သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU တပ်မဟာ(၅)ဒေသ လမ်းဖောက်လုပ်မှု မြန်မာစစ်တပ်ဆိုင်းငံ့ပေးမည်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဌ ဦးဆောင်တဲ့ KNU ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဌ ဦးဆောင်တဲ့ KNU ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဌ ဦးဆောင်တဲ့ KNU ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ရာမှာ၊ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ KNU တပ်မဟာ ၅ ဒေသမှာ မြန်မာစစ်တပ်ဖက်က လမ်းဖောက်လုပ်မှုကို ယာယီ ဆိုင်းငံ့ထားဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။ ဒေသတွင်း အပြန်အလှန် ပစ်ခတ်မှုတွေ ထပ်မဖြစ်စေဖို့ နှစ်ဖက်အောက်ခြေတပ်တွေ ဆက်ပြီးညှိနှိုင်း သွားကြဖို့လည်းရှိတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့လုပ်တဲ့ ဒီကနေ့ အစည်းအဝေးနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းရာမှာ ပဒိုစောကွယ်ထူးဝင်းက အခုလို စတင်ရှင်းပြခဲ့တာပါ။

ပဒိုစောကွယ်ထူးဝင်း။ ။ တွေ့တဲ့ အဓိက အကြောင်းရင်းက တလောတုန်းက ဒီတပ်မဟာ(၅) ဖာပွန်ခရိုင်မှာဖြစ်သွားတဲ့ လမ်းဖောက်လုပ်မှုကနေပြီးတော့ ပစ်ခတ် တိုက်ခိုက်မှုဖြစ်လာတဲ့အပေါ် နားလည်မှု မလွဲဖို့အတွက် ကျနော်တို့ ရည်ရွယ်ချက်နဲ့ လာရောက်တွေ့ဆုံခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ကျနော်တို့ တင်ပြတာကတော့ လူထုကလည်း စိုးရိမ်ပူပင်မှုဖြစ်တယ် ကျနော်တို့ဘက်ကလည်း တပ်မတော်ကနေ တစုံတရာ လမ်းဖောက်ပြီးပြုလုပ်ဆောင်ရွက်မလားဆိုတဲ့ စိုးရိမ်မှုအပေါ်မှာ ဒါကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် မထိခိုက်ဖို့ အတွက် လက်ရှိမှာ လမ်းဖောက်လုပ်ရေးကို ရပ်ဆိုင်းဖို့အတွက် ကျနော်တို့ တင်ပြဆွေးနွေးခဲ့တယ်။ တပ်မတော်ကလည်း ဒီလမ်းဖောက်လုပ်ခြင်းဟာ စစ်ရေးအတွက်ပြင်ဆင်တာမဟုတ်ဘူး ဒီပြည်သူလူထုရဲ့ သွားရေးလာရေး လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်ဖို့အတွက် လူထုအတွက် အသုံးချဖို့အတွက်ဖြစ်တယ်။ သို့သော်လည်းပဲ စိုးရိမ်မှုကြောင့်ထွက်ပြေးနေတဲ့ လူထုတွေအတွက် ဘဝတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် လမ်းဖောက်လုပ်မှုကို ယာယီရပ်ဆိုင်းထားမယ်လို့ သဘောထားရှိတဲ့အပေါ်မှာ ဆုံးဖြတ်ချက်ကို ကျနော်တို့ ရခဲ့ပါတယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲ့ဒီ့တော့ လက်ရှိ တပ်မဟာ(၅)မှာ ရှိတဲ့ လမ်းဖောက်လုပ်မှုကို တပ်မတော်ဘက်က ယာယီရပ်ဆိုင်းထားမယ်ဆိုတဲ့ သဘောတူညီချက်ကို ရခဲ့တာပေါ့နော်။ တခြားရလဒ် သဘောတူညီချက်တွေရော ဘာတွေ ရခဲ့ပါသလဲခင်ဗျ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့။

ပဒိုစောကွယ်ထူးဝင်း။ ။ အဓိက တွေ့ဆုံမှုကတော့ ဒီပြဿနာကြောင့် ဒီအခက်အခဲတွေကြောင့် ရရှိထားတဲ့ ယုံကြည်မှု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်တဲ့နေရာမှာ မထိခိုက်ဖို့ ဒါတွေကို အဓိကထားရှိပြီး တွေ့တာဖြစ်ပါတယ်။

ကိုသားညွန့်ဦး။ ။ ဘယ်လောက် အချိန်ကြာကြာတွေ့ဖြစ်ကြပါသလဲခင်ဗျ။

ပဒိုစောကွယ်ထူးဝင်း။ ။ မွန်းလွဲ၂နာရီကနေပြီးတော့ ၅နာရီအထိ ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။

ကိုသားညွန့်ဦး။ ။ အချိန်က တော်တော်ကြာတာပဲ အဲ့ဒီ့တော့ တပ်မဟာ(၅)ကိစ္စအပြင် တခြားကိစ္စတွေရော ဆွေးနွေးဖြစ်ပါသလားခင်ဗျ။

ပဒိုစောကွယ်ထူးဝင်း။ ။ ကျနော်တို့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ဘယ်လိုအောင်အောင်မြင်မြင် တည်ဆောက်မလဲဆိုတာ အမြင်သဘောထား ဖလှယ်တဲ့သဘောလည်းပါပါတယ်။

ကိုသားညွန့်ဦး။ ။ ပင်လုံညီလာခံပြန်ခေါ်ရေးကိစ္စကလည်း ကြန့်ကြာနေတဲ့ သဘောရှိတဲ့အခါကျတော့ အဲ့ကိစ္စတွေရော ပြောဖြစ်ပါလားခင်ဗျ။

ပဒိုစောကွယ်ထူးဝင်း။ ။ နိုင်ငံရေးမှာကျတော့ ကျနော်တို့ တပ်မတော်နဲ့ဆွေးနွေးတဲ့ အချိန်မှာတော့-မပါဘူး သို့သော်လည်းပဲ ဒီငြိမ်းချမ်းရေးကို တပ်မတော်ဘက်ကလည်း ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို တည်ဆောက်မယ်ဆိုတာတော့ တပ်မတော်ဘက်က အတိအလင်းပြောကြားထားတယ်။ နိုင်ငံရေးဆွေးနွေးပွဲ လိုအပ်တယ်ဆိုတာကိုလည်း ပြောတယ်။ ပင်လုံညီလာခံပြန်ခေါ်ဖို့အတွက်ကတော့ သူတို့ကတော့ တိုက်တွန်းသွားမယ် ဆိုတာတော့ ဆွေးနွေးသွားတယ်။

ကိုသားညွန့်ဦး။ ။ မြန်မာနိုင်ငံ တခြားနေရာတွေမှာဖြစ်နေတဲ့ကိစ္စတွေရော ဆွေးနွေးဖြစ်ပါလားခင်ဗျ။ ဥပမာ-ကချင်မှာ။ မူဆယ်မှာဖြစ်တဲ့ကိစ္စ။

ပဒိုစောကွယ်ထူးဝင်း။ ။ ကျနော်တို့ အဲ့တာတွေ မဆွေးနွေးဘူး။ အဓိကကတော့- ဒီတခြားမှာဖြစ်တဲ့ကိစ္စတွေကို ပြောလို့ရှိရင်လည်း ကျနော်တို့လည်း အရင်းမြစ် ပြဿနာကို မသိတော့ ကျနော်တို့လည်း မပြောနိုင်ဘူး။ ဒါပေမဲ့ အခု အများတကာပြောနေတဲ့ လူ့အခွင့်အရေးကိစ္စပေါ့လေ ပိတ်မိနေတဲ့ IDP ကိစ္စတော့ ပြောကြတာပေါ့နော်။ ကျနော်တို့မှာလည်း ရှိနေတာပဲ ကိုယ့်ဒုက္ခနဲ့ကိုယ်ပေါ့နော်။ စာနာမှုတော့ရှိပါတယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ ဒီကနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ ဗဒိုစောကွယ်ထူးဝင်း အနေနဲ့ ဘယ်လိုမြင် ပါသလဲ ကျေနပ်အားရမှုရှိပါသလား။

ပဒိုစောကွယ်ထူးဝင်း။ ။ ကျေနပ်ပါတယ်။ အထူးသဖြင့် ကျနော်တို့ အဓိက ရည်ရွယ်ချက် ကတော့- ဖာပွန်ခရိုင်မှာဖြစ်တဲ့ ပဋိပက္ခပေါ့လေ လက်နက်ကိုင်တပ်ပွဲတွေ အဖြစ်အပျက်တွေကို ဒီလိုရှောင်လွဲနိုင်ဖို့အတွက် ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် - ယုံကြည်မှုကတော့ ပျက်တာတော့မဟုတ်ဘူးပေါ့နော် ဒါပေမဲ့ ဒီကိစ္စတွေက ယုံကြည်မှု ထိတာဖြစ်တဲ့အတွက် ဒီလိုတပ်မတော်ဘက်ကလည်း ပြတ်ပြတ်သားသားဆုံးဖြတ်တဲ့အတွက် ကျနော်တို့ ယုံကြည်မှုက ပိုမိုတိုးပွားလာမယ်လို့ ပြည်သူတွေရဲ့စိုးရိမ်မှုကလည်း လျော့ပါးစေတဲ့အတွက် အားရမှုရှိပါတယ်။ တပ်မတော်ဘက်က နားလည်ပေးမှုအပေါ်မှာ ကျနော်တို့ အားရဝမ်းသာမိပါတယ်။

ကိုသားညွန့်ဦး။ ။KNU ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ရန်ကုန်ရောက်နေတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော သီးခြားတွေ့ဆုံဖို့ရှိပါသလားခင်ဗျ။

ပဒိုစောကွယ်ထူးဝင်း။ ။ အခုဒီတခေါက်မှာတော့ တွေ့ဆုံဖို့ အစီအစဉ်တော့ မရှိဘူး။ တွေ့ဖို့တော့ ကျနော်တို့ ရည်မှန်းထားတယ် ရည်ရွယ်ထားတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ KNU ခေါင်းဆောင်တွေတွေ့ဆုံကြတဲ့ ဒီကနေ့ အစည်းအဝေးနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကွယ်ထူးဝင်းကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG