သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တရားစီရင်ရေး လိုရာဆွဲခံနေရသလား


ရန်ကုန်မြို့ရှိ ဗဟိုတရားရုံးချုပ် အဆောက်အဦးမြင်ကွင်းတခု။ ဇွန် ၁၊ ၂၀၁၂။
ရန်ကုန်မြို့ရှိ ဗဟိုတရားရုံးချုပ် အဆောက်အဦးမြင်ကွင်းတခု။ ဇွန် ၁၊ ၂၀၁၂။

မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု အခြေအနေ ကျဆင်းသွားတယ်လို့ ကမ္ဘာ့တရားမျှတမှု လေ့လာစောင့်ကြည့် ရေးအဖွဲ့ကြီးရဲ့ သပ်မှတ်ချက်အပေါ် ဥပဒေပညာရှင်တွေရဲ့ သဘောထားဘယ်လိုရှိပါသလဲ၊ လတ်တလော မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ထင်ရှားတဲ့ အမှုတွေအပေါ် တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ နှိုင်းယှဉ်ပြီး ဦးစံမိုးေ၀ က တင်ပြထားပါတယ်။

World Justic Project ခေါ် ကမ္ဘာ့တရားမျှတမှုလေ့လာစောင့်ကြည့်ရေးအဖွဲ့က ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၁၃ နိုင်ငံရဲ့ တရားစီရင်မှု အခြေအနေတွေကို လေ့လာသုံးသပ်ပြီး တရားဥပဒေစိုးမိုးမှုရှိတဲ့နိုင်ငံတွေ စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံကို အဆင့် ၁၀၀ နေရာမှာ သတ်မှတ်ခဲ့ပြီး ဒါဟာဆိုရင် အရင်နှစ်ကထက် အဆင့် ၂ ဆင့် လျှော့ချသတ်မှတ် လိုက်တာ ဖြစ်ပါတယ်။

အခုလိုသတ်မှတ်လိုက်မှုက မြန်မာနိုင်ငံမှာ လွတ်လပ်စွာတရားစီရင်မှု မရှိသေးပဲ ဖြစ်နေတာကို ထောက်ပြလိုက်တာပဲ ဖြစ်တယ်လို့ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

မကြာခင်ကပဲ ရဲတပ်ဖွဲ့က အကျင့်ပျက်ချစားမှုမှုတွေနဲ့ အရေးယူမှုတွေပြုလုပ်ရာမှာ တရားခံပြေးတွေအဖြစ်ကြေညာထား ခံရသူတွေထဲမှာ တရားရေးဝန်ထမ်းတွေ ပါဝင်နေမှုက သက်သေပြနေတယ်လို့ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

" ဒီတရားသူကြီးတွေ တရားစွဲအဖွဲ့အစည်းတွေမှာပါတဲ့ ဥပဒေအရာရှိတွေ ဒါတွေကလည်း ကျနော်တို့ ဌာနဆိုင်ရာအရေးယူမှုတွေ၊ လွန်ခဲ့တဲ့ တရက် နှစ်ရက်ကပဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေပြီးတော့ တရားခံပြေးတွေအဖြစ် ဝရမ်းထုတ်ပြီး ကြေညာရတဲ့ အဆင့်အထိ ရောက်လာတာကို ကျနော်တို့ တွေ့ရတယ် အဲဒီအထဲမှာ တရားသူကြီးတွေ မြို့နယ်တရားသူကြီးတွေပါတယ်။ နောက်ပြီးတော့တခါ ဥပဒေအရာရှိတွေပါတယ်။ အဲတော့ ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက လွတ်လပ်စွာ တရားစီရင်ရေး မရှိတဲ့အပြင် ခြစားမှုလာဒ်စားမှုတွေနဲ့ အပြည့်ဖြစ်နေတယ်ဆိုတာကို ဒီအစီရင် ခံစာကနေ ထောက်ပြလိုက်တယ်လို့ ကျနော်တို့ ယူဆတယ်။"

WJP အဖွဲ့အစီရင်ခံစာအရ ဒေသတွင်းမှာကြည့်မယ်ဆိုရင်တော့ ၁၅ နိုင်ငံရှိတဲ့အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၄ မှာ ရောက်ရှိနေပါတယ်။ ဒီအဖွဲ့ကတိုင်းတာတဲ့နေရာမှာ အစိုးရကော ပြည်သူတွေပါ တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း၊ လူတိုရဲ့ အခြေခံရပိုင်ခွင့်တွေကို အကာကွယ်ပေးတဲ့ မျှတသော တရားဥပဒေများရှိခြင်း၊ ပွင့်လင်းမြင်သာစွာ စီစဉ်ဆောင်ရွက်ခြင်းနဲ့ ဘက်လိုက်မှုကင်းမဲ့ခြင်းတို့ကို အခြေခံပြီး ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်က ရေးဆွဲခဲ့တဲ့ ခေတ်မမှီတော့တဲ့ ဥပဒေတွေကို ဆက်လက် အသုံးပြုနေဆဲဖြစ်တယ် ဆိုတဲ့ ဝေဖန်ထောက်ပြမှု တွေကလည်း ရှိနေပါတယ်။

ဦးမင်းလွင်ဦးရဲ့ အမြင်ကတော့

"ဒီဥပဒေကို အနက်အဓိပ္ပယ်တွေကို ဖွင့်ဆိုတဲ့ အခါမှာ တာဝန်ရှိတဲ့သူတွေ တရားသူကြီးနဲ့ တရားစွဲ အဖွဲ့အစည်း အသီးသီးက ဖြစ်တယ်။ အဲဒီလူတွေက မိမိ လိုသလို တွေးပြီးတော့ ဥပဒေအရ တိတိကျကျ လိုက်နာ ဆောင်ရွက်ချင်းမရှိပဲနဲ့ စစ်ဆေး ဆုံးဖြတ်နေတဲ့ ဟာကနေ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်က လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်ကို ရောက်မလာပဲနဲ့ အဂတိတရားတွေနဲ့ပေါ့ဗျာ၊ ကြောက်ရတာရယ် လာဒ်ပေးလာဒ်ယူရှိတာတွေရယ် အစရှိသဖြင့်ပေါ့လေ အဂတိတရားကနေ မလွတ်နိုင်သေးတဲ့ တရားစီရင်ရေးစနစ် ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။"

တချိန်ထဲမှာပဲ NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်းနဲ့ သံသယရှိသူ ၃ ဦးထဲက အောင်ဝင်းထွန်းကို ကျပ် သိန်း ၅၀၀တန် ခံဝန်ကတိနဲ့ မနေ့ကအာမခံပေးလိုက်ပါတယ်။ ဒါဟာ တရားဥပဒေ ကြောင်းအရ စွဲဆိုတဲ့ ပုဒ်မဟာ အာမခံပေးနိုင်တဲ့ ပုဒ်မနဲ့ အကြုံးဝင်လို့သာ အာမခံပေးတာဖြစ်မယ်လို့ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

ဒါပေမဲ့ တရားရုံးဖက်က အမှုသွား အမှုလာအပေါ် ထည့်သွင်း စဉ်းစားစရာတွေ ရှိနေသေးတယ်လို့ တရားလိုဘက်က အမှုကို လိုက်ပါဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးနေလ ကတော့ အာမခံပေးတယ်ဆိုတာ အာမခံပေးဖို့ သတ်သတ်မဟုတ်ပဲ ပြန်ပြီး စဉ်းစားရမယ့် ကိစ္စတွေရှိသေးတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"အဓိကအားဖြင့် အချက်၃ချက်ကိုဘဲ ကျနော်ပြောချင်ပါတယ်။ပထမ တချက်က ဥပဒေအရ အာမခံပေးနိုင်တဲ့ ပြစ်မှုဖြစ်သလား ၊ဒုတိယ တစ်ချက်ကတော့ တရားခံထွက်ပြေး တိမ်းရှောင်မှာလား၊နံပါတ်၃အချက်ကတော့ သက်သေတွေအားလုံးကို လွတ်မြောက်သွားလို့ရှိရင် သက်သေတွေအားလုံးကို ဖျက်စီးပစ်နိုင်သလားဆိုတဲပ အချက်၃ချက်ကို ထည့်သွင်းစဉ်းစားရမယ်လို့ ကျနာ်ထင်ပါတယ်။ အဲ့လိုစဉ်းစားရမယ့်အပိုင်းမှာ ဥပဒေပြဌာန်းချက်အရ အာမခံပေးနိုင်တဲ့ ပုဒ်မဆိုတာမှန်ပါတယ်။ထွက်ပြေးတိမ်းရှောင်နိုင်မယ့်အနေအထား ဟုတ်တယ် မဟုတ်တယ်ဆိုတဲ့ ကိစ္စကလည်း လုံလောက်တဲ့ ခံဝန်ရှိမယ်ဆဆိုလို့ရှိရင် ဒါကလည်းမှန်တယ်လို့ပြောရမှာဖြစ်ပါတယ်။ တတိယအချက်နေနဲ့ သက်သေတွေအားလုံးကို ဖျက်ဆီးနိုင်သလားဆိုတာကိုတော့ ကျနော်တို့က သတိနဲ့ကြည့်ရမယ့်အခြေအနေတစ်ခုလို့ ထင်ပါတယ်။"

ထင်ရှားတဲ့ နောက်အမှုတခုဖြစ်တဲ့ ရိုက်တာ သတင်းထောက် ၂ ယောက်ရဲ့ အမှုမှာဆိုရင်လည်း နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု အက်ဥပဒေနဲ့ အရေးယူထားတာဖြစ်တဲ့အတွက် အာမခံပေးလို့ မရဘူးဆိုပေမယ့်၊ တရားလိုနဲ့ တရားလိုရဲ့ အဓိကကျတဲ့ သက်သေတွေကို စစ်ဆေးပြီးလို့ စစ်ဆေးပေါ်ပေါက်ချက်တွေအ ရနိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားတဲ့ ကိစ္စရပ် ထင်ထင်ရှားရှားမဖြစ်ဘူးဆိုရင် အာမခံပေးပြီး ဆက်လက် ထုချေခွင့် ပြုနိုင်ပါတယ်လို့ ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ တရားစွဲအဖွဲ့အစည်းတွေက သက်သေတွေအများကြီးတင်ပြီး လိုအပ်တဲ့အချက်တွေကို နောက်ခေါ်သက်သေတွေမှာ ထပ်ထည့်ပြီး အမှုကို အတင်းခိုင်လုံအောင် သက်သေပြနေတဲ့ဖြစ်ရပ်တွေ မြန်မာတရားစီရင်ရေးစနစ်မှာ တွေ့နေရပြီး အလွန်ရုပ်ဆိုးတဲ့အကြောင်း ထောက်ပြပြောဆိုပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG