သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေလွတ်မြေရိုင်းဥပဒေ တိုင်းရင်းသားဒေသခံတွေ ထိခိုက်ဖွယ်ရှိ


စစ်ဘေးရှောင်စခန်းမှ ကချင်ဒုက္ခသည်များ
စစ်ဘေးရှောင်စခန်းမှ ကချင်ဒုက္ခသည်များ

ပြည်တွင်းစစ်ကြောင့်နေရပ်စွန့်ခွာနေရတဲ့သူတွေ၊ ပြည်ပထွက်ပြီးအလုပ်လုပ်နေရတဲ့ တိုင်းရင်းသားဒေသကလူတွေအတွက် နေရပ်ပြန်လာဖို့ အာမခံချက်မရှိသေးဘဲ မြေလွတ်မြေရိုင်းဥပဒေကို အစိုးရကအကောင်အထည်ဖော်မယ်ဆိုရင် ပြဿနာ ပိုကြီးသွားနိုင်သလို ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး မေ ျှာ်မှန်းချက်ကို ထိခိုက်နိုင်တယ်လို့ မြေယာပြဿနာဆိုင်ရာ လှုပ်ရှား ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဒါ့အပြင် ဖိနှိပ်မှုတွေလည်းဖြစ်လာနိုင်လို့ ဒီဥပဒေကိုဖျက်သိမ်းပေးဖို့ထိ တိုင်းရင်းသားဒေသတွေ မှာ တောင်းဆိုနေပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပေးပို့ထားပါတယ်။

ပြည်ထောင်စုလွှတ်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ မြေကိုအသုံးချမယ်ဆိုရင် ဥပဒေပုဒ်မ ၂၇ (က)အရ ၂နှစ်ထက်မပိုတဲ့ထောင်ဒဏ်နဲ့ ဒဏ်ငွေငါးသိန်း ချမှတ်နိုင်တယ်ဆိုပြီး ကော်မတီက အခုနှစ်အောက်တိုဘာ ၃၀ မှာ ထုတ်ပြန်ထားတာပါ။ မြေလွတ်မြေရိုင်းကိုမှတ်ပုံမတင်ဘူးဆိုရင် တိုင်းရင်းသားဒေသခံအများစုရဲ့ စိုက်ပျိုးမြေအတော်များများကို လက်လွတ် ဆုံးရှုံးရမယ့်အနေအထားဖြစ်နေပြီး မြေသိမ်းခံရမယ့် အခြေအနေကို ဦးတည်နေတယ်လို့ ဖက်ဒရယ်တိုင်းရင်းသား တောင်သူလယ်သမားများ ကွန်ရက်က ပြောပါတယ်။ တိုင်းရင်းသားဒေသတွေမှာ အာမခံချက်ရှိတဲ့ နိုင်ငံရေးပြောင်းလဲမှုတွေရှိလာမှ မြေလွတ်မြေရိုင်းနဲ့ ပတ်သတ်တဲ့ ဥပဒေကိုထုတ်ပြန်သင့်တယ်လို့ အဲဒီကွန်ရက်ရဲ့ တာဝန်ရှိသူ ဦးအောင်လတ်ကပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်တွေဟာ စစ်ဘေးရှောင်တွေ နိုင်ငံခြားရောက်နေတာတွေရှိတယ်။ ပြည်တွင်းမှာလည်းရှိတယ်။ အခုနေရပ်ကိုပြန်လို့ရှိရင် မြေလွတ်မြေရိုင်းနဲ့ မိမိနေရာမှာက အဆင်မပြေတာတွေရှိတယ်။ လွတ်လပ်စွာသူတို့ပြန်နိုင်တဲ့၊ နေရာချထားပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့မြေလွတ်မြေရိုင်းရဲ့ ပြဿနာကို ဥပဒေထုတ်တာတို့ အသစ်ပြင်ဆင်တာတို့ လုပ်မှသာ ကျွန်တော်တို့အတွက် အကျိုးရှိစေမယ်လို့ မြင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသား ဒေသမှာတွေက မြေလွတ်မြေရိုင်း ဆိုတာက မရှိဘူး။ ဒါကိုလျှောက်လိုက်လို့ရှိရင် ကျွန်တော်တို့အတွက် မြေကိုနောက်တစ်ခါပြန်သိမ်းတဲ့ ကိစ္စရပ်မျိုးဖြစ်လာမှာ ဒါကတော့ သေချာတယ်။ တစ်ဘက်ကကြည့်ရင် ပိုင်ဆိုင်မှုကိုအားပေးတယ် အားပေးသလိုဖြစ်ပေမဲ့လည်း တစ်ဘက်ကကြည့်ရင်တော့ ကျွန်တော်တို့ တောင်သူတွေအတွက်ဒါ အကျပ်အတည်းသက်ရောက်စေတယ်။ ပြဿနာကို ပိုမိုကြီးထွားစေတယ်လို့ ကျွန်တော်တို့ကအဲဒီလိုခံယူတယ်”

မြေလွတ်မြေရိုင်းလို့သတ်မှတ်ထားတဲ့ မြေဧကစုစုပေါင်း ၄၅ သန်းကျော်ရှိတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းကို ကိုးကားပြီး ဒို့မြေကွန်ရက်ရဲ့ အတွင်းရေးမှူး ဦးစည်သူက ဗွီအိုအေကိုပြောပါတယ်။ အဲဒီမြေပေါ်မှာအမှီပြုနေတဲ့ တိုင်းရင်းသားတွေ ကိုအကာအကွယ် ပေးဖို့လိုအပ်ပြီး ဖက်ဒရယ်စနစ်အောက်မှာပဲ မြေယာဥပဒေတွေပေါ်ပေါက်ဖို့လိုလားကြောင်း ဦးစည်သူက ပြောပါတယ်။

“မြေလွတ်မြေရိုင်းလို့သတ်မှတ်လိုက်တာနဲ့ ဘာဖြစ်သွားပြီလဲဆိုတော့ အဲဒီမှာရှိတဲ့ ကျွန်တော်တို့ ရိုးရာဓလေ့နဲ့စီမံနေတဲ့ဟာတွေ၊ သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေ အကုန်လုံးပျက်စီးသွားမှာ။ စိုက်ပျိုးထားခြင်းမရှိပေမဲ့ ယဉ်ကျေးမှုအရ အားလုံးနဲ့သက်ဆိုင်တဲ့ မြေလိုမျိုးတွေ ပြောရရင်တော့ ဖက်ဒရယ်ဆိုတဲ့ဟာကြီးက အိပ်မက်ပဲဖြစ်သွားမှာ။ မြေလွတ်မြေရိုင်းဆိုတာရော တကယ်ရှိသလားဆိုတော့ တိုင်းရင်းသားဒေသတော်တော်များများကတော့ နှစ်ပေါင်းများစွာအော်လာတာ လုံးဝမရှိဘူးဆိုတာက တောက်လျှောက် ရပ်တည်ပြီအော်လာတယ်။”

စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့ဲတဲ့ အရင်ကာလတွေက အမိန့်ညွှန်ကြားချက်နဲ့ မြေလွတ်မြေရိုင်းကိစ္စကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး အဲဒါကိုပဲ၂၀၁၂မှာဥပဒေအနေနဲ့ပြဋ္ဌာန်းခဲ့တာပါ။ ပြစ်ဒဏ်သတ်မှတ်ချက်တွေပါဝင်တဲ့ ပြင်ဆင်ထားတဲ့ဥပဒေကိုတော့ NLD အစိုးရလက်ထက် ၂၀၁၈ စက်တင်ဘာ၁၁မှာပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ အဲဒီ ပြင်ဆင်ထားတဲ့ဥပဒေအရဆိုရင် မိမိလုပ်ကိုင်နေတဲ့ မြေလွတ်၊ မြေရိုင်းကိုဆက်ပြီးလုပ်ကိုင်ခွင့်ရဖို့ ဥပဒေပြဋ္ဌာန်းတဲ့ရက်ကနေ ခြောက်လအတွင်း မြေနဲ့ပတ်သတ်တဲ့အချက်အလက်တွေကို တင်ပြရမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ပြီးဆုံးမယ့် သတ်မှတ်ကာလအတွင်း အချိန်မီ တင်ပြတာမျိုး မလုပ်ဘူးဆိုရင်တော့ ဥပဒေပါ ပြဌာန်းချက်တွေအတိုင်း ငွေဒဏ်၊ ထောင်ဒဏ်တွေ ချမှတ်ခံရမယ့် အလားအလာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG