သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းထောက် ၂ ဦးကို သူလျှိုမှုနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီးတရားစွဲ


မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များ မြန်မာဘက်က ထွက်ပြေးလာသူတွေကို ထိန်းသိမ်းထားစဉ်။ (သြဂုတ်လ ၂၇-၂၀၁၇)
မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များ မြန်မာဘက်က ထွက်ပြေးလာသူတွေကို ထိန်းသိမ်းထားစဉ်။ (သြဂုတ်လ ၂၇-၂၀၁၇)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွားရောက်ပြီးတော့ သတင်းဓာတ်ပုံ ရိုက်ယူခဲ့တဲ့ ဓါတ်ပုံ သတင်းထောက်နှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီး တရားစွဲဆိုလိုက်ပါတယ်။ သူတို့ကို ဘာကြောင့်ဖမ်းဆီးခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေဘက်က ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကို မေးမြန်းထားသလို၊ ဓါတ်ပုံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတဲ့အပေါ် သတင်းမီဒီယာ အဖွဲ့တွေ စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင် က ပြောပြပေးပါမယ်။

ယခု စက်တင်ဘာလ အစောပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ကို သွားရောက်ပြီး ဓာတ်ပုံသတင်းရိုက်ယူခဲ့ကြတဲ့ မြန်မာအလွတ်ဓါတ်ပုံသတင်းထောက် ကိုမင်းဇေယျာဦးနဲ့ ခွန်လတ် တို့နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ဖမ်းဆီးခဲ့တာပါ။

သူတို့နှစ်ဦးကို ဘာကြောင့် ဖမ်းဆီး အရေးယူထားသလဲဆိုတာကို မြန်မာအစိုးရ ဘက်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို မေးမြန်းထားပြီးလို့တော့ မြန်မာ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီအကြောင်းနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်နဲ့ မှတ်ချက်ပေးဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ကိုမင်းဇေယျာဦးနဲ့ သူရဲ့ လက်ထောက်ဖြစ်တဲ့ ခွန်လတ်တို့ ဟာ စက်တင်ဘာလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သူတို့နှစ်ဦး ဓါတ်ပုံသတင်းရိုက်ယူပေးနေတဲ့ ဂျာမန် GEO မဂ္ဂဇင်း ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကိုမင်းဇေယျာဦးဟာ ဗြိတိန်ဓါတ်ပုံအေဂျင်စီ Panos Pictures အဖွဲ့ဝင်တဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။

Cox’s Bazar မှာ ရောက်နေကြတဲ့ရိုဟင်ဂျာ မူဆလင်တွေရဲ့ အကြောင်းတွေကို ဂျာမန် GEO မဂ္ဂဇင်းအတွက် ဓါတ်ပုံရိုက်ယူပေးဖို့ တာဝန်ပေးထားခဲ့တာဖြစ်တယ်လို့ ဂျာမန် GEO မဂ္ဂဇင်း က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူတို့နှစ်ဦး အာမခံမရပဲ ဆက်လက်ထိန်းသိမ်းခံရတဲ့အပေါ် GEO မဂ္ဂဇင်း အယ်ဒီတာ ဘုတ်အဖွဲ့နဲ့ Panos Pictures ဓါတ်ပုံဝန်ထမ်းတွေက လွန်စွာ စိုးရိမ်မကင်းဖြစ်ရကြောင်းလည်း ကြေညာချက်မှာပြောဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဘက်ကတော့ ကိုမင်းဇေယျာဦးနဲ့ ခွန်လတ်တို့နှစ်ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သတင်းထောက် ပြည်ဝင်ခွင့်ဗီဇာနဲ့မဟုတ်ပဲ ကမ္ဘာလှည့် ခရီးသွားဧည့်သည် ပြည်ဝင်ခွင့်ဗီဇာနဲ့ ဝင်ရောက်ပြီး ဓာတ်ပုံ သတင်းရိုက်ယူမှုတွေ လုပ်ခဲ့တာကြောင့် အတုအယောင်နဲ့ အချက်အလက်အမှားတွေ ဖော်ပြမှုနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက သူတို့ကိုဖမ်းဆီး တရားစွဲဆို လိုက်တာဖြစ်တယ်လို့ AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ကို သူလျှိုလုပ်တယ် ဆိုပြီးတော့လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက စွပ်စွဲထားတယ်လို့ ဆိုပါတယ်။

သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ကိုမြင့်ကျော်ကတော့ သူတို့ နှစ်ဦး သူလျှိုလုပ်တယ် ဆိုတာ မဖြစ်နိုင်ကြောင်း ပြောပါတယ်။

" သူလျှိုလုပ်တယ် ဆိုတဲ့စွပ်စွဲချက်ကတော့ ဘာမှအခြေအမြစ်မရှိတဲ့စွပ်စွဲချက်လို့ ကျနော်ထင်ပါတယ်။ အကယ်လို့ သူတို့က Tour ဗီဇာနဲ့ ဝင်ပြီးတော့ သတင်းဓာတ်ပုံ ရိုက်တယ်ဆိုတဲ့ဟာမျိုးကတော့ ပြောမယ်ဆိုရင်တော့ ဒါမျိုးက အပြစ်မတင်လိုပေမဲ့ သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ လုံးဝ မဖြစ်နိုင်ဘူးလို့ပဲ ကျနော်တော့ယူဆတယ်။ အစိုးရတွေက လုပ်ခွင့်မပေးတဲ့အခါမှာ သတင်းသမားတွေက သတင်းရဖို့အတွက် ဒီနည်းလမ်းသုံးတာ ဒီဟာက ဘယ်သူ့ကိုမှလည်း တခြားတသီးပုဂ္ဂလ ထိခိုက်နစ်နာသွားတဲ့ကိစ္စလည်း မဟုတ်ဘူး ဒါကို အစိုးရတွေချင်း သတ်မှတ်ချက်လို့ပဲ ထင်တယ် မီဒီယာကျင့်ဝတ်ကို ဘာမှချိုးဖောက်တယ်လို့တော့ ကျနော်မမြင်ဘူး။ "

အခုလို သတင်းထောက်နှစ်ယောက်ကို ဖမ်းဆီးတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရတာဝန်ရှိသူဘက်က ကူညီဆောင်ရွက်ပေးဖို့ စာရေးပေးပို့ပြီး တောင်းဆိုသွားဖို့ စီစဉ်လုပ်ဆောင်နေပြီလို့လည်း ကိုမြင့်ကျော်က ပြောပါတယ်။

" ဘယ်လိုလုပ်ကြမလဲဆိုတာကို ကောင်စီဘက်ကတော့ ဒုဥက္ကဋ္ဌတို့ အတွင်းရေးမှူးတို့ ဆွေးနွေးနေကြတယ် ဘယ်လိုမျိုး ဘင်္ဂလားဒေ့ရှ်သံရုံးကိုစာပို့တာတို့ နောက် MOFA မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို စာပို့ပြီး ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးဖို့ တောင်းဆိုတာတို့ မေတ္တာရပ်ခံတာတွေ လုပ်ဖို့ အဲ့တာတွေ ဆွေးနွေးနေကြတယ်။"

မြန်မာနိုင်ငံနိုင်ငံခြားသတင်းထောက်များအသင်း (FCCM) ကလည်း ကိုမင်းဇေယျာဦးနဲ့ ခွန်လတ် တို့နှစ်ဦးဖမ်းဆီးခံရတဲ့အတွက် စိုးရိမ်မကင်းဖြစ်ရကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာပြောဆိုထားသလို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ သတင်းထောက်နှစ်ယောက်ရဲ့ လုံခြုံရေးကို အာမခံပေးဖို့နဲ့ အစောဆုံးပြန်လွှတ်ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

အလွတ်ဓာတ်ပုံသတင်းထောက် ကိုမင်းဇေယျာဦးနဲ့ ခွန်လတ်တို့နှစ်ဦးဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ မူဆလင် ဒုက္ခသည်တွေကို သတင်းဓာတ်ပုံ သွားရောက်ရိုက်ယူရင်း အခုလို ဖမ်းဆီးခံခဲ့ရတာပါ။

သြဂုတ်လ ၂၅ နေ့က ရခိုင်ပြည်နယ် မောင်တော၊ ဗူးသီးတောင်နဲ့ ရသေ့တောင် ဒေသအတွင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ARSA အကြမ်းဖက်သမား အဖွဲ့က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခဲ့ပြီးနောက် ဒေသတွင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင် လူမှုအသိုင်းအဝိုင်းက လူထုတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG