သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ဖွဲ့စည်းပုံပြင်ရေး အခက်အခဲ


နေပြည်တော် လွှတ်တော်။
နေပြည်တော် လွှတ်တော်။

တိုင်းရင်းသားတွေအတွက် လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှုနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ နှစ်၇၀ပြည့် မြန်မာ့လွတ်လပ်ရေး အခမ်းအနားကို ပေးပို့ တဲ့ သဝဏ်လွှာမှာ ပြောထားပါတယ်။ တကယ့်လက်တွေ့မှာတော့ တိုင်းရင်းသားတွေအနေနဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိတာမို့ ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ခက်ခဲနေအုံး မှာဖြစ်တယ်လို့ တိုင်းရင်းသားတွေဘက်ကပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပါပေးပါမယ်။

ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၇၀ပြည့် မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနားကို ပေးပို့ တဲ့ သဝဏ်လွှာမှာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်ထည်ဖော်ရာမှာ တိုင်းရင်းသားတွေအတွက် လွတ်လပ်မှု၊ တန်းတူညီမ ျှမှုနဲ့ ကိုယ်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာရေး ဆောင်ရွက်လျက်ရှိတယ်လို့ ပြောဆိုထား ပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ကတော့ တကယ့်လက်တွေ့မှာ လွတ်လပ်ရေးရဲ့ အရသာကို အပြည့်အဝ မခံစားနိုင်သေး သလို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်လည်း မရှိသေးတာမို့ ဖယ်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ဖို့ ခက်ခဲ နေအုံးမယ်လို့ Pyidaungsu Institute ရဲ့ ဒါရိုက်တာ ဦးခွန်ဆိုင်းက ပြောပါတယ်။

" ကျနော်တို့ သာတူညီမျှဖြစ်ဖို့ဆိုတာ ၁၉၄၇ခုနှစ် ပင်လုံစာချုပ်မှာ ကျနော်တို့က အကုန်လူံး မူကို ချပေးပြီးပြီပဲ။ နံပတ်တစ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်က အပြည့်အဝ ရှိရမယ်။ အဲ့ဒီ့အထဲတင်မကသေးဘူး အင်္ဂလိပ်က ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုတောင် မထိခိုက်ရဘူး။ မထိခိုက်ရုံတင်မကဘူး ပိုတောင်ရဦးမယ် ဆိုတာမျိုးကို ကတိပေးထားတယ်။ အခုဟာက ကျနော်တို့က ပိုတောင်မရတဲ့အပြင် ရှိပြီးသား ဟာတောင်မှ လျော့ကျသွားတာဖြစ်နေတယ်။ နံပတ်နှစ်က ဘာလဲဆိုတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရှိဖို့ဆိုတာ အခုအချိန်အထိ ရှိပြီလို့ ပြောလို့မရသေးဘူး။ နံပတ်သုံးက ပြည်နယ်တွေမှာ သူတို့ဘဏ္ဍာရေးအတွက် ကိုယ်ပိုင် စီမံပိုင်ခွင့်တွေ ရှိရမယ်ဆိုတာ ပင်လုံစာချုပ်ထဲမှာ ပါထားတယ် အခု ဒီဥစ္စာကို အခုထိ အကောင်အထည်မဖော်နိုင်သေးဘူး။ ဒီလိုမျိုး အကောင်အထည်မဖော်နိုင်သေးသမျှ ကာလပတ်လုံး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့က အခက်အခဲတွေ ထပ်တွေ့နေဦးမှာပဲ။ "

နိုင်ငံတော် သမ္မတပြောသလို တိုင်းရင်းသားအားလုံး လွတ်လပ်မှု၊ တရားမ ျှတမှုနဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိလာဖို့ မေ ျှာ်လင့်ဆုတောင်းတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတော့ အခက်အခဲတွေ အများကြီးရှိနေတယ်လို့ ဦးခွန်ဆိုင်းက ရှင်းပြပါတယ်။

" ၂၀၁၁ခုနှစ်ကတည်းက စလာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အခုအချိန်မှာ ကျနော်တို့က အခက်အခဲတွေ အများကြီးတွေ့နေကြတာပေါ့။ ဒီလိုအခက်အခဲတွေ တွေ့နေကြတဲ့ အချိန်မှာ ဒီလိုသမ္မတကြီးလို စိတ်အားထက်သန်ပြီးတော့မှ တကယ်ငြိမ်းချမ်းရေး လုပ်တဲ့သူတွေက တကယ်ထိထိရောက်ရောက် ထိထိမိမိလုပ်နိုင်ဖို့လိုပါတယ်။ အခုဆိုလို့ရှိရင် နှစ်ဘက်စလုံးမှာ တဘက်နဲ့ တဘက် ယုံကြည်ချက်တွေက ကျဆင်းနေတယ်။"

နိုင်ငံတော် သမ္မတဦးထင်ကျော်ရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာထဲမှာ နိုင်ငံ ရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့ အညီ ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်ပေါ်ပေါက်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းဖို့လည်း တိုက်တွန်းထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟာ နိုင်ငံအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုဖြစ်နေပြီ ဆိုတာကို မီးမောင်းထိုးပြလိုတဲ့ သဘောဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက သူ့ အမြင်ကို အခုလိုပြောပါတယ်။

" ပြည်ထောင်စုကြီးတည်ဆောက်ဖို့အတွက် လိုက်လျောညီထွေဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ပေါက်ဖို့ကလည်း တကယ့်ကို အရေးကြီးတဲ့ စိန်ခေါ်မှုကြီး တရပ်ဖြစ်နေပြီဆိုတာကို နိုင်ငံတော်သမ္မတအနေနဲ့ လွတ်လပ်ရေးအခမ်းအနားမှာ မီးမောင်းထိုးပြချင်တဲ့ ရည်ရွယ်ချက်ဖြစ်လိမ့်မယ်လို့မြင်တယ်။"

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ ရွေးကောက်ပွဲ ကတိကဝတ် ဖြစ်သလို ပြီးခဲ့တဲ့နှစ် လွတ်လပ်ရေးနေ့တုန်းကလည်း နိုင်ငံတော်သမ္မတအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ထည့်သွင်းပြောဆိုခဲ့တာလည်းရှိပါတယ်။

အခု ၂၀၁၈ ခုနှစ်မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဦးတည်ချက်ကို ထိထိရောက်ရောက် လုပ်ဆောင်ဖို့လိုတယ်လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

" ပထမဆုံးအကြိမ်ကျင်းပတဲ့ ၂၀၁၇ လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် မှာလည်းပဲ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန် စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံတော်နဲ့သင့်တော်မယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ်ပေါ်ပေါက်ရေးဆိုပြီး ဦးတည်ချက်အဖြစ် ထည့်သွင်းဖော်ပြခဲ့တယ်။ ဒီနှစ်ကျင်းပတဲ့ လွတ်လပ်ရေးအခမ်းအနားမှာလည်းပဲ အဲ့ဒီ့ဦးတည်ချက်ကိုပဲ ထပ်ပြီးတော့ ထည့်သွင်းဖော်ပြထားတာကို တွေ့ရတယ်။ ၂၀၁၈နောက်ပိုင်းမှာ ဒီဦးတည်ချက်ကို လက်တွေ့ကျကျ ဖော်ဆောင်တဲ့ ခြေလှမ်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ လက်တွေ့ကျကျ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။"

၂၀၁၈ ခုနှစ် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်တွေထဲမှာလည်း ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့အညီ နိုင်ငံနဲ့သင့်တော်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ပေါ်ပေါက်အောင် ကြိုးပမ်းဆောင်ရွက်ရေးဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်မှာဗြိတိသျှ ကိုလိုနီလက်အောက်ကနေ လွတ် လပ်တဲ့ နိုင်ငံဖြစ်လာခဲ့တာပါ။ ဒီကနေ့ကျရောက်တဲ့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားတွေကို နေပြည်တော်၊ ရန်ကုန် အပါအဝင် မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ ကျင်းပခဲ့ကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG