သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Comey ထွက်ဆိုချက် သမ္မတ Trump ကို ဘယ်လောက်ထိခိုက်နိုင်သလဲ


روز دوشنبه در آمریکا روز «یادبود» یا روز گرامیداشت سربازان کشته در جنگ بود. پرزیدنت ترامپ در این روز به یادبود سرباز گمنام در گورستان ملی آرلینگتن ادای احترام کرد.
روز دوشنبه در آمریکا روز «یادبود» یا روز گرامیداشت سربازان کشته در جنگ بود. پرزیدنت ترامپ در این روز به یادبود سرباز گمنام در گورستان ملی آرلینگتن ادای احترام کرد.

၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားအစိုးရဝင်ရောက်စွက်ဖက်ခဲ့သလားဆိုတဲ့ စုံစမ်းမှုကြောင့် သူ့ကိုသမ္မတ Donald Trump က ရာထူးကနေဖယ်ရှားခဲ့တာလို့ ယုံကြည်ကြောင်း FBI ညွှန်ကြားရေးမှူးဟောင်းက ပြောကြားခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်မှုနဲ့ FBI အဖွဲ့ကြီးကို Trump အစိုးရက သိက္ခာချခဲ့တယ်လို့လည်း လွှတ်တော်ကြားနာပွဲမှာ James Comey ထွက်ဆိုသွားခဲ့ပါတယ်။

တရားစီရင်ရေးကို သမ္မတ Trump နှောင့်ယှက် ဟန့်တားခဲ့သလားဆိုတာနဲ့ပတ်သက်လို့တော့ Mr. Comey ကထင်မြင်ချက် မပေးခဲ့ပါဘူး။ လူအများရဲ့ စိတ်ဝင်စားမှုရခဲ့တဲ့ ဒီကြားနာပွဲက ထွက်ဆိုချက်တွေက သမ္မတအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်ပါသလဲ၊ မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၆ သမ္မတရွေးကောက်ပွဲအနိုင်ရအောင် သမ္မတ Donald Trump ရဲ့အနီးကပ်အကြံပေးတွေနဲ့ ရုရှားအစိုးရကြား ပူးပေါင်းဆောင်ရွက်ခဲ့သလားဆိုတာနဲ့ပါတ်သက်လို့ FBI ရဲ့စုံစမ်းမှုအပြင်၊ အထက်နဲ့အောက်လွှတ်တော် ကော်မတီ ၄ ခုထက် မနည်းမှာ စုံစမ်းစစ်ဆေးနေချိန်မှာ FBI ညွှန်ကြားရေးမှူးဟောင်းက ကြာသပတေးနေ့က လွှတ်တော်အမတ်တွေရဲ့ အမေးတွေကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

သမ္မတ Trump ရာထူးကနေဖယ်ရှားခဲ့တဲ့ FBI ညွှန်ကြားရေးမှူးဟောင်း James Comey က ရာထူးကအထုတ်ခံရပြီးနောက် အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီကြားနာပွဲမှာ ပထမဆုံးလာရောက်ထွက်ဆိုခဲ့တာပါ။ ဒါကြောင့် ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းသာမက အများရဲ့စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်နဲ့ ဆက်သွယ်ခဲ့မှုအပေါ် သတင်းထိန်ချန်ခဲ့မှုကြောင့် ရာထူးကနေနှုတ်ထွက်ခဲ့ရတဲ့ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Michael Flynn အပေါ် စုံစမ်းစစ်ဆေးမှုတွေကိုရပ်ဖို့ သမ္မတ Donald Trump ကသူ့ကိုပြောကြားခဲ့တယ်ဆိုတာကို Mr. Comey ကကြားနာပွဲမှာ အတည်ပြုပြောခဲ့ပါတယ်။ အဲဒီလိုသမ္မတကတိုက်တွန်းခဲ့မှုကြောင့် တရားစီရင်ရေးအပေါ် နှောင့်ယှက် တားဆီးရာရောက်သလားဆိုတာကိုတော့ ဒါကို အထူးရှေ့နေကသာဆုံးဖြတ်မှာဖြစ်တယ်လို့ Mr. Comey က ခုလိုပြောကြားခဲ့ပါတယ်။

"ကျွန်တော်နဲ့ သမ္မတကြားမှာ ပြောခဲ့တဲ့စကားတွေက နှောင့်ယှက်ဟန့်တားဖို့ပြောခဲ့တာလားဆိုတာ ကျွန်တော့်အနေနဲ့ပြောဖို့သင့်တယ်လို့ မထင်ပါဘူး။ ပြောခဲ့တဲ့စကားတွေက သိပ်ကို စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ သိပ်ကိုစိုးရိမ်စရာကောင်းတယ်လို့ပဲ ကျွန်တော်မှတ်ယူပါတယ်။ ဒါပေမဲ့ သမ္မတက ဘာရည်ရွယ်ချက်နဲ့ပြောခဲ့တာလဲ၊ တရားစီရင်ရေးကို နှောင့်ယှက်တဲ့သဘောလားဆိုတာကိုတော့ အထူးရှေ့နေက စဉ်းစားသုံးသပ်လိမ့်မယ်လို့ ကျွန်တော်အသေအချာယုံကြည်ပါတယ်။"

သူပြောသွားတဲ့ အထူးရှေ့နေဆိုတာက တရားရေးဌာနတာဝန်ပေးချက်အရ FBI စုံစမ်းမှုကို ဦးဆောင်လုပ်နေတဲ့ အထူးရှေ့နေ Robert Mueller ကို ရည်ညွန်းတာဖြစ်ပါတယ်။ ခုလို ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားကဝင်ရောက်စွက်ဖက်မှုရှိသလားဆိုတာကို အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ၊ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီတို့မှာလည်း စုံစမ်းနေတဲ့အပြင်။ အထက်နဲ့ အောက်လွှတ်တော်တရားရေးကော်မတီတွေမှာလည်း စုံစမ်းစစ်ဆေးနေတာပါ။

ကြာသပတေးနေ့တုန်းက အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှာ Mr. Comey ရဲ့ထွက်ဆိုချက်တွေအရ သမ္မတ Trump ဟာတရားရေးကို နှောင့်ယှက် ဟန့်တားရာရောက်နိုင်တယ်ဆိုရင် တရားရေးကော်မတီတွေရဲ့ စုံစမ်းမှုဟာ ရုရှားဝင်စွက်ခဲ့သလားဆိုတဲ့ကိစ္စကနေ သမ္မတရဲ့လုပ်ရပ်က ဥပဒေချိုးဖောက်သလား၊ ရာဇဝတ်မှုမြောက်သလားဆိုတဲ့ဖက်ကို အာရုံစိုက်သွားနိုင်တယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။ အထူးသဖြင့် အောင်လွှတ်တော်တရားရေးရာ ကော်မတီအနေနဲ့ သမ္မတကို တရားစွဲသင့် မသင့်ဆိုတဲ့ ဆွေးနွေးပြောကြားမှုတွေ ဖြစ်လာနိုင်ပါတယ်။

FBI ညွှန်ကြားရေးမှူးတာဝန်ယူရသူဟာ ၁၀ နှစ်သက်တမ်းတာဝန်ထမ်းဆောင်ရပါတယ်။ ဒါပေမဲ့တာဝန်သက်တမ်း ၆ နှစ်ကျန်သေးတဲ့ James Comey ကို သမ္မတ Donald Trump က စွမ်းဆောင်ရည်ညံ့ဖျင်းတယ်လို့ဆိုပြီး မေလ ၉ ရက်နေ့က ရာထူးကနေ ဖယ်ရှားခဲ့တာကြောင့် ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းမှာ အတော်လေးဆွေးနွေးပြောစရာဖြစ်ခဲ့ပါတယ်။ သူ့ကို ရာထူးကနေဖြုတ်ခဲ့တာနဲ့ပါတ်သက်လို့ Trump အစိုးရက သူ့ကိုသိက္ခာချ လိမ်ညာပြောခဲ့တယ်လို့ Mr. Comey ကအထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီကြားနာပွဲမှာ ခုလိုပြောသွားခဲ့ပါတယ်။

"FBI ညွှန်ကြားရေးမှူးတယောက်ကို သမ္မတက ရာထူးကနေဖယ်ရှားဖို့ ဥပဒေအရ ဘာအကြောင်းပြချက်မှ မလိုပေမဲ့ အစိုးရက ကျွန်တော့်ကိုတင်မက FBI တခုလုံးကိုသိက္ခာချခဲ့ပါတယ်။ FBI အဖွဲ့ကြီးဟာ ဖရိုဖရဲဖြစ်နေတယ်။ ညံ့ဖျင်းတဲ့ ဦးဆောင်မှုအောက်ရောက်နေတယ်။ FBI ခေါင်းဆောင်အပေါ်မှာ အလုပ်ခွင်ဝင်နေကြသူတွေက အယုံအကြည်မရှိကြဘူးလို့ အစိုးရက ပြောခဲ့ပါတယ်။ ဒါတွေဟာ တကယ့်အလိမ်အညာတွေဖြစ်ပါတယ်။ FBI ဝန်ထမ်းတွေအဲဒီလိုပြောခံရတဲ့အပေါ် ကျွန်တော်စိတ်မကောင်းပါဘူး။ အဲဒီလိုအမေရိကန်ပြည်သူတွေကို ပြောခဲ့တဲ့အပေါ် ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်။"

ရုရှားနဲ့ပါတ်သက်တဲ့ စုံစမ်းမှုကိစ္စကြောင့်သူ့ကိုသမ္မတက ရာထူးကဖယ်ရှားခဲ့တယ်လို့ ယုံကြည်ကြောင်း FBI ညွှန်ကြားရေးမှူးဟောင်းက ကြားနာပွဲမှာ ပြောသွားပါတယ်။ FBI အကြီးအကဲနဲ့ အရင်သမ္မတတွေကြား မကြာခဏတေ့ွဆုံတာမျိုး မရှိခဲ့ပေမဲ့၊ Donald Trump သမ္မတတာဝန်မယူခင်ကနေ သူရာထူးကဖယ်ရှားမခံရခင် ၄ လအတွင်း လူကိုယ်တိုင်တွေ့ဆုံခဲ့တာရော၊ တယ်လီဖုန်းနဲ့ဆက်သွယ်တာအပါအဝင် သမ္မတ Trump က သူကိုအဆက်အသွယ် ၉ ကြိမ်လုပ်ခဲ့တယ်လို့ Mr. Comey ကကြားနာပွဲမှာပြောသွားပါတယ်။

သမ္မတနဲ့ သီးသန့်တွေ့ဆုံမှုတွေအတွင်း ပြောကြားခဲ့တာတွေကို မှတ်သားရေးထားချက်တွေကို သူ့ရဲ့မိတ်ဆွေတယောက်တဆင့် သတင်းထောက်တွေကို သတင်းပေးခဲ့တာဖြစ်တယ်လို့လည်း Mr. Comey ကဝန်ခံပြောသွားပါတယ်။ ပြောကြားချက်အသေးစိတ်ပေါ်ထွက်လာခဲ့ရင် စုံစမ်းဖို့ အထူးရှေ့နေတယောက်ခန့်အပ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလို့ပြောပါတယ်။ သမ္မတနဲ့ဆက်သွယ်မှုတွေကို ခွင့်ပြုချက်မရဘဲ သတင်းထောက်တွေကို ပြောပြခဲ့တာကို သမ္မတ Trump ရဲ့ ရှေ့နေ Marc Kasowitz ကဝေဖန်ပြောကြားခဲ့ပြီး ဒီကိစ္စစုံစမ်းစစ်ဆေးသင့်မသင့် သက်ဆိုင်တဲ့ အာဏာပိုင်တွေက ဆုံးဖြတ်လိမ့်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ရုရှားရဲ့အကူအညီကြောင့် Donald Trump သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့သလားဆိုတဲ့အပေါ် တရားရေးဌာနနဲ့ လွှတ်တော်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်နေချိန်မှာ ရာထူးကနေဖယ်ရှားခံရတဲ့ FBI ညွှန်ကြားရေးမှူးရဲ့ ထွက်ဆိုမှုတွေကြောင့် သမ္မတအပေါ် ပြည်သူတွေရဲ့ သဘောထားအမြင် ထိခိုက်နိုင်ပေမဲ့ သမ္မတတာဝန်ကနေ ဆင်းပေးရတဲ့အခြေအနေရောက်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးကျွမ်းကျင်သူ တချို့ကတော့သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG