သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက် ဖျက်သိမ်းရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရရှိ


နိုဘဲလ်ငြိမ်းချမ်းရေးဆုရရှိတဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ (ICAN) ( အောက်တိုဘာ ၆-၂၀၁၇)
နိုဘဲလ်ငြိမ်းချမ်းရေးဆုရရှိတဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ (ICAN) ( အောက်တိုဘာ ၆-၂၀၁၇)

ဒီနှစ် ၂၀၁၇ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို နျူကလီးယားလက်နက် ဖျက်သိမ်းရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ (ICAN) ကို ချီးမြှင့်လိုက်ပါတယ်။ နျူကလီးယားလက်နက်တွေရဲ့ အန္တရာယ်ဟာ အရင်တုန်းကထက် ပိုမိုကြီးထွား လာနေချိန်မှာ ဖျက်အားပြင်း နျူကလီးယား လက်နက် ဖျက်သိမ်းရေး ကြိုးပမ်းနေတဲ့ အဖွဲ့ကို ဆုပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း နော်ေ၀ နိုဘဲလ်ကော်မတီက ပြောဆိုခဲ့တာပါ။

နျူကလီးယား လက်နက်တွေကြောင့် လူသားထုအပေါ် ကြီးမားတဲ့ ဘေးအန္တရာယ် ကျရောက်နိုင်တာကို အများအာရုံစိုက်လာစေဖို့နဲ့ အနုမြူလက်နက်တွေကို တားမြစ်ကန့်သတ်ထားတဲ့ သဘောတူညီချက်တွေအပေါ် အခြေခံပြီး အောင်မြင်မှုတွေ ရအောင် ထူးထူးခြားခြား ကြိုးပမ်းခဲ့တာတွေအတွက် ဆုချီးမြှင့်ခဲ့တာဖြစ်ကြောင်းလည်း နော်ေ၀ နိုဘဲလ်ကော်မတီ ဥက္ကဋ္ဌ Berit Reiss Andersen က ဆုကြေညာတဲ့ အခန်းအနားမှာ ပြောဆိုသွားပါတယ်။

ခြိမ်းခြောက် ပြောဆိုမှုတွေနဲ့အတူ စကားလုံးတွေနဲ့ မဖော်ပြနိုင်လောက်တဲ့ ထိတ်လန့်စရာ အဖြစ်အပျက်တွေကို ဦးတည်စေနိုင်တဲ့ တင်းမာမှုတွေ ကမ္ဘာတဝှမ်း ကြီးထွားနေချိန်မှာ နျူကလီးယား လက်နက်တွေကို လက်မခံကြောင်း သက်ဆိုင်ရာ နိုင်ငံတွေက ကြေညာဖို့ အချိန်တန်နေပြီဖြစ်ကြောင်း ဆုပေးဖို့ ရွေးချယ်ခံခဲ့ရတဲ့ ICAN အဖဲ့ွကလည်း Facebook စာမျက်နှာကနေ ပြောဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတ Donald Trump က နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ အီရန်နဲ့ မြောက်ကိုရီးယားအပေါ် ပြင်းပြင်းထန်ထန် သတိပေးပြောဆိုနေချိန်မှာပဲ ၂၀၁၇ ငြိမ်းချမ်းရေးနိုဘဲလ်ဆုကို နျူကလီးယား လက်နက်ဖျက်သိမ်းရေး ကြိုးပမ်းနေတဲ့ အဖွဲ့ကို ချီးမြှင့်ခဲ့တာပါ။

သမ္မတ Trump ကတော့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံကြား ချုပ်ဆိုထားတဲ့ နျူကလီးယားသဘောတူညီချက်ဟာ အဆိုးရွားဆုံးစာချုပ်အဖြစ် ပြောဆိုထားသလို၊ မြောက်ကိုရီးယားကိုလည်း ချေမှုန်းပစ်နိုင်တယ်လို့ ကုလသမဂ္ဂ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာအခြေစိုက် ICAN အဖွဲ့ကိုတော့ ကုလသမဂ္ဂရဲ့ နျူကလီးယားလက်နက် တားမြစ်ရေးစာချုပ်ကို လိုက်နာ အကောင်အထည်ဖော်အောင် ကြိုးပမ်းဖို့ရည်ရွယ်ပြီး နိုင်ငံပေါင်း ၁၀၀ က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ စုပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG