သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဗွီအိုအေသတင်းထောက်ရဲ့ အင်းဒင်ကျေးရွာ အတွေ့အကြုံ


အင်းဒင်ကျေးရွာသားတွေအနေနဲ့ အခုအခါမှာ လုံခြုံမှုရှိတယ်လို့ ခံစားရတဲ့အကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မတူကွဲပြားတဲ့ လူမှုအဝန်းအဝိုင်းနှစ်ခုကြားမှာ ဟိုးအရင် နှစ်ပေါင်းများစွာကလို အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ဖို့ကတော့ မဖြစ်နိုင်တော့ဘူးလို့လည်း ဆိုပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေက အင်းဒင်ရွာအနီးမှာ မွတ်ဆလင် ၁၀ ဦး အသတ်ခံရတဲ့ဖြစ်ရပ်ကိုပဲ သိရှိစိတ်ဝင်စားပြီး ကျန်တဲ့ဖြစ်ရပ်တွေကို သိတောင်မသိကြတဲ့အပေါ် မကျေနပ်တဲ့စကားကို လည်း ဆိုပါတယ်။ ဆိုးရွားတဲ့ဖြစ်ရပ်တွေနဲ့ ယှဉ်တွဲပြီး နိုင်ငံတကာသတင်းမီဒီယာတွေမှာ ထင်ရှားလာတဲ့ အင်းဒင်ကျေးရွာ ဒီကနေ့ ဘယ်အခြေအနေမှာ ရှိနေပါသလဲ။ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အင်းဒင်ရွာကို ဗွီအိုအေနဲ့ တခြားသတင်းမီဒီယာတွေရောက်ရှိ မေးမြန်းစဉ် (MOI)
အင်းဒင်ရွာကို ဗွီအိုအေနဲ့ တခြားသတင်းမီဒီယာတွေရောက်ရှိ မေးမြန်းစဉ် (MOI)

၂၀၁၇ ခုနှစ် သြဂုတ်လ မတိုင်ခင်ကဆိုရင် ရခိုင်ပြည်နယ်တွင်း တခြားနေရာတချို့မှာ ရုန်းရင်းဆန်ခတ် ပဋိပက္ခဖြစ်ရပ်တွေ ရှိခဲ့ တာတောင်မှ အင်းဒင်ရွာကို ရိုက်ခတ်မှုမရှိဘဲ တည်တည်ငြိမ်ငြိမ် ရှိခဲ့တာကြောင့် “အင်းဒင်ရွာကပေးတဲ့ ငြိမ်းချမ်းရေးသင်ခန်းစာ” ဆိုပြီး ပြည်တွင်းထုတ် မော်ကွန်းမဂ္ဂဇင်းမှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလက ဆောင်းပါးရှည်တပုဒ်နဲ့ တင်စား ရေးသား ဖော်ပြခံခဲ့ရ ဖူးပါတယ်။

မောင်းတောတမြို့လုံးနီးပါးမှာ ရခိုင်နဲ့မွတ်ဆလင် တဘက်နဲ့တဘက် တင်းမာနေတဲ့အချိန်မှာတောင် အင်းဒင်မှာက မွတ်ဆလင်နဲ့ ရခိုင်ကြား ညီအကိုလို နေခဲ့ကြတာလို့ အသက် ၃၂ နှစ်အရွယ် လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုကျော်စိုးမိုးက ပြောသလို အခြေအနေ ဘယ်လို ပြောင်းလဲသွားတယ်ဆိုတဲ့အပေါ် သူ့အဆိုကိုလည်း ကြားခဲ့ရပါတယ်။

"၂၀၁၇ ခုနှစ် ၃ လပိုင်းမှာ စပြီးတော့ သူတို့က ရခိုင်တွေကို မဌားတော့ဘူး ၊ အဆက်အသွယ်မလုပ်တော့ဘူး ဖြတ်တယ်။ လုပ်တဲ့သူတွေကိုလည်း သူတို့အချင်းချင်း သတ်တယ်။ နှိတ်စက်တယ် အဲဒီပုံစုံတွေ လုပ်လာတယ် ဒီ ၂၀၁၇ ခုနှစ် ၃ လပိုင်းမှာပေါ့။"

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ရွာသား ဦးမောင်နိန် အသတ်ခံရတဲ့ဖြစ်ရပ် နောက်ပိုင်းမှာတော့ အခြေအနေတွေက အဆိုး ဘက် ပိုပြီးပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအဖြစ် စက်တင်ဘာလ ၂ ရက်နေ့မှာ မွတ်ဆလင် ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရွာသားတချို့က သတ်ပစ်လိုက်ပြီးတော့ အစုအပြုံလိုက် မြေမြှုပ်တဲ့ဖြစ်ရပ်ဖြစ်ခဲ့ပြီး အဲဒီအကြောင်း ရိုက်တာ သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က စုံစမ်း ဖော်ထုတ်လိုက်တာကြောင့် အထင်ကရ ဖြစ်သွားတော့တာပါပဲ။

အိမ်ခြေ ၁၇၀ လောက်၊ လူဦးရေအားဖြင့် ၈၀၀ ကျော်ပဲရှိတဲ့ အင်းဒင်ရွာရဲ့ ပတ်ဝန်းကျင်မှာ လူဦးရေ ၅,၀၀၀ ကျော်ရှိတဲ့ မွတ်ဆလင်ကျေးရွာတွေ အရင်တုန်းက ရှိခဲ့ဖူးပါတယ်။ အခုတော့ အဲဒီရွာတွေ လုံးဝမရှိတော့ဘဲ အင်းဒင်ရွာတရွာပဲ ရှိပါတော့ တယ်။ ဒီအခြေအနေကိုက သူတို့အတွက် လုံခြုံမှုရှိတယ်လို့ ခံစားရတဲ့အကြောင်း ကိုကျော်စိုးမိုးက ပြောပါတယ်။

"လုံခြုံမှုကတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရင်တော့ ကုလားမရှိရင်လုံခြုံတာပဲ။ အရင်က ကုလားရှိတယ်ဆိုရင် ကြောက်နေရတယ် ဘင်္ဂါလီတွေရှိတဲ့အချိန်မှာ ကျနော်တို့ကို ဘယ်နေ့သတ်မလဲ ၊ ဘာဖြစ်မလဲ။ သူတို့မရှိတော့ဘူးဆိုရင် ကျနော်တို့ လုံခြုံသွားပြီ အဲလိုပဲ ခံယူတယ်။"

နိုင်ငံတကာ သတင်းမီဒီယာတွေက အင်းဒင်ရွာလေးကို ခုချိန်ထိ စိတ်ဝင်စားဆဲရှိပြီး မကြာခနလာပြီးတော့ မေးမြန်းတာတွေ ရှိနေ ဆဲဖြစ်ပြီးတော့ သူတို့ရဲ့စိတ်ဝင်စားမှုက ဖြစ်ရပ်တခုထဲပေါ်မှာပဲ ရှိနေတဲ့အပေါ် ရွာသူရွာသားတွေရင်ထဲမှာ ခံစားချက်ရှိနေတာကို ကိုကျော်စိုးမိုးပြောစကားက ထင်ဟပ်နေပါတယ်။

"လွန်ခဲ့တဲ့ လ ၂၇ ရက်နေ့က သတင်းမီဒီယာအဖွဲ့တွေလာတယ် ဒီကို။ လာတဲ့အချိန်မှာ အဲဒီအဖွဲ့က ကျနော်တို့ကို မေးတယ်၊ ကျနော်အင်းဒင်မှာ မရှိတော့ ကျနော်မသိဘူး။ မသိတဲ့အချိန်မှာ ကျနော်ထပ်ပြီး သူတို့ကို ပြန်မေးတယ်၊ အင်းဒင်မှာ အကြမ်းဖက် ဖြစ်စဉ်တုန်းက ဦးမောင်နိန် သေသွားတာ သိလား ။ ကျနော်တို့ကို အင်တာဗျူးတဲ့ မီဒီယာသမားတွေကိုယ်တိုင်က မသိဘူး။ ပြီးရင် ကျနော်ထပ်မေးတယ် မောင်တောမြောက်ပိုင်းမှာ ရဲဘော်ရ ရွာမှာ ဟိန္ဒူ ၁၀၀ ကျော်အသတ်ခံရတာရော သိလား လို့ မီဒီယာတွေကို ကျနော်ထပ်မေးတယ်။ အဲဒါလည်း မသိဘူး။ အဲဒါ ကျနော်တကယ်ဝမ်းနည်းတယ်လို့ ဒီဒေသလာပြီးတော့ ဒီဒေသမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို အကုန်လုံးသိရမှာ မီဒီယာဆိုတာက သိသင့်သိထိုက်တာတွေ။ အင်းဒင်မှာ ဦးမောင်နိန် အသတ်ခံတာတာ မသိရင်ထားလိုက်ပါ။ မောင်တောမြောက်ပိုင်းမှာ ဟိန္ဒူ ၁၀၀ ကျော်အသတ်ခံရတာတော့ သိသင့်တာပေါ့။"

တဘက်နဲ့တဘက် ရုန်းရင်းဆန်ခတ်အခြေအနေနဲ့ သတ်ဖြတ်တဲ့ဖြစ်ရပ်တွေ ဖြစ်ချိန်က ကိုကျော်စိုးမိုးဟာ ရွာမှာရှိနေတာမဟုတ် ဘဲ အဲဒီဖြစ်ရပ်တွေဖြစ်အပြီး တလကျော်လောက်မှာမှ ရွာကိုပြန်ရောက်လာတာဖြစ်ပြီးတော့ အုပ်ချုပ်ရေးမှူးဖြစ်တာလည်း ၁၀ လ လောက်ပဲရှိပါသေးတယ်။

ဗွီအိုအေအပါအဝင် သတင်းမီဒီယာသမားတွေက ကျန်တဲ့ကျေးရွာသားတွေကို မေးမြန်းဖို့ ကြိုးစားပေမဲ့လည်း ဖြေဆိုချင်သူမရှိဘဲ သူတို့တွေအားလုံးဟာ ရွာဘုန်းကြီးကျောင်းထဲမှာ စုဝေး ပုန်းအောင်းနေခဲ့ကြရတာကြောင့် ဖြစ်ပျက်သွားတာတွေကို မသိကြဘူး လို့ပဲ တုန့်ပြန်ပါတယ်။

အသတ်ခံရလို့ သေဆုံးသွားသူ ဦးမောင်နိန်ရဲ့ ဇနီးဖြစ်သူကဆိုရင် သတင်းမီဒီယာတွေက မေးမြန်းခွင့်ပန်ကြားတာကို တူးတူး ခါးခါး ငြင်းပယ်သလို ဓာတ်ပုံ ဗွီဒီယိုတွေလည်း လုံးဝ ရိုက်ခွင့်မပြုပါဘူး။ သူပြောတာကတော့ အရင့်အရင်က သူ အများကြီး ဖြေဆိုခဲ့ဖူးပေမဲ့လည်း ဘာမှ ထူးခြားမလာတာကြောင့်ပါတဲ့ … သူပြောတဲ့ ဘာမှထူးမလာဘူးဆိုတာက မွတ်ဆလင် ၁၀ ဦး အသတ်ခံရတဲ့ဖြစ်ရပ်မှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကျဉ်းကျနေသူ သူ့ရဲ့ သားကြီးနဲ့ သားလတ်တို့နှစ်ဦး ပြန်လွတ်မလာသေး တာကို ရည်ညွှန်းတာပါ။

ဒီလိုဒဏ်ရာတွေနဲ့ ခံစားနာကျင်နေတဲ့ အင်းဒင်ရွာလေး ဟိုးအရင်လို အေးအေးချမ်းချမ်းနဲ့ ယှဉ်တွဲနေထိုင်နိုင်တဲ့ အခြေအနေ ပြန် ရောက်နိုင်ပါဦးမလား … အုပ်ချုပ်ရေးမှူး ကိုကျော်စိုးမိုးကတော့ …

"ကျနော်တို့က ဘာမှ မလုပ်တဲ့ဟာကို သူတို့ကလာပြီး ရန်စရှာတဲ့ဟာကို ပြန်ပြီးတော့ သဟဇာတ ဖြစ်မယ်ဆိုတာ မလွယ်ပါဘူး။"

အင်းဒင်ရွာကို ဗွီအိုအေနဲ့ တခြားသတင်းမီဒီယာတွေ ရောက်တဲ့အချိန်မှာ ရွာသူရွာသားတွေဟာ သူတို့ရဲ့ နေ့တဓူဝဘဝကို ပုံမှန် ဖြတ်သန်းနေပြီး ကျောင်းသားကလေးငယ်တွေလည်း ကျောင်းတက်ဖို့ ပျော်ပျော်ရွှင်ရွှင်သွားနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG