သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသူလျှိုဟောင်း လုပ်ကြံခံရမှု ရုရှားပတ်သက်ဟု စုံစမ်းတွေ့ရှိ


ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ရုရှားသံရုံး
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ရုရှားသံရုံး

ရုရှားသူလျှိုဟောင်းတယောက်ကို ဗြိတိန်နိုင်ငံမှာ အဆိပ်ခတ်လုပ်ကြံဖို့ ကြိုးပမ်းမှုအတွက် ဗြိတိန်နိုင်ငံသာမက အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတို့ကလည်း ရုရှားအပေါ် ပြစ်တင်ပြောဆိုလိုက်ကြပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ ပထမဆုံးအကြိမ် အာရုံကြော ထိခိုက်စေတဲ့ ဓာတုအဆိပ်ဓာတ်သုံး တိုက်ခိုက်မှု အဖြစ်နဲ့လည်း ပြောဆိုခဲ့ကြတာပါ။ တိုက်ခိုက်မှုမှာ ရုရှားရဲ့ ပတ်သက်မှုဟာ ရှင်းပြစရာ မလိုတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း ဗြိတိန်ဝန်ကြီးချုပ် Theresa May အမေရိကန်သမ္မတ Donald Trump ပြင်သစ်သမ္မတ Emmanual Macron နဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel တို့ ပူးတွဲထုတ်ပြန်တဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေအတွက် ရုရှားအနေနဲ့ အဖြေပေးဖို့လည်း တောင်းဆိုခဲ့ကြတာပါ။ ရုရှားအစိုးရကတော့ သူတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆန်ထားပါတယ်။ ရုရှားထောက်လှမ်းရေးဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူ Yulia တို့ကိုတော့ ဒီလဆန်းပိုင်းမှာပဲ Salisbury မြို့က ခုံတန်းလျား တခုပေါ်မှာ သတိလစ်မေ့မျောနေတာ တွေ့ခဲ့ရတဲ့အတွက် ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပြီး၊ ဝေဒနာပြင်းထန်တဲ့အတွက် အခုအချိန်အထိ ကုသမှုခံနေရဆဲပါ။

ဓာတုအဆိပ်သင့်မှုကို အရေးပေါ် အကူအညီပေးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် တဦးအပါအဝင် လူအများအပြားလည်း နေထိုင်မကောင်း ဖြစ်ခဲ့ကြပါတယ်။ တချိန်က စစ်အေးကာလမှာ သံတမန်ရေး တင်းမာမှုတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တဲ့ ၁၉၇၁ ခုနှစ်နောက်ပိုင်း အများဆုံးအဖြစ်နဲ့ ရုရှားသံတမန် ၂၃ ယောက်ကို နှင်ထုတ်ဖို့ အပါအဝင် တိုက်ခိုက်မှုအတွက် ဗြိတိန်ဝန်ကြီးချုပ်ကတော့ ဆက်တိုက်ဆိုသလို တုံ့ပြန်ခဲ့တာပါ။ ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ လက်တုံ့ပြန်တဲ့အနေနဲ့ ဗြိတိသျှသံတမန်တွေကို မကြာခင် နှင်ထုတ်မယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ဟာ ရိုင်းစိုင်းတဲ့ အပြုအမူဖြစ်သလို၊ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ညှိနှိုင်းရာမှာ အခက်ကြုံနေရတာတွေကနေ အာရုံလွဲှဖို့ ကြိုးပမ်းမှု အဖြစ်နဲ့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဒီကနေ့ပဲ မော်စကိုမြို့တော်မှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG