သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပပညာရေးခရီးပိတ်ပင်မှု တက္ကသိုလ်ဆရာများအသင်း ကန့်ကွက်


့ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာရဲ့ ကြေညာစာ (ဒီဇင်ဘာ ၂၀၊ ၂၀၁၇)
့ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာရဲ့ ကြေညာစာ (ဒီဇင်ဘာ ၂၀၊ ၂၀၁၇)

ပညာရေးဝန်ကြီးဌာနလက်အောက်က ဝန်ထမ်းတွေနဲ့ ဆရာ၊ ဆရာမတွေကို အမည်တပ်ပြီး ပညာရေးဆိုင်ရာပြည်ပခရီးစဉ်ဖိတ်ကြားမှုကို တားဆီးပိတ်ပင်တာဟာ နိုင်ငံတကာပညာရေးစနစ် လေ့လာမှုတွေနဲ့ သင်ယူစူးစမ်းမှုတွေကို ပိတ်ပင်တားဆီးရာ ရောက်တဲ့အတွက် ပြန် ရုပ်သိမ်းပေးဖို့နဲ့ ပြည်ပလေ့လာမှုတွေကို ပညာရေးဝန်ကြီးဌာနကဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ဆရာ-ဆရာမတွေက တောင်းဆို လိုက်ပါတယ်။ ဒါပေမဲ့လို့ အဖွဲ့အစည်းတွေဘက်ကလည်း လူရွေးခေါ်ယူပြီး အခွင့်အရေးကို အသုံးချမယ့်အရေးကိုတော့ စိစစ်ကြပ်မတ် သင့်တယ်လို့လည်း ထောက်ပြမှုတွေလည်း ရှိပါတယ်။ မဆုမွန် တင်ပြထားပါတယ်။

ပြည်ပနိုင်ငံတွေကို သင်တန်း၊ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ စာတမ်းဖတ်ပွဲ၊ ညီလာခံ၊ ဖိုရိမ်နဲ့ ချစ်ကြည်ရေး လေ့လာရေးခရီးစဉ် တွေကို By Name အမည်တပ် ဖိတ်ကြားလာခြင်းတွေနဲ့ပတ်သက်ပြီး ပြည်ပကို စေလွှတ်မယ့် ကိစ္စတွေကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးဝန်ကြီးရုံးကနေ စနစ်တကျ ကြပ်မတ် ဆောင်ရွက်ရန် ဆိုပြီး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြီးခဲ့တဲ့၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၄ရက်နေ့ ရက်စွဲနဲ့ အဆင့်မြင့်ပညာဦးစီးဌာနတွေကို အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

လာမယ့် ဇန်နဝါရီလ ၁ရက်နေ့ ၂၀၁၈ခုနှစ် ကစပြီး အမည်တပ် By Name နဲ့ ဖိတ်ကြားလာတဲ့ ခရီးစဉ်တွေကို ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးက ခွင့်မပြုတော့ဘူးဆိုပြီး ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်နုယ်တိုင်းတွေက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းတွေက ပါမောက္ခချုပ် ကျောင်းအုပ်ကြီးတွေ နဲ့ ညွှန်ကြားရေးမှူးချုပ်တွေကို အကြောင်းကြားစာ ပေးပို့တာဖြစ်ပါတယ်။

ဒီလိုတားဆီးပိတ်ပင်တဲ့ ညွှန်ကြားချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း ( University Teachers’ Association UTA) က သဘောထားထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူက ရွေးချယ်လိုက်တဲ့ အရပ်သားအစိုးရလက်ထက် ပညာရေးဝန်ထမ်းတွေ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားသင်ယူလိုစိတ်နဲ့ ပညာရေး အဆင့်အတန်းမြှင့်တင်ရေးကို လေ့လာမှုတွေနဲ့ပတ်သက်လို့ ဒီညွန်ကြားချက်က အထောက်အကူမပြုတဲ့အတွက် ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ ပညာရေးဆိုင်ရာ ပြည်ပခရီးစဉ်တွေကို ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးဖို့ အလေးအနက် တောင်းဆိုကြောင်းလည်း ထုတ်ပြန်ခဲ့တာပါ။

အခုလို ပိတ်ပင်တားဆီးလိုက်ခြင်းအားဖြင့် ပညာရေးဝန်ထမ်းတွေရဲ့ နိုင်ငံတကာ ပညာရေးစနစ်တွေ သင်ကြား သင်ယူမှုတွေကို လေ့လာနိုင်ခွင့်တွေ ဆုံးရှုံးသွားနိုင်တယ်လို့ မြန်မာ့ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် မူဝါဒရေးရာ သုတေသနမှူး မသူသူမာကပြောပါတယ်။

“အခုတော့ ဒါ အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်လိုက်တာပေါ့နော်။ အခု ဒီ တရားဝင်စာ မထုတ်ခင်ကတည်းကလည်း ဒီ ပြဿနာ ဒီကိစ္စက သူတို့ဒီ ဦးစီးဌာနတို့ သူတို့ ဒီ ပညာရေးဌာနတွေ ဆရာတွေကြားထဲမှာ အဲဒီ မတရားမှုက ရှိနေတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီလိုအရပ်သားအစိုးရလက်ထက်မှာ ဒါမျိုးတွေ ရှိနေသေးတာကိုက အမတို့ တော်တော်လည်း စိတ်ပျက်တယ်။ အံ့လည်း အံ့သြတာပေါ့နော်။ အဲဒီတော့ အဓိက ဒီကိစ္စတွေက ဆရာတွေရဲ့ လေ့လာသင်ယူမှုကိုလေ ကူညီတာရော၊ သူတို့ရဲ့ လေ့လာသင်ယူမှုကိုလည်း ပိုပြီးတော့ အခွင့်အလမ်းပေးတဲ့ ကိစ္စတွေ ဖြစ်တဲ့အခါကျတော့ ဒီပညာရေးဌာနတွေက တကယ်ဆို ဖိတ်ခေါ်တဲ့ အဖွဲ့အစည်းတွေနဲ့တောင် ပူးပေါင်းဆောင်ရွက်သင့်သေးတယ်။ ပိုပြီးတော့ ဖိတ်ခေါ်နိုင်အောင်လို့ပေါ့။ ဒါတွေကကျတော့ ဖိတ်ခေါ်မယ့်အဖွဲ့အစည်းတွေကိုလည်း တော်တော်တော့ ခြိမ်းခြောက်ရာကျတာပေါ့နော်။ အဲဒီလိုမျိုး အမကတော့ ထင်တယ်။ ချုပ်ပြီးပြောရင်တော့ ဒါက လုံး၀ မရှိသင့်တော့တဲ့ ပြဌာန်းချက်၊ ကြေညာချက်တွေ ဖြစ်တယ်ပေါ့။ ဒါမျိုးတွေက လုံးဝကို မလုပ်သင့်တော့ဘူးပေါ့နော်။”

ဒါပေမဲ့လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးသုတကတော့ အခုလို ပညာရေး ဝန်ကြီးဌာနဘက်က စိစစ်ကြပ်မတ်မှုအပေါ် ကြိုဆိုလက်ခံပါတယ်။ ဒီမှသာ အဖွဲ့အစည်းတွေဘက်က လူရွေးခေါ်ယူမှုတွေနဲ့ အခွင့်အရေး တလွဲအသုံးချနေမှုတွေကို စိစစ်နိုင်မယ်လို့ ဦးသုတက ဆိုပါတယ်။

“တချို့ နိုင်ငံခြား အဖွဲ့အစည်းတွေကလည်း ဝန်ကြီးဌာနကို ကျော်ပြီးတော့ သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေကို ပေးလိုက်တယ်ဗျာ။ ပေးလိုက်တော့ အဲဒီပုဂ္ဂိုလ် မပါမနေရဆိုပြီးတော့ ဝန်ကြီးဌာနကို အကျပ်ကိုင်တာမျိုးတွေလည်း ကျနော်တို့ တွေ့ရပါတယ်။ အခုကလည်း လူပုဂ္ဂိုလ်တချို့ပေါ့နော် တစုက ဒီလိုမျိုး သူတို့ကိုယ်ကျိုးရှာပြီးတော့ နိုင်ငံခြားခရီးစဉ်တွေကို အသုံးချနေတဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ ဒါ စီစစ်ဆောင်ရွက်တာ မှန်တယ်လို့ ကျနော်တို့ ဒီစာက မှန်တယ်လို့ ကျနော်တို့ သုံးသပ်တာပါ ခင်ဗျာ။”

ပညာရေးဝန်ကြီးဌာနဘက်က ဒီလိုအမည်တပ်လူရွေးချယ်ခေါ်ယူမှုတွေကို တားဆီးမယ့်အစား ပညာရေးဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေ ပညာရှင်တွေနဲ့ ဝန်ကြီးဌာန ပူးပေါင်းပြီး ပညာရေးဝန်ထမ်းတွေ အရည်အချင်းအရည်သွေးပြည့်မှီလာအောင် ဆောင်ရွက်ပေးသင့်တယ်လို့လည်း မသူသူမာက အကြံပြုပါတယ်။

“အခု အစိုးရ ပညာရေးဌာန တာဝန်ရှိတယ်ဆိုတော့ ပိုတောင် ချိတ်ဆက်ပြီးတော့ ကိုယ့်လူတွေ နိုင်ငံခြားတွေမှာ လေ့လာရေးပဲ ဖြစ်ဖြစ်၊ seminar ပဲ ဖြစ်ဖြစ်၊ work shop ပဲ ဖြစ်ဖြစ်၊ သင်တန်းပဲ ဖြစ်ဖြစ် အဲဒါတွေ အများကြီးလုပ်ရင် ဒီအချိန်က အများကြီး အခွင့်အလမ်းရှိတယ်။ အဲဒီလိုပဲပေါ့ အဲဒီလို by name နဲ့ ဖိတ်တဲ့သူတွေ အခွင့်အလမ်းရသလိုပဲ တခြားသူတွေရဲ့အခွင့်အလမ်းအတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့၊ နောက် အစိုးရဆိုရင် ပိုပြီးတော့ လုပ်ပိုင်ခွင့်နဲ့ တရားဝင်မှုနဲ့ နိုင်ငံတကာ ချိတ်ဆက်မှုတွေမှာ ပိုတောင်မှာ legitimacy ရှိသေးတယ်လေ။ အဲဒီလိုဟာတွေကို အကူအညီပေးချင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်သွားရင်လည်း အစိုးရက ဦးဆောင်ပြီးတော့လည်း ဒီအခွင့်အလမ်းတွေကို ရှာလို့ ရပါတယ်။ အမ ထင်တာ။ ”

အခုလို ပညာရေးဝန်ကြီးဌာနဘက်က ဆောင်ရွက်ချက်ဟာ နိုင်ငံရဲ့ အနာဂတ်၊ ပညာရေးအဆင့်အတန်းမြင့်မားရေးအတွက် အသက်သွေးကြောဖြစ်တဲ့ လွှမ်းမိုးချုပ်ကိုင်မှုကင်းတဲ့ ပညာရေးလွတ်လပ်မှုနဲ့ ဆရာဆရာမတွေရဲ့ အရည်အသွေးတိုးတက်အောင် စာတမ်းဖတ်ပွဲတွေ၊ လေ့လာရေးခရီးစဉ်တွေ ဖိုရမ်ဆွေးနွေးပွဲတွေ ကနေ အပြန်အလည်ညှိနှိုင်းဆွေးနွေးဖလှယ်မှုတွေကနေ တဆင့်တိုးမြင့်အောင် ဆောင်ရွက်နေတဲ့အပေါ် များစွာထိခိုက်ပြီး ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးတွေမှာ ဒီညွှန်ကြားချက်ဟာ မည်သည့်နည်းနဲ့မှ အထောက်အကူ မပြုပါကြောင်း ပညာရေးလောကမှာတော့ ကန့်ကွက်မှုတွေ ဝေဖန်နေကြကြောင်းပါရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG