သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတဝှမ်း လူကိုးသောင်း ရေဘေးသင့်


ကရင်ပြည်နယ် ဘားအံ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်နေစဉ်။ ဇူလိုင်၂၀-၂၀၁၇ (MOI)
ကရင်ပြည်နယ် ဘားအံ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်နေစဉ်။ ဇူလိုင်၂၀-၂၀၁၇ (MOI)

ဇူလိုင်လဆန်းက စတင်ခဲ့တဲ့ ဒီနှစ်အတွက် ပထမကာလ မြစ်ရေကြီးချိန်မှာ သေဆုံးသူ ၂ဦးရှိခဲ့သလိုမြန်မာပြည်အနှံ့မှာ ရေဘေးသင့်ပြည်သူ ၉သောင်းနီးပါးလောက်ရှိခဲ့ပြီး ပါတယ်။ လောလောဆည် ဧရာဝတီတိုင်းဒေသကြီးမှာ စိုးရိမ်ရေမှတ် အထက်မှာ ရှိနေသလို လာမယ့်သီတင်းပတ်အတွင်းမှာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေပြန်တက်နိုင်ကြောင်း မိုးဇလဌာနက ခန့်မှန်းထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီနှစ် မိုးရာသီမှာ ရေကြီးရေလျံမှု အဓိက ကြုံတွေ့ခဲ့ရတဲ့ဒေသတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့ဖြစ်ပါတယ်။

ချင်းတွင်း၊ ဧရာဝတီနဲ့ သံလွင်မြစ်ရေကြီးတာကြောင့် ဇူလိုင်လဆန်းက ဒီနေ့အချိန်ထိ ရေဘေးသင့်ပြည်သူ ၉သောင်းလောက် ရှိပြီး မကွေးတိုင်းမှာ အဆိုးဝါးဆုံးခံစားရတယ်လို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ပြောပါတယ်။

“လောလောဆည်ကတော့ တနိုင်ငံလုံးအနေအထားနဲ့ ရှိတာက ၉သောင်း ပတ်ဝန်းကျင်လောက်ရှိတာပေါ့။ ရေဘေးသင့်တဲ့ နေရာတွေက စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် ခန္တီး၊ မော်လိုက်၊ မင်းကင်း၊ နောက် မုံရွာပေါ့။ ကလေးဝလည်း ၂ထောင်ကျော်ရှိတယ်ဗျ။ မြောင်တို့၊ စစ်ကိုင်းတို့၊ ဖောင်းပြင်တို့ကတော့ ထောင်ကျော်လေးတွေပေါ့ဗျာ။ မကွေးတိုင်းဒေသကြီးမှာ ရေစကြိုက တစ်သောင်းကျော်တယ်။ ပခုက္ကူက ၃သောင်းကျော်တယ်။ မင်းဘူးက ၄ထောင်ကျော်ရှိတယ်ပေါ့။ ပဲခူးတိုင်းဒေသကြီးမှာတော့ လောလော လတ်လတ်ဖြစ်နေတာက ပတောင်းရယ်၊ ပြည်ရယ်၊ မိုးညိုဖက်မှာပေါ့။ ကရင်ပြည်နယ်ဖက်က လှိုင်းဘွဲ့တို့ ဧရာဝတီက ဓနုဖြူတို့ မွန်က သထုံတို့ဘာတို့ကတော့ နည်းနည်းလေးတွေပါပဲ။”

ဒီကနေ့ထိ ရေကြီးတာကြောင့် စစ်ကိုင်းဒေသကြီး ခန္တီးမှာတယောက်နဲ့ချင်းပြည်နယ် တွန်းဇံမှာတယာက် သေဆုံးခဲ့ကြောင်း ပြောပါတယ်။ သေဆုံးသူတွေအတွက် လူ ကယ်ပြန် ဝန်ကြီးဌာနက တယောက်ကို ကျပ် ၃သိန်းစီထောက်ပံပေးသလို ရေဘေးသင့်ပြည်သူတွေကိုလည်း စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ထားကြောင်းလည်း ဆက်ပြောပါတယ်။

“ကျနော်တို့ အမျိုးသားသဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရှိသလို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း အဲဒီအဖွဲ့တွေရှိတယ်။ အဲဒီ သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီတွေကလည်း ထောက်ပံ့သလို ကျနော်တို့ ဆီကလည်း ထောက်ပံ့တာပေါ့။ ကျနော်တို့က ဆန်ရိက္ခာဖိုးထောက်ပံ့တယ်။ တပတ်စာပေါ့။ ကယ်ဆယ်ရေးပစ္စည်းတွေလည်း ထောက်ပံ့တယ်။ စုစုပေါင်း ကျနေ်ာတို့ ထောက်ပံ့တဲ့ဟာက သိန်း တသောင်း တရာရှိတာပေါ့။”

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ကျော်မိုးဦးက ဧရာဝတီတိုင်းအချို့ ဒေသတွေမှာ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ရှိနေဆဲပဲလို့ ပြောပါတယ်။

“ဟင်္သာတနဲ့ ဇလွန်ကတော့ စိုးရိမ်ရေမှတ်အထက်မှာ ၂ပေနီးပါး ရှိနေသေးတာပေါ့။ ၃ရက်လောက်အတွင်းတော့ ပေဝက်လောက်ကျနိုင်တယ်ပေါ့။ ငါးသိုင်းချောင်းကတော့ စိုးရိမ်ရေမှတ်အထက်မှာ ၂ပေခွဲလောက်ရှိနေတယ်။ သူကတော့ ဆက်တက်နေအုံးမယ့် အနေအထားရှိပါတယ်။ နောက် ပဲခူးကတော့ ၂ရက်အတွင်းမှာ စိုးရိမ်ရေမှတ် ရောက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။”

မိုးဇလ ဌာနက ဇူလိုင်လရဲ့တတိယနောက်ဆုံးပတ် ၁၀ရက်အတွင်းမှာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဟာ မြို့ကြီးအတော်များများ ထပ်မံမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့ ကရင်ပြည်နယ်မှာတော့ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ကနေ ပြန်လည် ကျဆင်းနိုင်ဖွယ်ရှိကြောင်း မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG