NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်းနဲ့ သံသယရှိသူ ၃ ဦးထဲက အောင်ဝင်းထွန်းကို ကျပ် သိန်း ၅၀၀တန် ခံဝန်ကတိနဲ့ အာမခံပေးလိုက်ပါတယ်။ ဒါဟာ တရားဥပဒေအကြောင်းအရ အာမခံပေးလိုက်တာ ဖြစ်ပေမဲ့ ဒီအမှုမှာ အရေးပါသူတဦးကို အာမခံပေးလိုက်တဲ့အပေါ် တရားလိုဘက်က မေးခွန်းထုတ်နေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုကောင်းစံဟိန်း ကပြောပြပေးမှာပါ။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ အဓိက ကျုးလွန်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်း အပြင်၊ ပူးပေါင်းကြံစည်သူတွေ အဖြစ် အာဏာပိုင်တွေက သံသယရှိနေတဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ရဲ့ အမှုအတွက် သက်သေတွေဖြစ်ကြတဲ့ လေဆိပ်က လုံခြုံရေးဝန်ထမ်းတွေ၊ အငှားယာဉ်မောင်းတွနဲ့ ကိုအောင်စိုးတို့ကို အင်းစိန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ ကြားနာ စစ်ဆေးခဲ့တာပါ။
ပြစ်မှုကျူးလွန်သူတွေ လွတ်မြောက်ရေး အကူအညီပေးခဲ့မှု ပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်ခံထားရတဲ့ အောင်ဝင်းထွန်းကို ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ မနက်ပိုင်းမှာဘဲ ကျပ် သိန်း၅၀၀ ခံဝန်ကတိနဲ့ အာမခံပေးပီး ပြန်လွှတ်စေခဲ့တာပါ။
တရားဥပဒေအကြောင်းအရ အာမခံပေးခွင့်ရှိလို့ ပေးလိုက်တာ ဖြစ်ပေမဲ့ တရားရုံးဖက်က အမှုသွား အမှုလာအပေါ် ထည့်သွင်း စဉ်းစားစရာတွေ ရှိနေသေးတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးနေလက ဗွီအိုအေကို အခုလို ပြောပါတယ်။
"အာမခံပေးတယ်ဆိုတာ အာမခံပေးဖို့ သတ်သတ်မဟုတ်ပါဖူး။ဒီအပေါ်မှာ ကျနော်တို့ ပြန်လည်စဉ်းစားရမယ့် ကိစ္စတွေရှိပါတယ်။အဓိကအားဖြင့် အချက်၃ချက်ကိုဘဲ ကျနော်ပြောချင်ပါတယ်။ပထမ၁ချက်က ဥပဒေအ၇ ပစ်မငပေးနိုင်တဲ့ ပြစ်မှုဖြစ်သလား ၊ဒုတိယ တစ်ချက်ကတော့ တရားခံထွက်ပြေး တိမ်းရှောင်မှာလား၊နံပါတ်၃အချက်ကတော့ သက်သေတွေအားလုံးကို လွတ်မြောက်သွားလို့ရှိရင် သက်သေတွေအားလုံးကို ဖျက်စီးပစ်နိုင်သလားဆိုတဲပ အချက်၃ချက်ကို ထည့်သွင်းစဉ်းစားရမယ်လို့ ကျန်ာထင်ပါတယ်။ အဲ့လိုစဉ်းစားရမယ့်အပိုင်းမှာ ဥပဒေပြဌာန်းချက်အရ အာမခံပေးနိုင်တဲ့ ပုဒ်မဆိုတာမှန်ပါတယ်။ထွက်ပြေးတိမ်းရှောင်နိုင်မယ့်အနေအထား ဟုတ်တယ် မဟုတ်တယ်ဆိုတဲ့ ကိစ္စကလည်း လုံလောက်တဲ့ ခံဝန်ရှိမယ်ဆဆိုလို့ရှိရင် ဒါကလည်းမှန်တယ်လို့ပြောရမှာဖြစ်ပါတယ်။ တတိယအချက်နေနဲ့ သက်သေတွေအားလုံးကို ဖျက်ဆီးနိုင်သလားဆိုတာကိုတော့ ကျနော်တို့က သတိနဲ့ကြည့်ရမယ့်အခြေအနေတစ်ခုလို့ ထင်ပါတယ်။"
အခု အာမခံရရှိသွားတဲ့ အောင်ဝင်းထွန်းဟာ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ အဓိက အလိုရှိနေတဲ့ တရားခံပြေး အောင်ဝင်းခိုင်နဲ့ ညီအကိုတော်နေသူဖြစ်တာကြောင့်လည်း အခုလို အာမခံပေးလိုက်ခြင်း အားဖြင့် သူတို့ချင်းချင်း ဆက်သွယ် ဆောင်ရွက်မှုတွေ ရှိကောင်း ရှိလာနိုင်တယ်လို့လည်း ဦးနေလက ပြောပါတယ်။
"သူတို့အချင်းချင်း ညီအစ်ကိုတွေဘဲဗျာ။ဒီကြားထဲမှာ တစ်ယောက်လွတ်လာပီဆိုတော့ သူတို့ဘာဆက်လုပ်လာမလဲ ဆိုတာကတော့ စဉ်းစားစရာအချက်ဖြစ်ပါတယ်။"
ရှေ့နေဦးကိုနီ သေဆုံးတာ၁နှစ်ကျော် ရှိလာတဲ့အချိန်အထိ အမှုနဲ့ပက်သက်လို့ ခိုင်ခိုင်မာမာ အဖြေ မထွက်သေးတာ၊ စွပ်စွဲခံထားရတဲ့ အောင်ဝင်းခိုင် ကနေ့အထိ လွတ်မြောက်နေသေးတာတွေကြောင့် ဒီအမှုအပေါ် အားမလို အားမရဖြစ်မှုတွေ၊ တရားစီရင်ရေး စံနစ်အပေါ် မကျေနပ်မှုတွေလည်း ထွက်ပေါ်နေတာပါ။
အခုချိန်ထိ အောင်ဝင်းခိုင်ကို ဖမ်းမမိနိုင်သေးတဲ့အပေါ် ရှေ့နေဦးနေလက သူ့ရဲ့သဘောထားကို အခုလို သုံးသပ်ပြပါတယ်။
"လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်က သက်ရှိထင်ခြားရှိနေမယ်လို့ ကျနော်ထင်ပါတယ်။ သူ့ကိုဖမ်းဆီးရရှိမှုနဲ့ ပက်သက်လို့ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့တွေကနေပီးတော့ ဖိဖိစီးစီး ဖမ်းမယ်ဆိုလို့ရှိရင် ဖမ်းမိနိုင်မယ်လို့ ကျနော် ထင်ပါတယ်.။"
ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တဲ့ ကြည်လင်းအပါအ၀င် သံသယရှိသူ၃ဦးကို အပတ်စဉ်သောကြာနေ့တိုင်း ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ် စစ်ဆေးနေလာတာဖြစ်ပေမဲ့တရားသူကြီးရဲ့ ပြောင်းလဲစစ်ဆေးမှုအရ ဒီတပတ်ကစပီး ကြာသပတေး၊ သောကြာ ၂ရက်ဆက်တိုက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။