သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုမှာ မပါဝင်တဲ့ မူဆလင်တွေ နေရပ်ပြန်နိုင်ရေး ရခိုင်ပြည်နယ်အစိုးရ စီစဉ်နေ


 ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ ပြန်လည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွုံဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အဆင့် ဌာနပေါင်းစုံပါဝင်သော ရခိုင်ပြည်နယ် အစိုးရရဲ့ အထူးအစည်းအဝေး (စက်တင်ဘာလ ၄-၂၀၁၇) သတင်းဓာတ်ပုံ- ရခိုင်ပြည်နယ်ဝန်ကြီးချုပ် FB စာမျက်နှာ။
ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ ပြန်လည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွုံဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အဆင့် ဌာနပေါင်းစုံပါဝင်သော ရခိုင်ပြည်နယ် အစိုးရရဲ့ အထူးအစည်းအဝေး (စက်တင်ဘာလ ၄-၂၀၁၇) သတင်းဓာတ်ပုံ- ရခိုင်ပြည်နယ်ဝန်ကြီးချုပ် FB စာမျက်နှာ။

အကြမ်းဖက်တိုက်ခိုက်မှုမှာ မပါဝင်တဲ့ တိမ်းရှောင် မူဆလင်တွေ နေရပ်ပြန်နိုင်ရေး အတွက် ဆောင်ရွက်ဖို့စီစဉ် နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။ လူကယ်ပြန် ဝန်ကြီး ဌာန တာဝန်ရှိသူက လူသားချင်းစာနာမှုအကူအညီထောက်ပံ့ဖို့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့အစီအစဉ်သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်တာတွေဖြစ်ပွားပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ မပါဝင်သူမူဆလင်တွေကို နေရပ်ပြန်လာနိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သက်ဆိုင်ရာရပ်မိရပ်ဖတွေနဲ့ ဆွေးနွေးဆောင်ရွက်နေပါတယ်။

လက်ရှိ ဆောင်ရွက်နေတဲ့အခြေအနေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှုးကြီး ဘုန်းတင့်က အခုလို ပြောပါတယ်။

“သူတို့ အကြမ်းဖက်မှာ မပါဝင်တဲ့ အရပ်သားတွေ ပြန်လည်စုဖွဲ့ဖို့ ကျနေ်ာတို့ မနေ့က တွေ့တဲ့ မော်လဝီ ဆရာတွေနဲ့ ကျေးရွာလူထုတွေနဲ့ ကျနော်တို့ လှမ်းပြီးတော့ ချိတ်ဆက်ပြီး ပြောပြီးဖြစ်ပါတယ်။ ကိုသူရစန်းလွင် ပြောတဲ့အတိုင်းပဲ အဲဒီရွာတွေအကုန်လုံးက အဲဒီအတိုင်းဆောင်ရွက်ခိုင်းတာပါ။ သူက တဆင့်လုပ်နေပါတယ်။ နောက် အခုလည်း စားရေရိက္ခာတွေ ပေးတာရှိပါတယ်။ ဒါလည်းနောက် တရားဝင်ထုတ်ပြန်မှာဖြစ်ပါတယ်။ ”

အမှတ်၁နယ်ခြားစောင့်ရဲတပ်ဖွဲ့ကရဲမှုးချုပ် သူရစန်းလွင်က တိမ်းရှောင်နေတဲ့ အကြမ်းဖက်မှုမှာ မပါဝင်သူ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂါလီရပ်မိရပ်ဖတွေက ဆက်သွယ်လာပြီး ဒီအတွက် လိုအပ်တဲ့ ကူညီပံ့ပိုးတာတွေ ဆောင်ရွက်မှာဖြစ်ကြောင်း အကြောင်းပြန်ကြားထားတယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က နေရပ်ပြန်လာသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေဆောင်ရွက်မှာဖြစ်ကြောင်း ပြောပါတယ်။

“အကြမ်းဖက်ထဲမှာ မပါဝင်တဲ့ မူဆလင်တွေလည်း သူတို့ မူလနေရာမှာတော့ ပြန်ပြီး နေထိုင်သင့်တာပေါ့။ နောက်တခါ သူတို့လည်း ပြေးလွှားနေရတဲ့အတွက် လိုအပ်တဲ့ လူသားချင်းစာနာမှု ကူညီထောက်ပံ့တွေကတော့ ကြက်ခြေနီ Red Cross Movement နဲ့ ကျနော်တို့ ထောက်ပံ့ပေးသွားမှာပဲလေ။ အဲဒါတွေကိုတော့ လုပ်သွားကြမှာပေါ့။”

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးချိန်အစောပိုင်းကတော့ အကြမ်းဖက် တိုက်ခိုက်တာမှာ ပါဝင်သူနဲ့ မပါဝင်သူ တွေကို ခွဲခြားဖို့ အခက်အခဲရှိခဲ့ကြောင်းနဲ့ နောက်ပိုင်း အကြမ်းဖက်မှုမှာ မပါဝင်သူတွေကို ကူညီခဲ့တာတွေ ရှိခဲ့ ကြောင်းလည်း ဦးစိုးအောင်က ဆက်ပြောပါတယ်။

“ပန်းတောပြင်ရွာက မူဆလင်တွေကို ကျနော်တို့၊ တပ်မတော်ကော၊ လုံခြုံရေး အဖွဲ့အစည်းတွေကော၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တို့ ဘာတို့ အကုန်လုံးပါတာပဲ သွားထောက်ပံ့တယ်လေ။ အစ်နေ့ မတိုင်ခင် တရက်လားမသိဘူးဗျ။ သူတို့ ဖက်က ဆက်သွယ်တယ်လေ။ သူတို့က သူတို့ရွာမှာ အကြမ်းဖက်မရှိပါဘူး။ အကြမ်းဖက်ကိုလည်း လက်မခံပါဘူး။ သူတို့ဆီလာလို့ ရှိရင် အပ်နှံပါမယ်ဆိုတဲ့ ဆက်သွယ်မှုတွေအရ အဲဒီမှာ သူတို့တွေ လာစောင့်ရှောက်ပေးပါ လုံခြုံရေးအဖွဲ့တွေကနေ ဆိုတဲ့အခါက သွားပြီးတော့တောင် ရိက္ခာတွေ ထောက်ပံ့ပေးသေးတယ်လေ။”

သြဂုတ်လ ၂၅ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက လုံခြုံရေးစခန်း ၃၀လောက်ကို တပြိုင်တည်း တိုက်ခိုက်ခဲ့တဲ့နောက် ဒေသခံတိုင်းရင်းသား ၂သောင်း ၆ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးကော်မတီ စက်တင်ဘာလ ၅ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၇ရက်နေ့ကတော့ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့၊ ကွမ်းသီးပင်၊ သဲချောင်း၊ မီးတိုက်ကျေးရွာအုပ်စုနဲ့တောင်ပြိုလက်ဝဲမြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက် တို့မှာ နေထိုင်သူ ၃သောင်းလောက်ဟာ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင် ၂၆နဲ့ ၃၅အကြားမှာ တရားမဝင်နေထိုင်နေကြောင်း အစိုးရသတင်းထုတ်ပြန်ရေးကော်မတီ သတင်းထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ၁သိန်း၆သောင်းလောက် ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG