သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FBI အကြီးအကဲရာထူးမှ ဖယ်ရှားမှု သမ္မတ Trump ခုခံရေးသား


သမ္မတ Donald Trumpနှင့် FBI ညွှန်ကြားရေးမှူး James Comey
သမ္မတ Donald Trumpနှင့် FBI ညွှန်ကြားရေးမှူး James Comey

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ညွှန်ကြားရေးမှူး James Comey အပေါ် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်ပါတီ ၂ ဖက်စလုံးက တယောက်မှ အယုံအကြည် မရှိကြတော့ဘူးလို့ သမ္မတ Donald Trump က ပြောဆိုလိုက်ပြီး၊ FBI အကြီးအကဲကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆို လိုက်ပါတယ်။

ပိုပြီးလုပ်နိုင်ကိုင်နိုင်မယ့်သူ၊ FBI ရဲ့ အခန်းကဏ္ဍကို ပြန်လည်မြှင့်တင် ပေးနိုင်မယ့်သူ တယောက်ယောက်နဲ့ အစားထိုးသွားမယ်လို့လည်း ဒီကနေ့မနက်မှာပဲ သမ္မတက Twitter အင်တာနက် လူမှုကွန်ယက်ကနေ ပြောဆိုခဲ့တာပါ။ ဝေဖန်သူတွေကတော့ နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်နှောက်ယှက်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သမ္မတရဲ့ လက်ထောက်တွေ ဆက်နွယ်ပတ်သက်မှု ရှိမရှိ FBI ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ် စရာ ဖြစ်လာနေပြီလို့ ပြောဆိုနေကြ ပါတယ်။

သမ္မတ Trump ရဲ့ မနေ့တုန်းက ထုတ်ပြန်ချက်မှာတော့ FBI ညွှန်ကြားရေးမှူး Comey ဟာ ထိထိရောက်ရောက် ဦးဆောင်နိုင်စွမ်း မရှိသူအဖြစ် တာဝန်က ချက်ခြင်းရပ်စဲကြောင်း ခပ်ပြတ်ပြတ် ဖော်ပြထားတာပါ။ FBI ညွှန်ကြားရေးမှူးတွေဟာ ၁၀ နှစ် သက်တမ်း တာဝန်ထမ်းဆောင်ခွင့်ရှိပြီး၊ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ Comey ကတော့ လွန်ခဲ့တဲ့ ၄ နှစ်ကမှ တာဝန်ပေးခံထားရတာပါ။

FBI အကြီးအကဲဟာ ဝန်ထမ်းတွေနဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ တွေ့ဆုံနေစဉ်မှာပဲ ရာထူးက ဖယ်ရှားခံရကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။ ရုပ်မြင်သံကြား သတင်းတွေမှာ ရာထူးက ဖယ်ရှားခံရကြောင်း ရုတ်တရက် တွေ့ကာစမှာ သူကိုယ်တိုင်တောင် မယုံခဲ့ဖူးလို့လည်း သတင်းတွေက ဖော်ပြပါတယ်။ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ FBI အကြီးအကဲဟောင်းက တစုံတရာ လူသိရှင်ကြား မှတ်ချက်ပေး ပြောဆိုတာတော့ မရှိသေးပါဘူး။

ရာထူးက ဖယ်ရှားလိုက်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ရှေ့နေချုပ် Jeff Sessions နဲ့ လက်ထောက်ဖြစ်သူတို့ရဲ့ စာတွေမှာ ဖော်ပြထားပြီး၊ FBI ညွှန်ကြားရေးမှူးဟောင်းဟာ ဥပဒေကို လိုသလို သုံးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ လက်ထောက် ရှေ့နေချုပ် Rod Rosenstein ရဲ့ စာထဲမှာတော့ ညွှန်ကြားရေးမှူးဟောင်း Comey ဟာ သမ္မတရွေးကောက်ပွဲမှာ သမ္မတ Trump ရဲ့ ပြိုင်ဘက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton ရဲ့ အီးမေးလ်အသုံးပြုမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရာမှာ ကြီးကြီးမားမား အမှားအယွင်းတွေ လုပ်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

ဝန်ကြီးဟောင်း ကလင်တန် ကို အရေးမယူသင့်ဖူးလို့ ဆုံးဖြတ်ခဲ့တာဟာ ရှေ့နေချုပ်ရုံးရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ခဲ့တယ်လို့လည်း ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း နိုဝင်ဘာ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေ မတိုင်မီလတွေမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ အခုကျမှ ဘာကြောင့် အရေးယူရသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ FBI အကြီးအကဲကို ရာထူးက ဖယ်ရှားလိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သမ္မတရဲ့ ရီပတ်ဘလစ်ကန် ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ကြားမှာလည်း သဘောထား အမျိုးမျိုးထွက်ပေါ်ခဲ့တာပါ။

အတိုက်အခံ ဒီမိုကရက်တွေကတော့ သမ္မတရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်ခဲ့ကြပြီး၊ အထက်လွှတ်တော် ဒီမိုကရက်လူနည်းစုခေါင်းဆောင် Chuck Schumer ကတော့ ၂၀၁၆ သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေး နေချိန်မှာ FBI ညွှန်ကြားရေးမှူးကို ရာထူးက ဖယ်ရှားတာဟာ ကြီးမားတဲ့ အမှားတခုကို ကျုးလွန်ရာရောက်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG