သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC တောင်းဆိုချက်နဲ့ နိုင်ငံတကာဖိအား အစိုးရ လိမ္မာပါးနပ်စွာ ကိုင်တွယ်သင့်ဟု အကဲခတ်တွေ တိုက်တွန်း


အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး
The International Criminal Court ICC
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး The International Criminal Court ICC

သိန်းချီတဲ့ ရိုဟင်ဂျာ မူဆလင်တွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် မောင်းထုတ်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး ICC က စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ICC ရှေ့နေချုပ် တောင်းဆိုလိုက်တဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက မြန်မာနိုင်ငံဟာ Rome Statute မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းစီစဉ်ဆောင်ရွက်နေတယ်လို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး ပြန်တုန့်ပြန်ပါတယ်။ ရခိုင်အရေး ICC စုံစမ်းစစ်ဆေးခွင့်ပြုဖို့ အပါအဝင် တရားစီရင်ရေးလမ်းကြောင်းပေါ်က သွားမယ့်အနေအထားဖြစ်နေတဲ့အတွက် ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို လွတ်လပ်စွာဝင်ခွင့်ပေးသင့်သလို နိုင်ငံတကာဥပဒေပညာရှင် ကျွမ်းကျင်သူတွေနဲ့ စနစ်တကျတိုင်ပင် ဆွေးနွေး ပြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ မြန်မာအစိုးရအနေနဲ့ လိမ်မာပါးနပ်စွာကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ အကဲခတ်တွေက အကြံပြုကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ရခိုင်ပြည်နယ်အရေး အစီရင်ခံစာတွေကို ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံးကနေ ပြန်လည်သုံးသပ်ခဲ့ပြီး ပြီးခဲ့တဲ့၂၀၁၇ သြဂုတ်လ ကစပြီး မြန်မာနိုင်ငံကနေ ရိုဟင်ဂျာ ၆သိန်း ၇ သောင်းကျော်ကို မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ရည်ရွယ်ချက်ရှိရှိ နှင်ထုတ်ခဲ့တယ်ဆိုတာ တွေ့ခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICC ကနေ စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ICC ရှေ့နေချုပ် က ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒီလိုမျိုး ICC က စုံစမ်းစစ်ဆေးဖို့ လျှောက်ထားချက်နဲ့ပတ်သက်ပြီး ဒီကနေ့ ဧပြီလ ၁၃ရက်နေ့နေ့စွဲနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုံးကနေ မြန်မာနိုင်ငံဟာ Rome Statute ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ တနိုင်ငံမဟုတ်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေပြန်လည်လက်ခံရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း တုန့်ပြန်တဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ပြန်တဲ့ ICC အရေးကြေညာချက်နဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဖြစ်စဉ်တွေကို ငြင်းချက်ထုတ်နေရုံနဲ့မပြီးပဲ လိမ်မာပါးနပ်စွာကိုင်တွယ်ဖြေရှင်းသင့်ပြီလို့ မြန်မာ့အရေးလေ့လာအကဲခတ် ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပါတယ်။

" ဒီRome Statute ဆိုတဲ့စာချုပ်ကို မြန်မာက လက်မှတ်မထိုးထားဘူး မှန်တယ်။ အဲ့တာကို ကိုယ့်အပေါ် သက်ရောက်မှုမရှိဘူး သို့သော် အခုသူတို့ပြောထားတဲ့အကြောင်းက သူတို့အမြင်အရဆိုလို့ရှိရင် အတင်းအဓမ္မနှင်ထုတ်လိုက်တဲ့ လူခြောက်သိန်းကျော်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်သွားတယ်။ ဘင်္ဂလားဒေ့ရှ်က Rome Statute ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်တယ်။ အဲ့တာကြောင့်မို့လို့ ဒါကို စုံစမ်းပြီးတော့ တရားစီရင်မှာ။ ဒါကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သူ ချေပတာ နဲ့ သူဒီနေ့ ထုတ်ပြန်တဲ့ဟာက လွဲနေတယ်။ ဟိုဘက်က သေချာကို စဉ်းစားပြီးတော့ လုပ်တဲ့ကိစ္စ။ ဇစ်မြစ်အနေနဲ့ ဘယ်က ရောက်လာလဲဆိုတဲ့နိုင်ငံကရော တာဝန်မရှိဘူးလား။ ထည့်စဉ်းစားရမယ်လေ။ ဟာ ကျနော်တို့က Rome Statute ထဲ မပါတဲ့အတွက် မဆိုင်ဘူး အဲ့လိုသွားလုပ်လို့မရဘူး။ Sophistication ရှိရမယ်။ လိမ်မာပါးနပ်ပြီးတော့ ဒီကမ္ဘာ့အဖွဲ့အစည်းတွေ ဘယ်လိုလည်ပတ်လဲဆိုတာ သူတို့သိဖို့လိုနေတယ်။ ဒီဟာက သမိုင်းဝင်တဲ့ကိစ္စဖြစ်နေတယ်နော်။ မြန်မာပြည် လွတ်လပ်ရေးရလာတာ နှစ်ပေါင်း ၇၀ ကျော်ပြီ။ တခါမှ တို့တွေ ICC နဲ့ မငြိဘူးဖူး။ အခုက ဖြစ်နေပြီ။ ကိုယ်က တရားခံဖြစ်နေပြီ။"

မြန်မာနိုင်ငံအပေါ် ICC ရဲ့ တရားရေးစီရင်ပိုင်ခွင့် တိုက်ရိုက်သက်ရောက်မှုမရှိနိုင်ပေမဲ့လို့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူ ပညာရှင်တွေနဲ့ စနစ်တကျ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ အာရှလူ့အခွင့်အရေးကောင်စီ AHRC က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက အကြံပြုပါတယ်။

"အမှန်ကတော့ ကျနော်တို့ မြန်မာနိုင်ငံက Rome Statute ထဲမှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံထဲမှာ မပါဘူး။ နောက်ပြီးတော့ ကုလသမဂ္ဂအဖွဲ့ကနေပြီးတော့ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားများနဲ့ နိုင်ငံသားအခွင့်အရေးဆိုင်ရာစာချုပ်မှာလည်း လက်မှတ်ရေးထိုးထားတာ မရှိဘူး။ အဲ့ဒီ့စာချုပ်နှစ်ခုမှာ လက်မှတ်ရေးထိုးထားတာ မရှိတဲ့အတွက် ICC ကနေ ကျနော်တို့ မြန်မာနိုင်ငံအပေါ်မှာ အရေးယူဆောင်ရွက်မယ်ဆိုတဲ့ကိစ္စက လွန်စွာမှပင် ဖြစ်နိုင်ခြေ နည်းတဲ့ကိစ္စဖြစ်တယ်။ သို့သော်လည်းပဲ ဘင်္ဂလားဒေ့ရှ်က Rome Statute မှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ဒီကိစ္စက စွဲဆိုနိုင်တဲ့ကိစ္စလားလို့ ကျနော်တို့ တဘက်က ပြန်ကြည့်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအပေါ်မှာ ကျူးလွန်တဲ့အပြစ်မှုမျိုးဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ စွဲဆိုနိုင်မယ့်အခွင့်အရေးကို တောင်းဆိုနိုင်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတကာဥပဒေတွေနဲ့ပတ်သက်လာရင် အလေးထားပြီးတော့ ကာကွယ်စီမံဆောင်ရွက်ဖို့ တော့ လိုတယ်။ ဒီနိုင်ငံတကာဥပဒေတွေနဲ့ ပတ်သက်လာလို့ရှိရင် တတ်ကျွမ်းနားလည်တဲ့သူတွေရဲ့ အကူညီတွေနဲ့ အကြံညဏ်တွေ ယူပြီးတော့ ခုခံချေပဖို့ လိုတယ်ပေါ့။ ICC ရဲ့ အဖွဲ့ဝင်နိုင်ငံ မဖြစ်တဲ့အတွက် ကျနော်တို့က စိုးရိမ်စရာတော့ မရှိဘူးပေါ့။ သို့သော်လည်းပဲ နိုင်ငံတကာ ဖိအားကို ရင်ဆိုင်ဖို့အတွက် နိုင်ငံတကာ ဥပဒေ တတ်ကျွမ်းနားလည်တဲ့သူတွေရဲ့ အကူညီနဲ့ အကြံညဏ်ကိုတော့ ယူပြီးတော့ ဆောင်ရွက်သင့်တယ်လို့ပဲ ကျနော်တို့ကတော့ အကြံပြုချင်ပါတယ်။"

အခုလို ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ICCလို တရားခုံရုံးတွေဘက်က စုံစမ်းစစ်ဆေးဖို့ လျှောက်ထားချက်တွေအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ဖိအားတွေကို ရင်ဆိုင်နေရချိန်မှာ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ နိုင်ငံတကာသတင်းမီဒီယာတွေကို မြေပြင်အထိ လွတ်လွတ်လပ်လပ် ကွင်းဆင်းလေ့လာမှုတွေကို ခွင့်ပြုသင့်သလို အပြုသဘောဆောင်တဲ့ ချှုဉ်းကပ်မှုတွေနဲ့ ပုူးပေါင်းဆောင်ရွက်သင့်ပြီလို့လည်း ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

" ကျနော့်အနေနဲ့ ပြောမယ်ဆိုရင် အစောကြီးကတည်းက ကုလသမဂ္ဂက လွှတ်မယ့်အဖွဲ့တွေနဲ့ ဒေါ်စုအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သင့်တယ်။ အဲ့လိုမျိုး ဗြောင်ကြီးပဲ သူ့အနေနဲ့ ငြင်းနေတဲ့အတွက် တဆင့် တဆင့်ပြီး တဆင့် တိုးလာတာ။ UN Security Council တို့ Fact-finding missions တို့ လာမယ်ဆိုကတည်းက လက်သင့်ခံသင့်တယ်လို့ပြောတယ်။ Special Rapporteur လက်ခံသင့်တယ်။ မြန်မာပြည်က ဘူးခံနေတယ်။ နည်းနည်းလေးတော့ အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့-Sophistication ပေါ့လေနော် ပါးနပ်မှုရှိရမယ် လိမ်မာပါးနပ်မှု လိုတယ်။ အဲ့တာက တော်တော်လေးကို နေပြည်တော်မှာ လစ်ဟင်းနေတယ်။"

ရခိုင်မြောက်ပိုင်းက သိန်းချီတဲ့ဒုက္ခသည်တွေ ထွက်ပြေးလာတဲ့အရေးကတော့ Rome Statute ကိုလက်မှတ်ရေးထိုးထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ လက်မှတ်ရေးထိုးမထားတဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော် ဖြစ်ပွါးတဲ့ အခြေအနေဖြစ်နေတဲ့ အတွက် ICC ခုံရုံးရဲ့ စစ်ဆေးပိုင်ခွင့် တောင်းခံခြင်းဟာ Rome Statute စာချုပ်နဲ့ ကိုက်ညီ အကြုံးဝင်ပြီး ICC ရဲ့ ဦးတည်ချက် ဖြစ်တဲ့ ဆိုးဝါးတဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူနိုင်မှာ ဖြစ်လို့ ရှေ့နေချုပ်ဘက်က ရုံးတော်ကို လျှောက်ထားတာဖြစ်ကြောင်းနဲ့ Rome Statute ရဲ့ အက်ဥပဒေ ၇ (၁) ဃ အရ လူမျိုးစုကို အတင်းအဓမ္မ ရွှေ့ပြောင်းမှုကို ဟန့်တားထားတဲ့ ICC ရဲ့ ရာဇဝတ်မှု သတ်မှတ်ချက်တွေနဲ့ မြန်မာစစ်တပ်က ရိုဟင်ဂျာ လူဦးရေ ထက်ဝက်နီးပါးကို ရွာမီးရှို့၊ သေနတ်နဲ့ပစ်၊ အဓမ္မပြုကျင့်မှုတွေနဲ့ အတင်းအဓမ္မ နှင်ထုတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ကိုက်ညီနေကြောင်း ရှေ့နေချုပ်ရဲ့ လျှောက်ထားချက်မှာ ဖေါ်ပြပါရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG