သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Khashoggi အသတ်ခံရမှု ဆိုးဝါးတဲ့အမှားဖြစ်ကြောင်း ဆော်ဒီပြော


တူရကီနိုင်ငံ Istanbul မြို့က ဆော်ဒီကောင်စစ်ရုံးအတွင်း သတင်းထောက် Jamal Khashoggi အသတ်ခံရတာဟာ သိပ်ကြီးမားပြီး ဆိုးဝါးတဲ့ အမှားတခု ဖြစ်ကြောင်း ဆော်ဒီအာရေဗျက ပြောဆိုလိုက်ပြီး ဒီပြစ်မှု ကျူးလွန်သူတွေကို အပြစ်ပေးမှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

ဆော်ဒီအာဏာပိုင်တွေ မသိဘဲ ဆော်ဒီထောက်လှမ်းရေးတွေက ဒီကိစ္စကို ကျူးလွန်ခဲ့တာ ဖြစ်ပြီး ဒါဟာ ဆိုးဝါးတဲ့ လုပ်ဆောင်မှု တခု ဖြစ်ကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Adel al-Jubeir က တနင်္ဂနွေနေ့ Fox သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

သတင်းထောက် Khashoggi ရဲ့ ကျန်ရစ်သူ မိသားစုအတွက် ဝမ်းနည်းကြေကွဲကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သတင်းထောက် Khashoggi ဘယ်လိုသေဆုံးခဲ့ရတယ်၊ သူ့ရဲ့ ရုပ်အလောင်း ဘယ်မှာရှိတယ်၊ ဒီကိစ္စမှာ ဆော်ဒီအာရေဗျက အာဏာရှင် ဖြစ်တဲ့ အိမ်ရှေ့မင်းသား Mohammed bin Salman ပါဝင်ပတ်သက်မှု ရှိမရှိ ဆိုတဲ့ အချက်အလက်တွေကိုတော့ ပြောမသွားပါဘူး။

အခုလို သတ်ဖြတ်မှုဟာ ကြီးမားတဲ့ အမှား တခုဖြစ်တာ သိသာသလို ဒီအမှားအတွက် ပိုဆိုးစေတာက ဒါကို ဖုံးကွယ်ဖို့ ကြိုးစားကြတာ ဖြစ်ကြောင်း နဲ့ ဒီကိစ္စကို ဘယ်အစိုးရကမှ လက်သင့်ခံမှာ မဟုတ်ဖူးလို့လည်း ဝန်ကြီး al-Jubeir ကပြောပါတယ်။

အသက် ၅၉ နှစ်အရွယ် သတင်းထောက် Khashoggi ဟာ အောက်တိုဘာလ ၂ ရက်နေ့တုန်းက ကောင်စစ်ရုံးထဲမှာ ရန်ဖြစ်ရာကနေ သေဆုံးသွားခဲ့တာ ဖြစ်ကြောင်း စနေနေ့က ဆော်ဒီအာရေဗျဖက်က ပြောကြားခဲ့တာအတွက် ဒါဟာ မရိုးသားကြောင်းနဲ့ လိမ်လည်နေတာ ဖြစ်ကြောင်း အမေရိကန် သမ္မတ Donald Trump အပါအဝင် နိုင်ငံတကာက မကျေမနပ်နဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာကြတာ ဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံခြားရေး ဝန်ကြီးကတော့ ကျူးလွန်သူကို အပြစ်ပေး အရေးယူမှာ ဖြစ်ကြောင်းပြောပါတယ်။ သတင်းထောက် Khashoggi သေဆုံးမှုနဲ့ ဆက်နွယ်နေသူ အရာရှိ ၅ ဦးကို အလုပ်ဖြုတ်ခဲ့ပြီး ၁၈ ဦးကို ဖမ်းဆီးထားကြောင်းလည်း ဆော်ဒီအာရေဗျက ပြောပါတယ်။

Khashoggi အသတ်ခံရမှု ဆိုးဝါးတဲ့အမှားဖြစ်ကြောင်း ဆော်ဒီပြော
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG