အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအနေနဲ့ စားနပ်ရိက္ခာအပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကိုနှစ်ဘက်အသိုင်းအဝိုင်းနဲ့ ဒေသခံပြည်သူအားလုံးကို ဘက်မျှမျှတတ ပေးဖို့ ဒေသခံအဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။ လုံခြုံရေးအခြေအနေကြာင့် ဆိုင်းငံ့ထားတဲ့ ကုလသမဂ္ဂက ပုံမှန် ထောက်ပံ့နေတဲ့ စားနပ်ရိက္ခာအကူအညီပေးရေးအစီစဉ်ကို ပြန်စတင်ဖို့ မြန်မာအစိုးရဘက်က ခွင့်ပြုလိုက်ကြောင်း ကုလသမဂ္ဂလက်အောက်ခံ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်WFP က ပြောကြားခဲ့ပြီးနောက် အကူအညီတွေ ပြန်လာတော့မယ့် အခြေအနေအပေါ် အခုလိုတုန့်ပြန်ကြတာပါ။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင်း ပြီးခဲ့တဲ့သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဘူးသီးတောင်၊ မောင်တောဒေသတွင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ NGO အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ လုံခြုံရေးအခြေအနေကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရတာပါ။ အဲ့ဒီ့နောက်မှာတော့ ရခိုင်ပြည်နယ်တွင်း ကူညီထောက်ပံ့မှုအစီအစဉ်တွေ ပြန်ပြီးခွင့်ပြုဖို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂကြား ညှိုနှိုင်း ဆွေးနွေးမှု ရလဒ်အဖြစ် နှစ်လအကြာမှာတော့ စားနပ်ရိက္ခာတွေ ပြန်ပြီး ထောက်ပံ့ဖို့ မြန်မာဘက်က ခွင့်ပြုလိုက်ကြောင်း မနေ့ သောကြာနေ့က ဂျီနီဗာ ကုလသမဂ္ဂမှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ပြောခွင့်ရအမျိုးသမီး Bettina Luescher က ပြောပါတယ်။
အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲ လူသားချင်းစာနာမှု အကူအညီတွေပေးရေးလုပ်ငန်းတွေ ပြန်လည် စတင်ခဲ့တဲ့အခါမှာတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာNGO အဖွဲ့အစည်းတွေအနေနဲ့ နှစ်ဘက်အသိုင်းအဝိုင်းကို ဘက်မျှမျှတတ ကူညီပေးသင့်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်ကျော်က တိုက်တွန်းပါတယ်။
“ကျနော်တို့ကတော့ အမြဲတမ်း အဲဒီလို ဘက်နှစ်ဖက်ကို ပေးဖို့အတွက် တိုက်တွန်းတယ်။ နောက်ပြီးရင် UN အဖွဲ့တွေ လာတဲ့အချိန်မှာ ကျနော်တို့ ဒီမှာ ရှိတဲ့ ဒေသခံတွေကလည်း UN တစ်ခုလုံးကို အလိုမရှိ - အဲဒီလိုမျိုး ကန့်ကွက်နေကြတာ မဟုတ်ပါဘူး။ ဘက်နှစ်ဖက်ကို ညီတူညီမျှမလုပ်တဲ့ အဲဒီအဖွဲ့တွေကို ကျနော်တို့က လုံးဝအလိုမရှိဆိုပြီး ကန့်ကွက်ဆန္ဒပြတာတွေ အများကြီးဖြစ်ခဲ့တာ။ ဒါပေမယ့် UNHCR တို့၊ UNDP တို့၊ ပြီးရင် ကျနော်တို့ ဒီမှာရှိတဲ့ Jaica အဖွဲ့တို့ တကယ် ဖြစ်တဲ့အဖွဲ့အစည်းတွေလည်း အများကြီးရှိတာပဲ။ အဲဒီလို ဘက်မညီပေးတဲ့အဖွဲ့အစည်းဆိုရင်တော့ ဒီအသိုင်းအဝိုင်းထဲတော့ ပဋိပက္ခကတော့ ရှိနေမှာပဲ။ အဲဒီအပိုင်းကို UN ကတော့ အဓိက ကြပ်မတ်မှုကို အဲဒီအဖွဲ့အစည်းတွေက သူတို့ရဲ့ဝန်ထမ်းတွေကို အဓိက ကြပ်မတ်ပြီးရင် ဒီဒေသမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့တော့ လိုမယ်လို့ ကျနော်တို့က သုံးသပ်တာပေါ့။”
အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စားနပ်ရိက္ခာနဲ့ နေရေးထိုင်ရေးအပါအဝင် ပုံမှန်လူမှုဘဝပြန်လည်ထူထောင်ရေးအခက်အခဲဖြစ်နေရတဲ့ ဒေသခံတွေကြား လူသားချင်းစာနာမှုအကူအညီတွေကို တန်းတူညီမျှပေးသင့်သလို အကဲဆတ်မခံတဲ့ အနေအထားအပေါ်လည်း ကုလနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဘက်က သတိချပ်သင့်တယ်လို့ ကမန်အမျိုးသားတိုးတက်ရေးပါတီရဲ့ ဗဟိုကော်မတီဝင် ဦးတင်ငွေကလည်း တိုက်တွန်းပါတယ်။
“ကျနော်တို့ အခုဒီလက်ရှိအနေအထားအရကတော့ ကုလသမဂ္ဂကအထောက်အပံ့တွေ၊ နိုင်ငံတကာ အထောက်အပံ့တွေကတော့ ပေးဖို့ လိုကို လိုအပ်နေပါတယ်။ လက်ရှိအကျပ်အတည်း အခက်အခဲကို အခုလို ကူညီဖြေရှင်းပေးတဲ့အတွက်လည်း ဒါ ကျနော်တို့ ကျေးဇူးတင်ရမှာပါ။ ဒါပေမယ့် ခုနက ပြောသလို ကျနော်တို့ နှစ်ဖက် အဖွဲ့အစည်းကိုလည်း မျှမျှတတနဲ့ ကူညီပေးရင်တော့ ဒါ ပိုပြီးတော့ အကောင်းဆုံးပေါ့။ ဒေသခံတွေရဲ့ လက်ရှိ အခက်အခဲရော၊ နောက်တစ်ခါ ဒီဖက်က မူဆလင် ဒုက္ခသည်တွေရဲ့ အခက်အခဲတွေရော မျှမျှတတ ကူညီပေးရင်တော့ ဒါကျနော်တို့ ပိုပြီးတော့ အကောင်းဆုံး အသင့်တော်ဆုံးပါဗျ။ ”
အခုလက်ရှိအခြေအနေမှာတော့ အစိုးရဘက်ကလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် လူမှုဘဝပြန်လည်တည်ဆောက်နိုင်ရေးနဲ့ ပြန်လည်နေရာချထားရေးအစီအစဉ်တွေ ဆောင်ရွက်နေချိန်မှာ ဒေသခံတွေအတွက် အဓိက အရေးတကြီးလိုအပ်နေတာကတော့ စိုးရိမ်စိတ်ကင်းကင်းနဲ့ နေထိုင်နိုင်ရေး အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးပဲဖြစ်တယ် ဒေသခံလည်းဖြစ်တဲ့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။
“အဓိကကတော့ လုံခြုံရေးပါပဲ။ ပြောမယ်ဆိုရင် ပြန်သွားတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေအကုန်လုံးက စားနပ်ရိက္ခာပိုင်းက အဲဒီလောက်ထိ သူတို့က မစိုးရိမ်ဘူး။ အဓိက စိုးရိမ်တာက အဲဒီအကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ပဲ။ ပြောမယ်ဆို အဲဒီ ပတ်ဝန်းကျင်မှာ လုံခြုံရေးရယ် တရားဥပဒေစိုးမိုးရေးအပိုင်း တိတိကျကျ မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ ဒေသခံတိုင်းရင်းသားတွေက အဲဒီမှာ နေရဲမှာ မဟုတ်ဘူး။ အဲဒါကြောင့် အဓိက လိုအပ်ချက်ကတော့ လုံခြုံရေးကို ဘယ်လိုများ အစိုးရက တိတိကျကျ လုပ်ပေးနိုင်မလဲ။ ဥပမာ ကျနော်တို့ တပ်မတော်ရှိမှ - အဲဒီလိုမျိုးမဟုတ်ဘူး။ အဲဒီမှာ ရှိတဲ့ ကျနော်တို့နဲ့ ဆိုင်တဲ့ ပြည်ထဲရေးဌာနမှာ ကျနော်တို့ ဘယ်လိုမျိုး စီမံခန့်ခွဲမှုတွေ လုပ်မလဲ။ အဲဒီ ဘဝလုံခြုံမှုအပိုင်း အဲဒီ တိုင်းရင်းသားတွေရဲ့ လုံခြုံမှုအပိုင်းကို အသေအချာကို ချနိုင်မယ်ဆိုရင်တော့ အဲဒီဒေသခံတွေကတော့ နေနိုင်မှာပဲ။ အဓိကကတော့ လုံခြုံရေးပဲလို့ ကျနော်က သုံးသပ်တာပေါ့။”
ရခိုင်ပြည်နယ်တွင်း အကူအညီပေးရေးလုပ်ငန်းတွေမှာ ဘက်လိုက်မှုတွေရှိနေတယ်ဆိုပြီး ဒေသခံတွေနဲ့ အဖွဲ့အစည်းတွေအကြား ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ အကူအညီပေးရေး ရိက္ခာတွေ သယ်ယူပို့ဆောင်ရေးတွေမှာ အခက်ကြုံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ရခိုင်မြောက်ပိုင်းဘက် အကူအညီပေးရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့အတွက်ကိုတော့ အစိုးရနဲ့ ကုလတို့ကြား နှစ်ဘက် အသေးစိတ် ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။