သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအရေး ၂ နိုင်ငံ ဆွေးနွေး


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် တင်းကြပ်တဲ့ဥပဒေ ပြဌာန်းလိုက်ပြီးနောက် မကြာသေးခင်ကစလို့ ဖမ်းဆီးမှုတွေ တိုးမြှင့်လာနေတဲ့အတွက် မြန်မာနိုင်ငံသားတွေ အခက်ကြုံနေရတာတွေကို ဖြေရှင်းနိုင်ဖို့ ၂ နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးနေကြပါတယ်။ မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီ ရှိနေတဲ့ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့မှာ ဆွေးနွေးမှုတွေအတွင်း ပြဿနာကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာဒုတိယ သံအမတ်ကြီး ကပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ ကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်လုပ်ခွင့် ဆိုင်ရာ တင်းကြပ်တဲ့ ဥပဒေသစ်ကြောင့် မြန်မာနိုင်ငံသားတွေ ကိုအလုပ်ရှင်တွေက လက်မခံရဲကြတော့ပဲ တိမ်းရှောင် ခိုင်းတာတွေလုပ်နေတဲ့အတွက် ဖမ်းဆီးခံရသူတွေရှိနေသလို့ မြန်မာနိုင်ငံသားတွေဟာ နေ့စဉ် အစုလိုက် အပြုံလိုက်နေရပ်ရင်းကို ပြန်နေကြတာတွေလည်းရှိနေတာပါ။ ထောင်ဂဏန်း ရှိတဲ့မြန်မာတွေနေရပ်ပြန်နေကြသလို အဖမ်းဆီးတွေလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။

ဒီပြသနာကြောင့် ထိုင်းနိုင်ငံမှာ သန်းနဲ့ချီပြီး အလုပ်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့မြန်မာတွေ အတွက် အခက်အခဲတွေကြုံနေရတာပါ။ ဒီ့အတွက် ထိုင်းမြန်မာနှစ်နိုင်ငံဆွေးနွေးပွဲကနေ ဖြေလျော့မူတခုဖြစ်လာဖို့အတွက် ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဘန်ကောက်မြို့က ဒုတိယသံအမတ် ဦးဟောက်ခန်းဆမ်ကပြောပါတယ်။

" အဓိကကတော့ အလုပ်သမားကိစ္စပေါ့နော် အခုလက်ရှိ ရန်ကုန်မှာပေါ့နော် ဒီနေ့ရယ် မနက်ဖြန်လည်း ရှိဦးမယ်ထင်တယ်။ နှစ်နိုင်ငံတွေ့ဆုံပြီးတော့။ ကျနော်တို့ဘက်မှာတော့ ဒီနိုင်ငံခြားရေးရုံးတို့ဘာတို့လည်း ပြောတာပေါ့နော်။ ဟိုတနေ့ကလည်းပြောတယ်။ အဓိကတော့ ကြားထဲမှာ ချက်ခြင်းကြီးမဟုတ်ပဲနဲ့ အချိန်ကာလလေးတခု သတ်မှတ်ပေးပြီးတော့ ဖြေးဖြေးခြင်း ဥပဒေကို အကောင်အထည်ဖော်ဖို့။ နောက် ဒီလိုအဖမ်းအဆီးသတင်းတွေကြောင့် ကိုယ့်မြန်မာနိုင်ငံပြန် လည်း ချောချောမွေ့မွေ့နဲ့ မြန်မာနိုင်ငံကို ပြန်လို့ရအောင် သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ ကူညီပေးဖို့ အဲ့လိုတွေတော့ ကျနော်တို့ နိုင်ငံခြားရုံးက ဒီနေ့လည်း ဒုညွှန်ချုပ်ကို ပြောပါတယ်။ အဓိကကတော့ အစည်းအဝေးလည်း လုပ်နေတယ်။ နောက်ပိုင်းတော့ ဖြေလျော့မှုတွေတော့ နည်းနည်းတော့ ရှိမယ်ထင်ပါတယ်။"

အဖမ်းဆီးတွေကြောင့်ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကတဆင့်မြဝတိမြို့ကိုပြန်နေကြသူတွေလည်းရှိသလို ထိုင်းတောင်ပိုင်းမောထောင်နယ်စပ်ဂိတ်တွေကနေ ပြန်ကြသူတွေလည်း ရှိနေတာပါ။ ဒီလိုပြန်နေကြပေမဲ့လည်း နယ်စပ်ရောက်မှာ ထပ်မံ ဖမ်းဆီးခံရမူတွေလည်း ကြုံနေရဆဲဖြစ်တယ်လို့ အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ရှေ့နေကြီးဦးအောင်မျိုးသန့်ကပြောပြပါတယ်။

" မောထောင်လမ်းမှာ ဒီကလည်းသွားတာ ၂၅၀၀စီလည်း ပေးရသေးတယ်။ ဟိုရောက်တော့ လူတွေက မနည်းဘူး နောက် လူတွေလည်း အများကြီး ဖမ်းလာပို့နေသေးတယ် နယ်စပ်ကို။"

ထိုင်းနိုင်ငံတွင်းမှာ အထောက်အထားမရှိတာတွေ၊ အထောက်အထား မပြည့်စုံတာတွေကြောင့် အဖမ်းဆီးခံနေရတဲ့ အလုပ်သမားရေးရာကိစ္စတွေနဲ့ ပတ်သက်လို့ ထိုင်းနဲ့မြန်မာဆွေးနွေးပွဲမှာ ဆွေးနွေးနိုင်ဖို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအဖွဲ့က လည်း အကြံပြုတဲ့စာ၂စောင်ပေးပို့ခဲ့တယ်လို့လည်း အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းကဆိုပါတယ်။

" လောလောဆယ်ဖြစ်ပျက်နေတဲ့အဖြစ်အပျက်ကို ဖြေရှင်းဖို့ နောက်ထပ်ပြီးတော့ ၂၉ရက်နေ့ စာမှာကျတော့ အနာဂတ်ကာလမှ အလုပ်သမားတွေအတွက် ကောင်းမွန်တဲ့စနစ်ကိုပြောင်းလဲဖို့အတွက်ဆိုပြီး အကြံဉာဏ်တွေပေးတယ်။ စာနှစ်စောင်ပို့လိုက်တယ်။"

လုပ်ငန်းရှင်တွေဟာ ဥပဒေနဲ့မညီတဲ့နိုင်ငံခြားသားအလုပ်သမားတွေကို အလုပ်ခန့်ထားတာတွေကို ဖမ်းဆီးချိန်မှာ စစ်ဆေးတွေရှိခဲ့မယ်ဆိုရင် လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားတဦးကို တရားမဝင်အလုပ်ခန့်ထားတဲ့အတွက် ဘတ်ငွေ ၄သိန်းကနေ ၈သိန်းအထိ ဒဏ်ငွေပေးဆောင်ရမယ်လို့ ဥပဒေထဲမှာပါရှိတာပါ ဒီလိုအလုပ်ခန့်ခွင့်ဆိုင်ရာဥပဒေသစ်ကြောင့် ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ စက်ရုံတွေပိတ်ပစ်ရတော့မဲ့ အခြေအနေမှာရှိနေတယ်လို့လည်း ထိုင်းသတင်းတွေမှာဖော်ပြနေပါတယ်။

ထိုင်းဝန်ကြီးချုပ်ကတေ့ာ ဒီဥပဒေသစ်ထုတ်ပြန်တာဟာ ထိုင်းနိုင်ငံတွင်းကပြသနာတွေ ကိုဖြေရှင်းနေတာဖြစ်တယ်လို့ဆိုထားပါတယ် ထိုင်းနိုင်ငံတွင်းမှာ အိမ်ဖော်နဲ့ ရေလုပ်သား ပန်းရံ စသဖြင့်အလုပ်ကြမ်းအလုပ်ပေါင်း ၃၉မျိုးကို နိုင်ငံခြားသားအလုပ်သမားတွေလုပ်ဖို့ ခွင့်ပြုထားတာဖြစ်တယ်လို့ဆိုပြီး ထိုင်းနိုင်ငံမှာဆက်ပြီး အလုပ်လုပ်မယ်ဆိုရင် သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနဆီကနေ အထောက်အထားစာရွက်တွေယူပြီး ပြန်လာလုပ်နိုင်တယ်လို့လည်း ဆိုထားတာပါ ။

ဒီလို တင်းကြပ်တဲ့ဥပဒေအောက်မှာ မြန်မာအလုပ်သမားတွေကတော့ အထောက်အထား မရှိတာကြောင့်ရော တရားဝင်ပြန်လာဖို့အခက်အခဲတွေကြောင့် ဖမ်းဆီးလိုက် တိမ်းရှောင်လိုက် နဲ့ နောက်ဆုံးမှာနေရပ် ကိုထောင်နဲ့ချီပြီးူ ပြန်နေကြတွေ လည်းရှိပါတယ်။ ဒါပေမဲ့ တချို့အဖမ်းဆီးခံရပြီး နယ်စပ်ပြန်ပို့ခံရပေမဲ့ ဒဏ်ငွေဆောင်ပြီး တာနဲ့ နယ်စပ်ကနေပြန်ဝင်ပြီး အလုပ်လာလုပ်နေကြဆဲဖြစ်ပါတယ်။ သန်းနဲ့ချီပြီး ထိုင်းနိုင်ငံထဲမှာ အလုပ်လာလုပ်နေကြတဲ့မြန်မာအလုပ်သမားတွေရဲ့ပြသနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုတော့ထိုင်းနဲ့မြန်မာနှစ်နိုင်ငံအစိုးရတွေကတော့တိုင်ပင်ညှိနှိုင်းနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG