အရှေ့နဲ့ တောင်တရုတ်ပင်လယ်ထဲက တရုတ်တို့ပိုင်ဆိုင်တယ်လို့ပြောနေတဲ့ ရေပြင်မှာ ငါးဖမ်းခွင့်ပိတ်ပင်တယ်လို့ တရုတ်နိုင်ငံကကြေညာထားပေမဲ့ ရေပိုင်နက်အငြင်းပွားနေတဲ့ တခြားနိုင်ငံတွေက ဂရုမစိုက်ဘဲ သူတို့နိုင်ငံတွေရဲ့ ငါးဖမ်းလှေတွေကို သွားခွင့်ပေးထားပါတယ်။
ဒီနှစ်အတွက် မေလ ၁ ရက်နေ့ကစလို့ ၃ လအတွင်း အငြင်းပွားနေတဲ့ ရေနယ်နိမိတ်ထဲမှာ အရင်နှစ်တွေထက် ပိုပြီးတင်းကြပ်တဲ့စည်းကမ်းတွေနဲ့ငါးဖမ်းခွင့်ကို တရုတ်အစိုးရက ဆိုင်းငံ့ထားတာပါ။ ဒါပေမဲ့ အဲဒီရေပြင်နယ်နိမိတ်ထဲက သူတို့နဲ့သက်ဆိုင်တဲ့အပိုင်းကို ပိုင်ဆိုင်တယ်လို့ ထိုင်ဝမ်၊ Vietnam နဲ့ဖိလစ်ပိုင်တို့ကလည်း ပြောနေကြတာဖြစ်ပါတယ်။ ငါးဖမ်းခွင့် ယာယီပိတ်ကြောင်း တရုတ်ရဲ့ကြေညာချက်ကို Vietnam နိုင်ငံက အပြစ်တင်ခဲ့ပါတယ်။
ဖိလစ်ပိုင်ကတော့ အသိအမှတ်မပြုတဲ့ပုံနဲ့ ဘာမှမတုံ့ပြန်ပါဘူး။ ထိုင်ဝမ်ကတော့ အဲဒီနေရာတွေမှာ ငါးဖမ်းလုပ်ငန်းလုပ်နေသူတွေကို ဆုချတဲ့အပြင် တရုတ်တို့က ငါးဖမ်းလှေတွေကိုဖမ်းတယ်ဆိုရင် ကူညီမယ်လို့ပြောကြားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ထဲကရေပြင်ထဲမှာ ၁၉၉၅ ခုနှစ်ထဲကစလို့ တရုတ်တို့က ငါးဖမ်းခွင့်ကို ရာသီအလိုက်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပိတ်ပင်မှုအတွင်း နိုင်ငံခြား ငါးဖမ်းလှေတချို့ကိုလည်းဖမ်းဆီးခဲ့ပါတယ်။