သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၇၀ပြည့် WHO ရဲ့ စိန်ခေါ်မှုများ


အာဖဂန်နစ္စတန်ကလေးတဦးကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးစဉ်။ မတ် ၁၄၊ ၂၀၁၈။
အာဖဂန်နစ္စတန်ကလေးတဦးကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးစဉ်။ မတ် ၁၄၊ ၂၀၁၈။

ဧပြီလ ၇ ရက်နေ့ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ နှစ် ၇၀ မြောက် နှစ်ပတ်လည်နေ့ဖြစ်သလို ကမ္ဘာ့ကျန်းမာရေးနေ့လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၇၀ အတွင်း ကျန်းမာရေးနဲ့ပတ်သက်လို့ ဘယ်အရာတွေကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့သလဲဆိုတာနဲ့ ဘာတွေ ဆက်လုပ်ဖို့ ကျန်နေသေးသလဲဆိုတာကို VOA သတင်းထောက် Carol Pearson သတင်းပေးပို့ထားပါတယ်။ နန်းလောင်ဝ်က ပြောပြမှာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်အတွင်း ကမ္ဘာ့လူဦးရေအတော်များများ သေကြေစေခဲ့တဲ့ ကျောက်ရောဂါတွေ ပပျောက်သွားအောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ဦးဆောင်ပြီး ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီကာလကစပြီး ပိုလီယိုလို့ခေါ်တဲ့ အရိုးပျော့ရောဂါ ကင်းစင်သွားအောင်လည်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ကြိုးပမ်းလာကြတာပါ။ ပိုလီယို ကင်းစင်ရေး အဖွဲ့ခေါင်းဆောင်ဟောင်း Peter Crowley က ပိုလီယိုရောဂါ လုံး၀ ကင်းစင်ဖို့ နီးကပ်လာပြီလို့ ကုလသမဂ္ဂ ကလေးငယ်များရံပုံငွေအဖွဲ့ UNICEF မှာပြောဆိုပါတယ်။

“ပိုလီယိုကင်းစင်တဲ့ ကာလကိုရောက်တော့မှာပါ။ ကမ္ဘာပေါ်ကနေ ပိုလီယိုရောဂါ ၉၉.၉ ရာခိုင်နှုန်းကို ကင်းစင်သွားပါပြီ။”

အဲဒီကြေငြာချက်ကို ၂၀၁၄ ခုနှစ်မှာ Crowley ပြောဆိုခဲ့တာပါ။ အဲဒီအချိန်ကစပြီး ပဋိပက္ခတွေနဲ့ အခက်အခဲတွေကြားကပဲ ပိုလီယိုလုပ်သားတွေ မနေမနား ဆက်လက် ကြိုးပမ်းလုပ်ကိုင်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း ကလေးငယ် ၁၇ ဦး ပိုလီယိုဗိုင်းရပ်ပိုးကူးစက်ခြင်းခံခဲ့ရပါတယ်။ ကလေးတဦးတယောက်မှ ပိုလီယိုရောဂါမဖြစ်တော့ဘူးဆိုတဲ့အချိန်ရောက်မှသာ ရောဂါကင်းစင်ပြီလို့ ပြောဆိုနိုင်မှာဖြစ်ပါတယ်။

ဝက်သက်ရောဂါနဲ့ အခြားဗိုင်းရပ်စ်ရောဂါပိုးတွေ ကူးစက်ခြင်းခံထားရတဲ့သူတွေအတွက် အသက်အန္တရာယ်ကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေမရနိုင်ကြတာမျိုး လည်းရှိနေတာပါ။ ဒါကြောင့် WHO ရဲ့ဒီနှစ်ဆောင်ပုဒ်က လူတိုင်းအတွက် ကျန်းမာရေး “health for all” ဖြစ်ပါတယ်။

WHOရဲ့ ဒေသန္တရရုံးခွဲဖြစ်တဲ့၊ ဝါရှင်တန်ဒီစီက Pan Amefican Health အဖွဲ့ ညွှန်ကြားရေးမှုး James Fitzgerald က လူတိုင်းအတွက်ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်မယ့် အခြေအနေကို ခုလိုသုံးသပ်ပါတယ်။

ကမ္ဘာမှာ လူအတော်များများအခု ပြောဆိုနေတာက လူတိုင်းအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးရေးဖြစ်ပါတယ်။ ဒါဟာ တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အစစ်အမှန်တွေထဲက တခုဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုက လူ၃ ယောက်မှာ ၂ ယောက်နဲ့ ကမ္ဘာ့လူဦးရေ တဝက်လောက်က ကျန်းမာရေးစောင့်ရှောက်မှု မရနိုင်ကြသေးပါဘူး။ James Fitzgerald ကခုလို ဆက်ပြောပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုရဖို့ အတားအဆီးတွေဖြစ်နေတာကတော့ အခြားအရပ်က အနေအထားအတိုင်းပါပဲ။ ပထဝီဝင်အနေအထားအရ၊ ကျန်းမာရေးဌာနတွေ၊ ဆေးရုံ၊ ဆေးခန်းတွေကို လူကိုယ်တိုင် မသွားနိုင်တဲ့ကိစ္စပါ။ ဒါမှမဟုတ်လည်း ကျန်းမာရေးစနစ်ပေါ့၊ စောင့်ရတဲ့ အချိန်ကြာတာတွေ၊ ဆရာဝန် သူနာပြုတွေ မရှိတာ စတဲ့အချက်တွေပါဝင်ပါတယ်။ နောက်ပြီး အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ သုံးစွဲဖို့ဘဏ္ဍာငွေမရှိတဲ့အတွက် လူနာတွေက ကိုယ့်အိတ်ထဲက ပေးရတာမျိုးတွေလည်းပါဝင်တဲ့အပြင် ကျန်းမာရေးစနစ်အတွင်းမှာကိုပဲ လူမှုရေးအရ ခွဲခြားဆက်ဆံနေကြတဲ့ အကြောင်းရင်း တွေလည်းပါပါတယ်။”

ကျန်းမာရေးစောင့်ရှောက်မှုမှာ ရင်းနှီးမြှပ်နှံဖို့ လိုအပ်တဲ့ နိုင်ငံတွေအတော်များများရှိနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုရကြမယ်ဆိုရင် လူတွေပိုကျန်းမာပြီး အကျိုးရှိတဲ့ ဘဝတွေပိုရလာမှာဖြစ်သလို ကျန်းမာရေးကဒ်ဘေးတွေကိုလည်း ရှောင်ရှားနိုင်လိမ့်မယ်လို့ WHO ကပြောပါတယ်။ ဒါတင်မက ကျန်းမာတဲ့လူတွေနေတဲ့တိုင်းပြည်ဟာ ကြီးပွါးတိုးတက်အောင်မြင်ဖို့ အလားအလာပိုရှိတယ်လို့လည်း WHO ကပြောပါတယ်ရှင်။

နှစ် ၇၀ပြည့် WHO ရဲ့ စိန်ခေါ်မှုများ
please wait

No media source currently available

0:00 0:03:10 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG