သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆင်မြင့်ပညာဥပဒေရေးဆွဲမှု ကျောင်းသားသမဂ္ဂများ ပါဝင်ခွင့်ရမည်


၂၀၁၆ တုန်းက ပညာရေးဝန်ကြီးဌာနှင့်ကျောင်းသားများတွေ့ဆုံစဉ် (Nai Ko thu)
၂၀၁၆ တုန်းက ပညာရေးဝန်ကြီးဌာနှင့်ကျောင်းသားများတွေ့ဆုံစဉ် (Nai Ko thu)

အဆင့်မြင့်ပညာဥပဒေမူကြမ်းကို ပြန်လည်ရေးဆွဲတဲ့နေရာမှာ ကျောင်းသားသမဂ္ဂတွေပါဝင်ခွင့်ရရှိဖို့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေ၊ လွှတ်တော်ပညာရေးကော်မတီတွေနဲ့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေ မနေ့ကနာရီပေါင်းများစွာ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး ကျောင်းသားသမဂ္ဂတွေဘက်က တောင်းဆိုတဲ့အချက်(၃)ချက်ကို သဘောတူညီမှု ရခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေအချင်းအချင်း ဒီရက်ပိုင်းအတွင်းတွေ့ဆုံဆွေးနွေး သွားဖို့လည်းရှိနေပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် တင်ပြပေးထားပါတယ်။

ပညာရေးဝန်ကြီးဌာနကိုယ်စားလှယ်တွေနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေ အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းမှာ အတူတူပူးပေါင်းပြင်ဆင်ရေးဆွဲနိုင်ဖို့ နေပြည်တော် အဆင့်မြင့်ပညာဦးစီးဌာနမှာ မနေ့ကနာရီပေါင်းများစွာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကျောင်းသားသမဂ္ဂတွေပါဝင်ရေးဆွဲခွင့်ရဖို့ အချက်၃ချက်နဲ့ သဘောတူညီမှုရခဲ့တာဖြစ်လို့ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂ ၇၈ဖွဲ့ ဒီရက်ပိုင်းအတွင်း သီးသန့်တွေ့ဆုံပြီး မူကြမ်းပြင်ဆင် ရေးဆွဲရေးအတွက် အကြိုညှိနှိုင်း တိုင်ပင်သွားဖို့ရှိနေတယ်လို့ ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ မန္တလေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုကျော်ဝင်းစိန်က ပြောပါတယ်။

“အဲဒီမူကြမ်းက အရင်အစိုးရလက်ထက်မှာရေးဆွဲထားတဲ့ မူကြမ်းအဟောင်းလို့ပြောတယ်။ ဒါကိုကျွန်တော်တို့ကပြန်ပြီးပြင်ရ မှာပေါ့နော်။ပြန်ပြီးပြင်ရမယ်ဆိုတာထက် ပါဝင်ရေးဆွဲခွင့်ရမယ်ပေါ့။ ရေးဆွဲခွင့်ရမယ်ဆိုတာ သူတို့အနေနဲ့ ဒီမူကြမ်းအဟောင်း ကိုပြင်ဖို့လိုတယ် သူတို့ကိုယ်တိုင်လည်းဝန်ခံတယ်။ ဒီမိုကရေစီစံနှုန်းပြည့်မီဖို့ ဒီမူကြမ်းအဟောင်းကိုပြင်ဖို့လိုတယ်။ အဲဒီအတွက် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရမယ်ပြောတယ်။ ဒါကလည်းစာရွက်အရသာခွင့်ပြုတာပေါ့။ ဒါကိုအကောင်အထည်ဖော် မဖော်တို့က လက်တွေ့စောင့်ကြည့်ရမှာပေါ့။ ဘယ်အချက်တွေပြင်မယ် မပြင်ဘူးဆိုတာက ကျောင်းသားတွေနဲ့ထပ်ပြီးတော့မှ ဆုံးဖြတ်ရမှာဖြစ်တယ်။ လေးရက်နေ့နဲ့ ငါးရက်နေ့မှာ ကျွန်တော်တို့အစည်းအဝေးရှိတယ်။ မြန်မာနိုင်ငံတဝန်းကကျောင်းသားသမဂ္ဂတွေ မျက်နှာစုံညီအစည်းအဝေး အဲဒီအစည်းအဝေးမှာ ဆွေးနွေးကြမှာပေါ့။”

မနေ့ကနေပြည်တော်တွေ့ဆုံပွဲမှာ သဘောတူညီမှုရခဲ့တဲ့အချက်သုံးချက်လုံးမှာ အဆင့်မြင့်ပညာ ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲရင် နိုင်ငံတဝန်းလုံးမှာရှိတဲ့ ကျောင်းသားတွေကရွေးချယ်လိုက်တဲ့ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ ပညာရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေ အားလုံးပါဝင်ရေးဆွဲနိုင်ဖို့ကိုအဓိကရည်ရွယ်ထားတာပါ။ အဲဒီအချက်သုံးချက်ပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စတွေကို လာမယ့်၄ရက်နဲ့၅ရက်မှာ ကျောင်းသားသမဂ္ဂတွေ မျက်နှာစုံညီဆွေးနွေး သွားမယ်လို့ နေပြည်တော်ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌ ကိုနန်းလင်းကပြောပါတယ်။

“ပြီးတဲ့အခါမှာ ကျွန်တော်ထင်ပါတယ် လုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီး ဆက်လက်ပြီး ဦးဆောင်မယ့်ပုဂ္ဂိုလ်တွေ အဖွဲ့တွေလည်း ပေါ်ပေါက်သွားနိုင်တာပေါ့နော်။ဒါကတော့ သန်ဘက်ခါဆွေးနွေးကြမယ့် ကိုယ်စားလှယ်များရဲ့ဆုံဖြတ်ချက်နဲ့ သက်ဆိုင်တာ ပေါ့။ ကျောင်းသားတွေရဲ့ပါဝင်မှုက အင်မတန်အရေးကြီးတယ် capacity ကလည်းအရေးကြီးတယ် မနေ့ကဝန်ကြီးဌာနနဲ့ တွေ့တဲ့ဆွေးနွေးပွဲမှာ ကျောင်းသားတွေရဲ့ capacity ဖြည့်ဖို့အတွက် ဆွေးနွေးပွဲတွေလုပ်ပေးဖို့ဆိုတဲ့ အချက်ပါပါတယ်။”

လက်ရှိအဆင့်မြင့် ပညာရေးဥပဒေမူကြမ်းမှာ ဗဟိုချုပ်ကိုင်မှုများပြီး ကျောင်းသားနဲ့ ဆရာ၊ ဆရာမ ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခွင့်မရခဲ့သလို အမျိုးသားပညာရေးဥပဒေကို ကျော်လွန်ရေးဆွဲထားတဲ့အတွက် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေက ပြန်လည်ရေးဆွဲရေးမှာ ပါဝင်နိုင်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG