သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးဒဏ်နဲ့ အကူအညီပေး နောက်ဆုံးအခြေအနေ


နိုင်ငံတော်သမ္မတ ဦးထင်ကျော်
မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ် (FB- Myanmar President Office)
နိုင်ငံတော်သမ္မတ ဦးထင်ကျော် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ် (FB- Myanmar President Office)

မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာ မိုးများပြီးရေကြီးလို့ပြည်သူ သိန်းချီပြီး ရေဘေးသင့်ရတဲ့အခြေအနေဟာ လက်ရှိမှာတော့ မကွေးတိုင်းဘက်မှာ ရေကျသွားပြီး ဧရာဝတီတိုင်းဘက်က မြို့နယ်တချို့မှာတော့ ရေတက်နေတာ ရပ်သွားပြီလို့ သိရပါတယ်။ မကွေးတိုင်းဘက်က ရေဘေးသင့်ပြည်သူတွေကို နိုင်ငံတော်သမ္မတဦးထင်ကျော် ဒီကနေ့ သွားရောက် ကြည့်ရှု အားပေးပြီး လိုအပ်တာတွေ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ရေသန့်၊ ဆေးဝါး စောင့်ရှောက်မှုတွေကို အရေးပေါ်လိုအပ်နေသလို ရေနှစ်မြုပ်ခဲ့ရတဲ့အိုးအိမ်တွေနဲ့ လယ်ယာတွေအတွက် ရေကျချိန်မှာ ပြန်လည် ထူထောင်ရေးတွေကိုလည်း အဓိက ဦးစားပေး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ အသေးစိတ် ဆက်ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်အပါအဝင် မြစ် ချောင်းတချို့မှာ ရေကြီး ပြီး တချို့နေရာတွေမှာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ပြီး ရေလွှမ်းမိုးခဲ့တာကြောင့် မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်သူ နှစ်သိန်းသုံးသောင်းလောက် ရေဘေးဒဏ်သင့်ရပါတယ်။ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့တွေနဲ့ တပ်မတော်၊ လူမှုဝန်ထမ်း ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပါအဝင် ရဲလုံခြုံရေး၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ရေဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေရာချထားပေးသလို အရေးတကြီးလိုအပ်တဲ့ သောက်သုံးရေ၊ စားနပ်ရိက္ခာတွေကို လည်း ဖြန့်ဝေပေးပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကိုယ်တိုင် ရေဘေးသင့် မကွေးတိုင်းဒေသကြီးကို သွားရောက်ပြီး ရေဘေးသင့်ပြည်သူတွေကို အားပေးတယ်လို့ သမ္မတရုံးပြောခွင့်ရဦးဇော်ဌေးက ဗွီအိုအေကိုပြောပါတယ်။

“ဟုတ်တယ် ရေဘေးသင့်ပြည်သူတွေဆီ မကွေးတိုင်း ပွင့်ဖြူတို့၊ စကုတို့ အဲဒီဘက်ကတွေသွားတာ ။ ဒါပေမယ့် မိုးရွာနေတော့ weather နဲ့ ရဟတ်ယာဉ်နဲ့ အခြေအနေမသိသေးဘူး ဟုတ်။”

နိုင်ငံတော်သမ္မတ ကိုယ်တိုင် သွားရောက်ကြည့်ရှုတဲ့ မကွေးတိုင်းဒေသကြီးက ရေလွှမ်းမိုးမှုအခြေအနေ၊ ရေဘေးသင့်ပြည်သူတွေရဲ့ အခြေအနေ တွေနဲ့ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးက ညွှန်ကြားရေးမှူးဦးမြင့်စိုးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုရှင်းပြပါတယ်။

“ဒီနေ့အထိပေါ့ အိမ်ခြေပေါင်း ၃၃၉၂၁ လုံး ၊အိမ်ထောင်စုပေါင်းက ၃၅၅၄၀ ၊လူဦးရေးက ၁၄၄,၁၃၆ အဲဒီတော့ အဲဒါတွေက ရေတွေနှစ်မြှပ်တာပေါ့။ မြို့နယ် ၁၄ မြို့နယ်က ကျေးရွာပေါင်း ၃၁၇ မြို့နယ်ပါ ရေနှစ်မြုပ်တဲ့အထိပါ။ လောလောဆယ်မှာတော့ ရေတွေ ပြန်ကျနေတယ်လို့သိရတယ်။ တဖြည်းဖြည်းနဲ့ ရေတွေကျနေတာပေါ့နော် ချက်ချင်းကြီးတော့မကျသေးဘူးပေါ့နော် ။အဲဒီတော့ အစိုးရအဖွဲ့အနေနဲ့ကတော့ ဆန်တို့ ၊ ငါးသတ္တာတို့၊ ခေါက်စွဲခြောက်တို့ အသင့်စားလို့ရမယ့်ဟာက သိန်း ၁ ထောင်နဲ့ ၉၀ ဖိုးလောက်ကို ထောက်ပံ့ပေးထားပြီဖြစ်ပါတယ်။ စခန်းပေါင်း ၄၃ ခုဖွင့်ထားတယ်။”

မကွေးတိုင်းဘက်မှာတော့ ဒီကနေ့ တနင်္ဂနွေနေ့ နောက်ဆုံးသိထားချက်အရ မြို့နယ်တချို့မှာ ရေပြန်ကျသွားပါပြီ။ ရေလွှမ်းမိုးခံ လိုက်ရတဲ့ဒေသက ရေဘေးသင့်ပြည်သူတွေအတွက် အိုးအိမ်တွေ ပြန်လည်ထူထောင်တည်ဆောက်ရေးနဲ့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လယ်ယာမြေတွေနဲ့ မျိုးစပါးတွေအတွက်လည်း ရေရှည်အတွက်ဦးတည်ပြီး အဓိကလုပ်ဆောင်ပေးနေတယ်လို့ မကွေးတိုင်းဒေသ ကြီး ဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူးကပြောပါတယ်။

“ပြန်လည်ထူထောင်ရေးကတော့ ရေကျပြီးရင်တော့ ဆက်ပြီးတော့မှ သက်ဆိုင်ရာ ကဏ္ဍ အလိုက်တွေဆက်ပြီးတော့မှ လုပ်သွားရမှာပေါ့။ ဥပမာ- တကိုယ်ရေသန့်ရှင်းရေးကိစ္စဆိုရင် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ရေသန့်ရှင်းဖို့တို့ ၊ ရောဂါမဖြစ်ဖို့တို့ ဆက်ပြီးတော့ လုပ်သွားရမှာပဲ။ ပညာရေး ကဏ္ဍ မှာဆိုရင်လည်း ကျောင်းတွေဆက်ပြီးဖွင့်နိုင်ဖို့အတွက်ကို ဆက်ပြီးလုပ်သွားရမှာပဲ။ လယ်ယာမြေအတွက်ကလည်း လယ်မြေတွေပြန်ပြီးတော့မှ စိုက်ဖို့ ပျိုးဖို့အတွက်ကို ပြန်ပြီးလုပ်ရတော့မှာ။”

ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွားကြုံနေရတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူဘက်မှာတော့ တိုးနေတဲ့မြစ်ရေက တန့်သွားပြီဆို ပေမဲ့ လုံးဝ ရေကျသွားသေးတဲ့အခြေအနေတော့ မဟုတ်ဘူးလို့ ဓနုဖြူဒေသခံ ကိုအောင်ကျင်စိန်ကပြောပါတယ်။

“ကျနော်တို့သိတာတော့ ဧရာဝတီတိုင်းထဲမှာ ညောင်တုန်း၊ ဓနုဖြူ လောလောဆယ်မှာတော့ တော်တော်လေးဆိုးနေတာရှိတယ်။ ဟင်္သတလည်းရှိတယ် ဟင်္သတမှာဆိုရင် အိမ်ခြေ ၁ သောင်းလောက်ရှိတယ်လို့ပြောတယ်။ လက်ရှိ ကျနော်တို့ ဓနုဖြူအနေအထားကတော့ မနှစ်ကထက်ပိုကြီးတယ်။ ပိုကြီးတာက ရေတက်ရက်ရှိသေးတယ် အခုလက်ရှိရေက တိုးဝင်လာတုန်းရှိသေးတယ်။ အခုလက်ရှိရေက ဧရာဝတီရဲ့အခြေအနေက တဘက်ဘက်မှာ ကျိုးတယ်လို့တော့ကြားတယ်။ ရေက ဓနုဖြူမှာတန့်သွားတယ်။”

ဧရာဝတီတိုင်းဒေသကြီးက ကျေးရွာတွေမှာ အိုးအိမ်တွေ လုံးဝရေနှစ်မြုပ်သွားတာရှိသလို လယ်ယာကိုင်းကျွန်းတွေ ရေလွှမ်းမိုး တာကိုလည်း ဆိုးဆိုးဝါးဝါးကြုံခဲ့ရပြီး ရေဘေးသင့်ပြည်သူတွေဟာ ရေဘေးအန္တရာယ်လွတ်ရာ ကုန်းမြင့်ပိုင်းတွေနဲ့ ယာယီ ရေဘေး ကူညီကယ်ဆယ်ရေးစခန်းတွေမှာ လတ်တလော ခိုလှုံနေကြရပါတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ တကိုယ်ရေသန့်ရှင်းရေး၊ သန့်စင်ခန်းနဲ့ သောက်သုံးရေပြဿနာတွေ ကြုံလာရနိုင်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးဖို့ အရေး တကြီးလိုအပ်တယ်လို့ ရေဘေးသင့်ပြည်သူတွေကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့ဆောင် ပြည်သူ့ဘဝ တိုးတက် မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားတဲ့ ကိုအောင်ကျင်စိန်ကပြောပါတယ်။

“ကျနော်တို့ဆီမှာမနေ့ကညနေအထိစာရင်းအရ ဓနုဖြူမှာ အိမ်ခြေပေါင်း ၁၇၉၈ လုံး၊ လူဦးရေပေါင်းက ၆၈၇၁။ ဒီနေ့မှာတော့ ၁ ထောင်ကျော်ထပ်တိုးပါတယ် လူဦးရေက။ ဘုန်းကြီးကျောင်း နဲ့ ဓမ္မာရုံတွေမှာများတယ်ခင်ဗျ။ ဒေသ ၂ ခုမှာ စခန်း ၂၀ ဖွင့်လစ်ထားတယ် ကျောင်းက ၄ ကျောင်းလောက် ပိတ်ထားတယ်ပေါ့နော်။ လူကယ်ပြန်ကနေပြီးတော့ ထောက်ပံ့မူကတော့ ဆန်နဲ့ ငါးသတ္တာဗူး အဲဒီလို ၁ ဦးကို ၂ ပြည်လောက်တော့ရထားပါတယ်။ လောလောဆယ် စားရုံလေးပါပဲ။ သူတို့ကလည်း အလုပ်တွေလည်းထွက်မလုပ်နိုင်ဘူး ။ နောက်ရေကျသွားရင်တော့ ဒီရေအနေအထားနဲ့ဆို မနှစ်ကထပ်ပိုများတာဆိုတော့ အရှေ့ဘက်အခြမ်း ကွင်းတွေမှာဆိုရင်တော့ စပါးတွေ အရမ်း ပျက်စီးနိုင်တာတွေရှိတယ်။ ရှိရင်တော့ သူတို့အတွက် ပြန်လည်ထူထောင်ရေး အတွက် မျိုးစံပါးတို့၊ ရင်းနှီးမြုပ်နှံမှုတွေတော့လိုတာပေါ့ ၊ အရင်အနှီးလိုအပ်သွားမှာပေါ့လေ။”

ဧရာဝတီတိုင်း ငသိုင်းချောင်းက ငဝန်မြစ်ရေနဲ့ ဇလွန်ဘက်မှာတော့ ဧရာဝတီမြစ်ရေအခြေအနေက စိုးရိမ်ရေမှတ် အထက် ရောက်နေပြီး မကွေး၊ ပခုက္ကူ၊ ညောင်ဦး မင်းဘူး အောင်လံ ပြည်နဲ့ ချောက်ဘက်မှာတော့ ဧရာဝတီမြစ်ရေက စိုးရိမ် ရေမှတ်အောက် ပြန်ကျနေပြီဆိုတာကို ပြန်ကြားရေးဌာနကတဆင့် ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၇ ရက်နေ့ ညနေ ၄နာရီ ထုတ်ပြန်ချက်အရ မနက်ဖြန်ညနေအထိ ခန့်မှန်းချက်ကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်းနေပြီး စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်း) နဲ့ ကယားပြည်နယ်တွေမှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာ တော့ နေရာကွက်ပြီး မိုးကြီးနိုင်သလို ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ဆိုထားပါတယ်။

မြန်မာ့ပင်လယ်ပြင်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာတော့ တခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး နောက်နှစ်ရက်အတွက် ခန့်မှန်းချက်ကတော့ မုတ်သုံလေ အားအသင့် အတင့်ရှိတယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG