သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀ဒေသ သေဒဏ်စီရင်မှု ဖွဲ့စည်းပုံ ညီမညီ


၀ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA တပ်ဖွဲ့
၀ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA တပ်ဖွဲ့

၀ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ထိန်းချုပ်ရာဒေသတွင်း လူသတ်မှုစွဲချက်နဲ့ လူနှစ်ဦး သေဒဏ်အပြစ်ပေးတာကို ၀ ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ပေမယ့် တရားစီရင်ရေးအရ ဒီလုပ်ပို်င်ခွင့်မပေးထားတာကြောင့်၊ ဒီလုပ်ရပ်ဟာ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ ဝါရင့်ရှေ့နေ ဦးသိန်းသန်းဦးက ဝေဖန်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက ပြောပြမှာပါ။

UWSA ထိန်းချုပ်ရာ မိုင်းမောခရိုင်အတွင်း မနှစ်တုန်းက လူသတ်လုယက်မှုကျူးလွန်သူ နှစ်ဦးကို မနေ့က ကွပ်မြက်ခဲ့တာဖြစ်တယ်လို့ လားရှိုးမြို့ ဝပြည်နယ်ပြည်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ဗွီအိုအေကို အတည်ပြု ပြောခဲ့ပါတယ်။

"လူသတ်မှု ကျူးလွန်တဲ့လူတွေ ကျနော်တို့ ၀ ပြည်နယ် မိုင်းမောက်ခရိုင်မှာနော် ၈ လပိုင်း လလယ်ဝန်းကျင်တုန်းက ကျနော်တို့ ဝပြည်နယ်မှာနေထိုင်တဲ့ တိုင်းရင်းသား၂ ယောက် လင်မယားကို သတ်တာပေါ့နော် ကားလုပြီးတော့ သေနတ်နဲ့ သတ်တာ။ ကျနော်တို့ ဒီပြည်နယ်မှာ အမြင့်ဆုံးတရားရုံးရှိတယ်လေ။ တရားစီရင်ရေးကော်မတီရှိတယ်လေ ဒီလိုအဆင့်ဆင့် စီစစ်မှု ပြီးမှ အများပြည်သူရှေ့မှာ သက်သေခိုင်လုံမှုတွေနဲ့ အမိန့်ချခဲ့တာလေနော်။"

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝပြည်နယ်အနေနဲ့ သူ့ကိုယ်ပိုင်တရားစီရင်ရေးအရ အခုလို ပြစ်ဒဏ်စီရင်တယ်ဆိုပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အခုထိ တရားရေးလုပ်ပိုင်ခွင့်ပေးမထားဘူးလို့ ဝါရင့်ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။ တဖက်မှာ စွတ်စွဲခံရတဲ့ တရားခံ အတွက် အခွင့်အရေး အမိန့်ချတဲ့ တရားသူကြီးတွေရဲ့ တရားရေးဆိုင်ရာ ကျွမ်းကျင် နားလည်မှု ဘယ်လောက်ရှိမရှိဆိုတာ မသေချာဘူးလို့လည်း ဦးသိန်းသန်းဦးက ပြောပါတယ်။ နိုင်ငံတနိုင်ငံမှာ တရားရေးစနစ်ဆိုတာ တခုတည်းရှိရမှာမို့၊ ဒီလုပ်ရပ်ဟာ တည်ဆဲ ဖွဲ့စည်းပုံနဲ့မညီဘူးလို့ ပြောပါတယ်။

"ကျနော်တို့ မြန်မာပြည်နယ် တခုတည်းဖြစ်တဲ့အတွက် တရားရုံးအဆင့်ဆင့် ရှိတယ်။ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အထူးခရိုင်တွေကို သတ်မှတ် ပေးထားတယ် ဒါပေမယ့် အဲဒီရုံးတွေက အဆင့်ဆင့်ပေါေ့နာ် တက်လာပြီးတော့ မြန်မာပြည်မှာ အမြင့်ဆုံးတရားရုံးကတော့ တရားလွှတ်တော်ချုပ်ပေါ့ အဲဒီဟာ ဆုံးဖြတ်တာပဲ ဖြစ်ရမယ်။ ဝဒေသအထူး အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်တယ်ဆိုတာ ကျနော်တို့ လက်ခံလို့မရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူး သေဒဏ်ဆိုတာ ခရိုင်တရားရုံးက ချမှတ်တယ်၊ အဲဒီ သေဒဏ်ချမှတ်တာကို တိုင်းနဲ့ ပြည်နယ် တရားရုံးက အတည်ပြုရတာ၊ အတည် ပြုပြီးရင် သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်းက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆီက ဆက်တက်ရတာရှိတယ်။ နောက်ဆုံး သမ္မတ အသနားခံစာတောင်ရှိတယ်။"

၀ ပြည်နယ်အနေနဲ့ အခုလို ကိုယ်ပိုင်တရားစီရင်တာမျိုး အရင်ကလည်း မကြာခဏ ရှိခဲ့ပေမယ့်၊ ဒီတခေါက်မှာတော့ ဝပြည်နယ်တွင်းမှာ လွှင့်ထုတ်တဲ့ ရုပ်မြင်သံကြားမှာပါ လွှင့်ထုတ်တာကြောင့် သူ့ဖက်က တခုခုကို ပြသလိုတဲ့ သဘောဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိပါတယ်။ အထူးသဖြင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြောက်ပိုင်း လက်နက်ကိုင်အင်အားစုတွေ မပါဝင်နိုင်ဖြစ်နေတဲ့အခြေအနေနဲ့၊ အထူးသဖြင့် မြောက်ပိုင်းတိုင်းရင်းသားမဟာမိတ်အင်အားစုနဲ့ မြန်မာအစိုးစစ်တပ်တို့အကြား တင်းမာမှုတွေ ရှိနေချိန်လည်းဖြစ်ပါတယ်။ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ ၀ ဒေသအနေနဲ့ သူ့ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတယ်ဆိုတာကို အထင်အရှားပြလိုတဲ့ သဘောလည်းဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

"သူမှ မဟုတ်ပါဘူး လက်နက်ကိုင်အဖွဲ့အစည်းအများစုက သူ့ဟာသူ တရားစီရင်မှုတွေ လုပ်လို့ရတာပဲလေ ။ အဲဒီတော့ သေဒဏ်ပေးတယ်ဆိုတာတွေလည်း ရှိနေကြတယ် ဒီနေ့အချိန်အထိလည်း ရှိနေတယ်။ ဒါပေမယ့် ဝက အဲဒီလိုမျိုးသေဒဏ်ပေးတာကို ရုပ်သံနဲ့ ရိုက်ပြတာကတော့ ဒီ သူ့ကပ်လျက် တရုတ်နိုင်ငံရဲ့ လုပ်ပုံလုပ်နည်းတွေကို အတု ခိုးတယ်လို့ ကျနော်မြင်တယ်။

မေး။ ။ အရင်တုန်းကလည်း သူလို့ လုပ်ချင်ရင်လုပ်ခဲ့မှာပါ ဒါပေမယ့် အခုလို TV ကနေပြီးတော့ သေဒဏ်အပြစ်ပေးတာကို ရိုက်ပြတယ်။ အခုက တရုတ်နိုင်ငံသားလည်း ပါတယ်။ မြန်မာနိုင်ငံသားလည်းပါတယ် ဆိုတော့ ဒါက ဘယ်လောက်အထိ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ လုပ်တာလို့ ယူဆလို့ရပါသလဲ ။ တရုတ်ကရော လက်ခံပါသလား။

ဖြေ။ ။ ကျနော်ထင်တယ် ဒီဟာက ဖြစ်နိုင်ခြေတခုပေါ့နော် အရင်တုန်းကလည်းဒီလို လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခု TV တွေကနေ ထုတ်ပြတယ်ဆိုတာက သူတို့ဟာသူတို့ တသီးတခြား ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ နေနေတာကို သူတို့ ပြချင်တဲ့ သဘောလို့တော့ ယူဆပါတယ်။"

သေဒဏ် အပြစ်ပေးခံရသူနှစ်ဦးမှာ တဦးဟာ တရုတ်နိုင်ငံသားဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ဒီ ကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရဖက်ရော တရုတ်နိုင်ငံဖက်ကပါ တစုံတရာ တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။

၀ဒေသ လူမြင်ကွင်းရှေ့သေဒဏ်စီရင်
please wait

No media source currently available

0:00 0:03:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG