သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ထောင်စုဝန်ကြီး ဘင်္ဂလားဒေ့ရ်ှ အစိုးရပိုင်းနဲ့တွေ့ဆုံ


ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိလာတဲ့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိလာတဲ့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေး။

ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခိုလှုံနေရသူတွေ နေရပ်ရင်း ပြန်နိုင်ရေး အစီအစဉ်တွေကို မြန်မာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ ဘင်္ဂလားဒေရှ့် အစိုးရတို့ ဒီကနေ့ ဆွေးနွေးမယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေးကိစ္စ ပြေလည်ရေး အတွက် ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး စနိုင်ဖို့က အရေးကြီးတယ်လို့လည်း မြန်မာဘက်က ပြောဆိုထားတာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ အစိုးရ တာဝန်ရှိသူတွေ ဘင်္ဂလားဒေရှ့်နိုင်ငံ မြို့တော် ဒက္ကားမှာ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို အဓိကထား ဆွေးနွေးမယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့နဲ့ ဘင်္ဂလားဒေရှ့် ပြည်ထဲရေး ဝန်ကြီး ၊ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ မြို့တော် ဒက္ကာမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြတာပါ။ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူကတော့ အဓိကထား ဆွေးနွေးမယ့် အကြောင်းအရာကို အခုလို ပြောပါတယ်။

" ကျနော်တို့ဘက်က ပြင်ဆင်ထားရှိမှုတွေကို ကျနော်တို့ သွားပြီး အသိပေးတာဖြစ်ပါတယ်။ နောက် တာဝန်ရှိတဲ့သူတွေကိုလည်း ကျနော်တို့ဘက်က စီစဉ်ဆောင်ရွက်ထားမှုတွေကို သွားရှင်းပြမှာဖြစ်ပါတယ်။"

မနေ့ အင်္ဂါနေ့တုန်းကတော့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ အဖွဲ့က ကုတုပလောင် ဒုက္ခသည် စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်လာနိုင်ရေး အခြေအနေတွေကို ရှင်းလင်း ပြောဆိုခဲ့ကြတာပါ။

ဒါပေမယ့် ဒုက္ခသည်တွေ ဌာနေပြန်ရေးက ကိုယ့်ရဲ့ သဘောဆန္ဒ အတိုင်းသာ ဖြစ်ရမယ်လို့လည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်ကတော့ အောင်မြင်တဲ့ ခရီးစဉ်လို့ ပြောတာပါ။

" အဓိက ကတော့ ကျနော်တို့ ပြန်လည်လက်ခံရေးအတွက် ကျနော်တို့ ပြင်ဆင်ထားရှိမှုတွေ အတွက် ကျနော်တို့အသိပေးတာဖြစ်ပါတယ်။ နောက် ကျနော်တို့ UEHRD tasks forces ဆယ်ခုကနေ ဆောင်ရွက်နေတဲ့ကိစ္စလေးတွေ၊ နောက် သူတို့စိုးရိမ်ပူပင်နေတယ်ဆိုတဲ့ လုံခြုံရေးတို့ နေရာချထားရေးတို့ ဒီကိစ္စတွေကို ကျနော်တို့ဘက်က ရှင်းပြပါတယ်။"

ဒါပေမယ့် တွေ့ဆုံပွဲမှာတော့ မကျေလည်မှုတွေ ရှိခဲ့သလို ဒုက္ခသည် စခန်းတွေမှာ ဆန္ဒပြပွဲတွေလည်း ဖြစ်ခဲ့တာပါ။ ရိုဟင်ဂျာတို့ကတော့ သူတို့ကို ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုမှ ပြန်မယ်လို့ ပြောကြပါတယ်။ မနေ့က တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ ဆာအိဒ် အူလာ က အခုလို ပြောပါတယ်။

"ဝန်ကြီးကတော့ ဗမာပြည်ကို ပြန်လာရေး တိုက်တွန်းလိုနေတာပါ။ ကျနော်တို့ကလည်း ပြန်ချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကို ရိုဟင်ဂျာ မျိုးနွယ် အဖြစ် နိုင်ငံသား အသိအမှတ်ပြုပေးမှသာ ပြန်မှာပါ။ ကျနော်တို့ကို အသိအမှတ်မပြုရင် ကျနော်တို့ မပြန်ပါဘူး။ ကျနော့်မှာ မိဘတွေရဲ့ အမျိုးသား မှတ်ပုံတင်တွေ ရှိပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ကို ဘင်္ဂလားဒေရှ့်က လာတဲ့ တရားမဝင်တွေလို့ သူတို့က ပြောနေကြတာပါ။"

မနေ့က ဒုက္ခသည်တွေနဲ့ တွေ့ဆုံပွဲမှာလည်း ရိုဟင်ဂျာတွေရဲ့ လုံခြုံရေး၊ ဖမ်းဆီးခံရမယ့်အရေး၊ နိုင်ငံသား ဖြစ်မှု စတာတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်ချက်တွေကို မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့က အကျေအလည် မရှင်းလင်းနိုင်ခဲ့ဘဲ မြန်မာ အစိုးရရဲ့ အစီအစဉ်တွေကိုဘဲ ရှင်းပြသွားခဲ့တာပါ။

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနှစ်နိုင်ငံကြား ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို ဇန်နဝါရီလ နှောင်းပိုင်းမှာ စတင်ဖို့ သဘောတူခဲ့ကြပေမယ့် အခုအချိန်ထိ မစနိုင်ကြသေးပါဘူး။ ရခိုင်ပြည်နယ်ကို မကြာခင်က သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်ကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်တဲ့ အခင်းအကျင်းမျိုး မတွေ့ရသေးဘူးလို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG