သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေကြတ်ခြင်းအပေါ် အာကာသသိပ္ပံပညာရှင် အမြင်


အမေရိကန် အနောက်ဘက်ခြမ်း Oregon ပြည်နယ်က နေကြတ်ခြင်း ဆိုင်ရာကြေညာချက်။
အမေရိကန် အနောက်ဘက်ခြမ်း Oregon ပြည်နယ်က နေကြတ်ခြင်း ဆိုင်ရာကြေညာချက်။

သြဂုတ်လ(၂၁)ရက် တနင်္လာနေ့ကျရင် အမေရိကန်ပြည်ထောင်စုမှာ လုံးဝနေကြတ်မှာဖြစ်ပြီး၊ အမေရိကန် အနောက်ဘက်ခြမ်း Oregon ပြည် နယ်ကနေ အရှေ့ဘက်ခြမ်း မြောက်ကယ်ရိုးလိုင်းနား ပြည်နယ်အထိ နေကြတ်တာကို မြင်ကြရမှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင် စုမှာ နှစ်ပေါင်း(၁၀၀)နီးပါးအတွင်း လုံးဝနေကြတ်တာကို ပထမဆုံးအကြိမ် ကြုံရမှာဖြစ်ပါတယ်။ ခုလို ဘာကြောင့် နေကြပ်ရသလဲ ဆိုတာ သိရအောင် အမေရိကန် အာကာသ စူးစမ်းလေ့လာရေး NASA အဖွဲ့က ဒေါက်တာ ပဒေသာတင်ကို ကိုဉာဏ်ဝင်းအောင်က မေးမြန်းရာမှာ သူက ခုလိုစတင်ဖြေကြားပါတယ်။

ဒေါက်တာပဒေသာတင်။ ။ နေကြတ်တာ ဘာကြောင့်ကြတ်သလဲဆိုရင် ကမ္ဘာနဲ့နေဟာ မိုင်ပေါင်း ကိုးဆယ်နဲ့ သုံးသန်းဝေးတယ်။ ဒါပေမဲ့ ကမ္ဘာနဲ့လက မိုင်နှစ်သိန်းခွဲ နှစ်သိန်းလေးသောင်းလောက်ပဲရှိတယ်။ အဲ့တော့ လက ကမ္ဘာကို ပတ်နေတဲ့အခါကျတော့ တစ်လ တစ်ခါ လည်သွားတယ်။ ရက်သုံးဆယ်လောက်မှာ တစ်ခါလည်သွားတယ် အခါကျလို့ရှိရင် နေနဲ့ကမ္ဘာကြားမှာ လရောက်သွားတဲ့အချိန်မှာ နေကြတ်တယ်။ ဒါဆိုရင် အမြဲတမ်း နေကြတ်နေပါသလား။ မဖြစ်နိုင်ဘူး ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကမ္ဘာကလည်း နေကို ဘဲဥပုံစံ ပတ်လမ်းကြောင်းအတိုင်း ပတ်တဲ့အတွက် သူက အမြဲတမ်း နေမကြတ်နိုင်ဘူး။ အဲ့ဒီ့တော့ တနှစ်မှာ နှစ်ကြိမ်ကနေ ငါးကြိမ်လောက် နေကြတ်တယ် တကယ်လို့ နေကြတ်တဲ့ဟာကို ကမ္ဘာ့တနေရာတည်းမှာပဲ ထိုင်ကြည့်မယ် အဲ့ဒီ့နေရာမှာပဲဆိုရင် အနှစ် သုံးရာခြောက်ဆယ်နေမှ တစ်ခါ နေကြတ်လိမ့်မယ်။ သူထိုင်နေတဲ့နေရာကို။

ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ နေကြတ်တာကို ဒီနှစ်မှာ ဘယ်နိုင်ငံတွေကနေ မြင်ရနိုင်ပါသလဲ။ ပြီးတော့ မြန်မာနိုင်ငံကနေ နေကြတ်တာကို ဘယ်ကာလလောက်ကျမှ မြင်ရမှာပါလဲ။

ဒေါက်တာပဒေသာတင်။ ။ နေကြတ်တာ လုံးဝ နေကြတ်တာကို Total Solar Eclipse လို့ခေါ်တယ်။ Total ကတော့ လုံးဝပေါ့ Annular ကတော့ တပိုင်းတစ နေကြတ် တာပေါ့နော် လုံးဝနေကြတ် တာက အမေရိကန်နိုင်ငံမှာဆို လွန်ခဲ့တဲ့ အနှစ်ကိုးဆယ်က တခါဖြစ်ဖူးတယ်။ အခု ဒီတစ်ခါဖြစ်တယ်ပေါ့။ အဲ့တော့ လုံးဝနေကြတ်တဲ့အရိပ်က တကယ်တမ်းကျလို့ရှိရင် မိုင်တစ်ရာ့ငါးဆယ်လောက်ပဲရှိတယ်။ အဲ့တော့ ပြည်နယ်ကြီး တခုလုံးကို ဖုံးပြီး မည်းသွားတာမဟုတ်ဘူးနော်။ အဲ့တော့ ကမ္ဘာ့အချင်းက မိုင်ရှစ်ထောင်ရှိတဲ့ အချိန်မှာ မိုင်တစ်ရာ့ငါးဆယ်လောက်ပဲ ဆိုတဲ့အခါကျတော့ နေရာတကာတိုင်းမှာမဖြစ်ဘူး အဲ့တော့ ကမ္ဘာမှာမြင်ရမယ့်ဒေသက အမေရိကန်မှာ ၁၄ပြည်နယ်။ အဲ့တော့ ဒါက ဘာလဲဆိုရင် လုံးဝကို နေကြတ်တာကို မြင်ရမယ့် မြို့တွေ ဖြတ်သွားမယ့်နေရာတွေကို သူတို့ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ မဖြစ်ပါဘူး ဒီနှစ်။ မြန်မာပြည်မှာ နောက်တခေါက် နေကြတ်မယ့်ဟာက နောက်နှစ်နှစ်ကျော်ပေါ့နော် ဒီဇင်ဘာလ ၂၀၁၉ ခုနှစ်မှာ နေကြတ်လိမ့်မယ် ဒါပေမဲ့ အပြည့်နေကြတ်မှာမဟုတ်ဘူး။

ကိုဉာဏ်ဝင်းအောင်။ ။ အဲ့တော့ နေကြတ်တာကို ဒီအတိုင်းကြည့်လို့ရပါသလား။ ဒါမှမဟုတ်လို့ရှိရင် ဘယ်လိုအကာအကွယ်တွေနဲ့ကြည့်ရပါသလဲ။

ဒေါက်တာပဒေသာတင်။ ။ ဒီအတိုင်းကြည့်လို့မရဘူး။ နေကနေပြီးတော့ ခရမ်းလွန်ရောင်ခြည်တွေ အများကြီးပေးတယ် ပေးတဲ့အခါကျတော့ အနီအောက်ရောင်ခြည်တွေ လည်း အများကြီးပါပါတယ်။ အဲ့တော့ မျက်လုံးမှာ တိမ်ဖြစ်တဲ့ရောဂါ မျက်လုံးရဲ့ မြင်လွှာပေါေ့နာ် အဲ့တာတွေ ပျက်သွားနိုင်ပါတယ် အဲ့တော့ ရိုးရိုး မျက်မှန် နေကာမျက်မှန်နဲ့ တပ်ကြည့်လို့မရဘူး။ အဲ့တော့ ဒီလို ကြည့်လို့မရတဲ့အတွက် ဘာလုပ်လို့ရလဲဆိုရင် ဇလုံထဲမှာ မဲနယ်ဆိုးတဲ့ မဲနယ်ရည်ကို ထည့် မဲနယ်က တော်တော်လေး နက်လာပြီဆိုလို့ရှိရင် သူ့ပုံရိပ်ကိုပဲ ကြည့်သင့်တယ်ပေါ့နော်။ အဲ့လိုကြည့်လို့ရပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ နေကြတ်တာကို ဗေဒင်ကိန်းခန်းတွေအရ အမျိုးမျိုး တွက်ချက်တာတွေရှိတယ် ဥပမာ နေကြတ်တာတို့ လကြတ်တာတို့ ဖြစ်တဲ့အခါမှာ သံပုံးတီးပြီးတော့ နေလကြတ်တာတွေ လွတ်မြောက်အောင် လုပ်တဲ့ဓလေ့တွေလည်း ရှိပါတယ်။ အဲ့တော့ သိပ္ပံပညာရှင်တယောက်အနေနဲ့ အဲ့လိုကိစ္စတွေမှာ ဆရာဘာများပြောချင်ပါသလဲ။

ဒေါက်တာပဒေသာတင်။ ။ နေကြတ်တဲ့အခါကျတော့ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် အတိမှောင် သွားတဲ့အခါကျတော့ တိရိစ္ဆာန်တွေ ဘာတွေတောင် အိပ်တန်းဝင်သွားမယ်ဆိုတဲ့အခါကျတော့ ဒါ နမိတ်မကောင်းဘူး။ လင်းတဲ့နေရောင်ခြည်ရှိမှ အသီးအနှံတွေဖြစ်ထွန်းတယ် ဘာညာဆိုတော့ သက်ရှိသတ္တဝါတွေ နေလို့ရတယ် အဲ့တာပေါ်မူတည်ပြီးတဲ့အခါကျတော့ လွန်ခဲ့တဲ့ ရာပေါင်းများစွာကဆိုလို့ရှိရင် ဘာသာတခုကနေ နောက်ဘာသာတခုကို နေကြတ်တာ နေကွယ်သွားတာ ဒါ မင်းတို့ကြောင့်ဖြစ်ရတယ်ဆိုပြီးတဲ့အခါကျတော့ လူမျိုးတမျိုးနဲ့တမျိုး သတ်ဖြတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲ့တော့ ဒါတွေဟာ ဗေဒင်ကျမ်းဂန်အရပေါ့နော် ကိုယ်လိုချင်တာကို မဆီမဆိုင်ပေါ့နော် မုန်းတီးတဲ့သူကို အပြစ်ရှာချင်တာ ဒုက္ခပေးချင်တာပေါေ့နာ် သိပ္ပံနည်းအရဆိုလို့ရှိရင် ဒါ သဘာဝအရဖြစ်တဲ့ကိစ္စပဲလေ။

လာမယ့် တနင်္လာနေ့၊ အမေရိကန်မှာ နေကြတ်တာကို မြန်မာနိုင်ငံကနေ တိုက်ရိုက်မြင်နိုင်မှာ မဟုတ်ပေမယ့် NASA အဖွဲ့ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ https://www.facebook.com/NASA/?fref=ts မှာ မြန်မာစံတော်ချိန် တနင်္လာည (၁၀) နာရီခွဲက စတင်ပြီး တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG