ပါတယ်။ ရုရှားရဲ့ ကြားဝင်နှောက်ယှက်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးနေတာတွေကို လမ်းကြောင်းပြောင်းအောင်လုပ်ဖို့ သမ္မတက ကြိုးပမ်းခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။

အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ရှေ့မှောက် ထွက်ဆိုမှုဟာ၊ ရာထူးက ဖယ်ရှားမခံရခင် လတွေအတွင်း သမ္မတ Trump နဲ့ တွေ့ဆုံခဲ့တာတွေနဲ့ ပတ်သက်လို့ FBI အကြီးအကဲဟောင်း အနေနဲ့ ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်စွက်ဖက်ခဲ့တဲ့အကြောင်း အမေရိကန် ထောက်လှမ်းရေး အသိုင်းအ၀န်းက အလေးအနက် လက်ခံထားဆဲ ဖြစ်တယ်လို့လည်း ကြားနာပွဲမှာ ပြောဆိုခဲ့ပါတယ်။

သမ္မတ Trump ရဲ့ ပုဂ္ဂလိကအကျိုးဆောင်ရှေ့နေ Marc Kasowitz ကတော့ FBI အကြီးအကဲဟောင်းရဲ့ ထွက်ဆိုချက်တွေအရ ရုရှားအရေး စုံစမ်းစစ်ဆေးမှုတွေကို ရပ်တန့်ဖို့ ညွှန်ကြားတာ၊ တိုက်တွန်းတာမျိုး လုပ်ခဲ့တဲ့ အထောက်အထား မရှိဘူးလို့ ကြားနာပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG