သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Liu Xiaobo ကွယ်လွန်မှုအပေါ် ဝေဖန်မှုတွေ တရုတ်အစိုးရပယ်ချ


ကွယ်လွန်သွားတဲ့ တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ Liu Xiaobo
ကွယ်လွန်သွားတဲ့ တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ Liu Xiaobo

ကွယ်လွန်သွားတဲ့ တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ Liu Xiaobo ကို ၂၀၁၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့်ခဲ့တာဟာ နိုဘဲလ်ဆုရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ရာရောက်တယ်လို့ တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ ဒီလိုလူစားမျိုးကို နိုဘဲလ်ဆု ချီးမြှင့်တာဟာ ဆုပေးရခြင်း ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေတဲ့အတွက် စော်ကားရာရောက်တဲ့ အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Geng Shuang က ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။

တရုတ်နိုင်ငံမှာ အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသား တဦးဖြစ်ခဲ့တဲ့ အသက် ၆၁ နှစ်အရွယ် Liu Xiaobo ဟာ အသည်းကင်ဆာရောဂါ ခံစားခဲ့ရပြီး ကွယ်လွန်ခဲ့ရာမှာလည်း သက်ရှိထင်ရှား ရှိခဲ့စဉ်ကလိုပဲ အခြေအတင် ပြောစရာတွေ ဖြစ်ခဲ့ရပါတယ်။ အသည်းကင်ဆာ နောက်ဆုံးအဆင့် ခံစားခဲ့ရပြီးနောက် ၈ နှစ်ကြာ နေခဲ့ရတဲ့ အကျဉ်းထောင်ကနေ ဆေးကုသဖို့ ပြောင်းရွှေ့ပေးခဲ့တဲ့ တရုတ်နိုင်ငံ အရှေ့မြောက်ဖက် Shenyang ဒေသက ဆေးရုံမှာပဲ မနေ့က ကွယ်လွန်သွားခဲ့တာပါ။

ဒေသခံ အာဏာပိုင်တွေကတော့ ခန္ဓာကိုယ်တွင်းအင်္ဂါတွေ အလုပ်မလုပ်တော့ဘဲ သေဆုံးခဲ့တာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Terry Branstad ကတော့ ထောင်သွင်းအကျဉ်းချရမယ့်အစား လေးစားမှုတွေ ပြသရမယ့် ရပ်တည်ချက် ခိုင်မာသူ စံနမူနာပုဂ္ဂိုလ်တဦးကို တရုတ်နိုင်ငံက ဆုံးရှုံးခဲ့ရကြောင်း ပြောဆိုခဲ့တာပါ။ Liu Xiaobo သေဆုံးမှုအတွက် တရုတ်အစိုးရမှာ တာဝန်ရှိကြောင်း နော်ဝေနိုင်ငံ နိုဘဲလ်ကော်မတီ အကြီးအကဲကလည်း ပြောဆိုခဲ့ပါတယ်။

ကျန်းမာရေးအခြေအနေ ဆိုးရွားမလာခင် လုံလောက်တဲ့ ကုသမှုတွေ ရနိုင်မယ့်နေရာကို ပြောင်းရွှေ့မပေးခဲ့တဲ့အတွက် အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်ခဲ့ရသလို၊ အချိန်မတိုင်ခင် သေဆုံးမှုအတွက် တရုတ်အစိုးရမှာ ကြီးလေးတဲ့ တာဝန်ရှိကြောင်းလည်း နိုဘဲလ်ကော်မတီ ဥက္ကဋ္ဌ Berit Reiss-Anderssen ကပြောဆိုခဲ့တာပါ။

Liu Xiaobo သေဆုံးမှုနဲ့ ပတ်သက်လို့ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးတို့ရဲ့ ဝေဖန်မှုတွေကိုတော့ တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်ကို နိုင်ငံတချို့က ဝင်ရောက်စွက်ဖက်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Geng Shuang က ပြောဆိုလိုက်တာပါ။

တရုတ်ကွန်မြူနစ်ပါတီအာဘော် The Global Times သတင်းစာကလည်း ဘဝတလျှောက် ကြေကွဲစရာ အခြေအနေမှာ နေထိုင်ခဲ့ရတဲ့ Liu Xiaobo ရဲ့ နောက်ဆုံးအချိန်တွေမှာ ပြည်ပအင်အားစုတွေရဲ့ နိုင်ငံရေးအရ အသုံးချတာ ခံခဲ့ရကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG