သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FBI အကြီးအကဲနေရာအတွက် ပြည်ထောင်စုအစိုးရရှေ့နေဟောင်းတဦးကို အဆိုပြုမည်


ပြည်ထောင်စုအစိုးရရှေ့နေဟောင်း Christopher Wray
ပြည်ထောင်စုအစိုးရရှေ့နေဟောင်း Christopher Wray

ရာထူးကဖယ်ရှားခံခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ညွှန်ကြားရေးမှူးဟောင်း James Comey နေရာမှာ ပြည်ထောင်စုအစိုးရရှေ့နေဟောင်း Christopher Wray ကို မကြာခင် အဆိုပြုခန့်အပ်မယ့်အကြောင်း ဒီကနေ့ အစောပိုင်းမှာပဲ သမ္မတ Donald Trump က Twitter အင်တာနက်လူမှုကွန်ယက်ကနေ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့လထဲမှာပဲ သမ္မတ Trump က ရာထူးက ဖြုတ်လိုက်တဲ့ FBI အကြီးအကဲဟောင်း Comey ဟာ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီရှေ့မှောက် ထွက်ဆိုဖို့ တရက်အလိုမှာပဲ သမ္မတရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

သမ္မတ Trump ရဲ့ မဲဆွယ်ပွဲတာဝန်ခံတွေနဲ့ ရုရှားတို့ကြား ပတ်သက် ဆက်နွယ်မှုရှိမရှိ စုံစမ်းစစ်ဆေးနေတာတွေကို ရပ်တန့်ဖို့ FBI ညွှန်ကြားရေးမှူးဟောင်းကို သမ္မတက ဖိအားပေးခဲ့ကြောင်း ပြောဆိုနေတာတွေနဲ့ ပတ်သက်လို့ လွှတ်တော်မှာ မေးမြန်းခံရလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ FBI ညွှန်ကြားရေးမှူးသစ်အဖြစ် ခန့်အပ်ဖို့ လျာထားမယ့် Wray ဟာ သမ္မတဟောင်း George W. Bush လက်ထက် ၂၀၀၃ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ တရားရေးဝန်ကြီးဌာနရဲ့ ရာဇဝတ်မှုဆိုင်ရာဌာန အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ King & Spalding ဥပဒေအကျိုးဆောင်လုပ်ငန်းမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ Wray ဟာ သမ္မတ Trump ရဲ့ နိုင်ငံရေးမဟာမိတ်တဦးဖြစ်တဲ့ New Jersey ပြည်နယ် အုပ်ချုပ်ရေးမှူး Chris Christie အတွက်လည်း အကျိုးဆောင် ရှေ့နေအဖြစ် မကြာသေးခင်အချိန်အထိ အလုပ်လုပ်ပေးခဲ့သူပါ။

အမေရိကန်ရဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေမှာ သြဇာကြီးမားတဲ့ FBI ရဲ့ ညွှန်ကြားရေးမှူးသစ်အဖြစ် စဉ်းစားခံရသူတွေ တော်တော်များများရှိခဲ့ပေမဲ့ လျာထားခံရသူစာရင်းကနေ နုတ်ထွက်သွားခဲ့ကြတဲ့အတွက် သင့်တော်မယ့်သူတဦး ရှာဖွေနေတဲ့ လုပ်ငန်းစဉ်ဟာ သမ္မတရဲ့ ကြေညာချက်ကြောင့် အခုအခါ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG